ကံဆိုးသူ ဆရာဝန်
ဒီနေ့ night duty က သာယာချက်..
မနက် ၂ နာရီမှစ၍ အရေးပေါ်လူနာ မလာ။
ဘယ် ward မှ ဖုန်းမဆက် အဲ့တော့ အေးဆေးပေါ့။
မနက် ၆ နာရီ မှ ဖုန်းမည်လာသည်။
"အစ်မ ဆေးကုသဆောင်ကပါ" ဆေးကုသဆောင်ဆိုတာ ကိုယ်နေ့ခင်း တာဝန်ကျသည့်နေရာ။
"ပြောဘာဖြစ်တုန်း ဆရာမ"
" ဒီမှာ လူနာတစ်ယောက် သောင်းကျန်းနေလို့" "ဘယ်သူလဲ " "အရေးပေါ်ခန်းထဲက အဖျားနဲ့ ဆေးရုံတက်တဲ့ လူနာ အရက်ကြောင်ပြီး အခု တစ်ခန်းလုံး ပတ်ရမ်းနေတယ်" သွားပြီ။
ဒုတိယထပ်မှာ ရှိသော အဆောင်သို့ မည်သို့ရောက်သွားသည်ပင်မသိ။ ဖုတ်လိုက်ဖုတ်လိုက်နှင့် အသက်ပင်မရှူအား။ အရေးပေါ် အခန်းရှေ့ အရောက်မှာတော့ မြင်ကွင်းက မလှမပ။ ကုတင်ရှစ်လုံးရှိသည့် အရေးပေါ် အခန်း၏ အလယ်ကုတင်ပေါ်တွင် တစ်ဖက်က ovaltine... တစ်ဖက်က drip ပုလင်းကိုင်ပြီး ကုတင်ပေါ်မတ်တပ်ရပ်ကာ အော်ဟစ်နေသော လူနာ။
'ဘုရားရေ' အရေးပေါ် အခန်းထဲက လူနာတွေဟာ ထပြေးဖို့ မပြောနှင့်။ ကိုယ့်အသက်တောင်ကိုယ် မနဲရှူနေရတာ။ ခုတော့ကုတင်ပေါ်မှာ လုံလိုလုံငြား စောင်လေးတွေခြုံလို့။ အားကိုးရသည့် လူနာစောင့်များက အကုန်အခန်းပြင်မှာ။
"ဆရာမ ဆေးရုံမှာရှိသမျှ ဝန်ထမ်းတွေ အကုန်ခေါ် " မတတ်နိုင် လူအားဖြင့် ထိန်းရတော့မည်.. ရှိသည့်အလုပ်သမားက "အစ်မ အနားမကပ်နဲ့ " ဟုဆိုကာ တဖြေးဖြေးချင်း လူနာနား ကပ်သွားပြီး "ဟေ့ရောင် ငါ့ကို ပုလင်းပေး" ဟုဆိုသောအခါ ခွမ်းကနဲ မည်သံနှင့်အတူ drip ပုလင်းကို ရိုက်ခွဲလိုက်ရာ အကုန်ထွက်ပြေးရတော့သည်။
"ဘယ်ကောင်မှ ငါ့နားမကပ်နဲ့ ..ငါ့ကို အဘ ခိုင်းထားတာ.. အဘကပြောနေတယ် အားလုံးတိတ်တိတ်နေ"
ဆရာဝန်လဲ အချိုသာဆုံးပြုံးကာ "ဦးလေးဆရာမလေ...ဆရာမ..ဘာဖြစ်လို့ဘဲ...ကျွန်မဘာလုပ်ပေးရမလဲ " ဆရာမ ဆိုသောစကားကြောင့် အနည်းငယ်တွေဝေကာ ငြိမ်သက်သွားသည်။ ဒါကို အခွင့်ကောင်းယူကာ ဆရာဝန်မှာ တဖြေးဖြေး အနားကပ်ပြီး " ဦးလေး အဲ့ပုလင်းတွေပေးနော် " ဟုဆိုကာ ယူဖို့ ပြင်ချိန်မှာတော့ ဗုန်းကနဲ အသံနှင့်အတူ ခေါင်းအုံးနှင့် ပြစ်ပေါက်ခံလိုက်ရသည်။ 'ဘုရားဘုရား ခေါင်းအုံးမို့ တော်သေးတာပေါ့ '
သတ္တိမခေသော ဆရာဝန်လဲ အခန်းပြင်ပြေးထွက်ရတော့သည်။
လူနာကတော့ တတ်သမျှ မှတ်သမျှဆဲနည်းပေါင်းစုံ အော်ဆဲလျက်။
ထိုအချိန်တွင် ဆရာမလေးက "အစ်မ ဆရာဝန်ကြီးဖုန်းဆက်တယ် " ဟုဆိုသောကြောင့် "လူနာကို ကြည့်ထားဦးနော်"ဟုဆိုကာ ဆရာကြီးကို အကျိုးအကြောင်းရှင်းပြရသည်။ တခါတည်းပင် ဆေးရုံအုပ်ကြီး အကြောင်းကြား။ ရဲစခန်းဖုန်းဆက်ရတော့သည်။
ဖုန်းပြောလို့ပင်မပြီးသေး။ ဆရာမလေးပြေးလာကာ "အစ်မ...အစ်မ လူနာထွက်ပြေးပြီ " အလန့်တကြားနှင့် အခန်းပြင်ပြေးထွက်လာရာ ပုလင်းကွဲတစ်ဖက်...ovaltine တစ်ဖက်ကိုင်ထားသော လူနာနှင့် အပေါက်ဝမှာ တည့်တည့်တိုးလေသည်။ တစ်ယောက်မျက်နှာ တစ်ယောက် အူကြောင်ကြောင်ကြည့်ပြီးနောက် လူနာမှာ အဆောင်ပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။ ဆရာဝန်မှာ လူနာကို သွေးရူးတမ်းရူးနှင့် လိုက်ဆွဲသောကြောင့် ဆရာမလေးက အတင်းပြန်ဆွဲထားရသည်။ "အစ်မ သူ့လက်မှာ ပုလင်းကွဲနဲ့လေ"
လူနာပြေးထွက်သွားသည်က ခွဲစိတ်ဆောင်ဘက်...
"ဆရာမ ဖုန်းဆက် တဆေးရုံလုံးတံခါးပိတ် လူနာခန်းတွေ အကုန် တံခါးပိတ် "
ဒီဆရာဝန် ရင်ထဲ မီးတောက်နေပြီ။
တခုခုသာ ဖြစ်ခဲ့လျင် မိမိသည် တာဝန်အရှိဆုံးသူ။
လူနာနောက်သို့ အပြေးအလွှားလိုက်ကြသော်လည်း အရိပ်အရောင်ပင် မတွေ့တော့။ လူနာဆောင်အသီးသီးက တံခါးများပိတ်ကာ ချောင်းကြည့်နေကြသည်။ အဲ့ဒီ လူနာဘယ်ထွက်သွားလဲ။ တစ်ယောက်ခြင်းစီ လိုက်မေးမှ "အဲ့လူက ဟိုသစ်ပင်ကနေ ခိုပြီး အောက်ထပ်ဆင်းသွားပြီ" တဲ့။ ဘုရားရေ... ဝါးရင်းတုတ်သာသာ သစ်ပင်ကို ဘယ်လ ိုခိုဆင်းသွားပါလိမ့်။
တဖွဲ့လုံး အောက်ထပ်ပြေးလိုက်ရပြန်သည်..တစ်ဆေးရုံလုံးနှံ့သွားသော်လည်း လူနာရှာမတွေ့။
"ဆရာမ အဲ့ဒီတံခါး ကနေ တိုးထွက်ပြီး ခြံစည်းရိုးကျော်ထွက်သွားတယ်" လို့တစ်ယောက်က သတင်းပေးသည်။ မယုံနိုင်စရာ။
သူပြသည့် တံခါးက ၅နှစ်သားကလေးပင် တိုးထွက်ရန်မလွယ်။ ဒါကြောင့် စိတ်ဖောက်ပြန်နေသူတွေဟာ အားအလွန်ကြီးတယ်လို့ပြောတာကိုး။
အပြင်ထွက်သွားတယ် ? အဲ့ဒါမှ ပြဿနာ။ ဆေးရုံနားတွင် ဈေးရှိသည်။ ဒီအချိန်ဆို ဈေးမှာ ကျိတ်ကျိတ်တိုးစည် ကား။ ဘေးလူတွေကိုသာ အန္တရာယ်ပြုလျင် ဒုက္ခရောက်ပြီ။ ရဲစခန်းကို ချက်ချင်းဖုန်းဆက်ရသည်။ သူတို့က စိတ်မပူပါနဲ့ဆိုသော်လည်း ကိုယ့်မှာ ထိုင်မရ ထမရ။ နာရီဝက်ခန့်အကြာတွင် ရဲများခြံရံလျက် ဆိုက်ကားဖြင့်ကြွလာတော်မူသည်။ ပျော်လိုက်သည်မှာ ဆိုဖွယ်မရှိ။ ဆရာဝန်မှာ ပြေး၍ပင် ကြိုလိုက်သေးသည်။
လူနာကိုကြည့်လိုက်တော့ တကိုယ်လုံးသွေးချင်းချင်းနီလျက်။ မြင်ရက်စရာမရှိ။ အဆိုးဆုံးက လည်ပင်းတွင် လှီးထားသော ဒဏ်ရာ။ အသက်ရှူလိုက်တိုင်း လှုပ်စိလှုပ်စိဖြစ်နေသော လေပြွန် နှင့် တဒိတ်ဒိတ်ခုန်နေသော သွေးကြောတို့ကို အတိုင်းသားမြင်နေရသည်။
"ဘာတွေဖြစ်လာတာတုန်း " မေးတော့
ဈေးထဲမှာ ပုလင်းနှစ်လုံးကိုင်ကာ အုတ်ခဲများဝန်းရံပြီး မိန့်မိန့်ကြီးထိုင်နေသည်တဲ့။ ပြီးတော့ သူ့ကိုယ်သူ ပုလင်းကွဲအချွန်ဖြင့် စိတ်ကြိုက်မွှန်းနေသည်တဲ့။ ရဲများက ဝင်ဆွဲဖို့ ကြိုးစားရာ ရဲနှစ်ယောက် အုတ်ခဲစာမိပြီး ခေါင်းပေါက်သွားသည်။ အဲ့လောက် သွေးသံရဲရဲနှင့်လူနာကို ယောက်ျား လေးယောက် ချုပ်သော်လည်းမနိုင်၍ ကြိုးတုပ်ထားရသေးသည်။ လိုအပ်သောဆေးများ ထိုးအပြီးမှာတော့ ခုနက သူမဟုတ်သလို ငြိမ်သက်စွာ အိပ်ပျော်သွားလေတော့သည်။
"အော် အရက်ဟာ တကယ်ကို ရူးသွပ်စေနိုင်ပါလား "
ကိုယ့်အဆောင်က လူနာဆိုတော့ ဆရာဝန်မှာ ရေစက်မကုန်စွာ လူနာကို ဆက်လက်ကြည့်ဖို့တာဝန်ယူရသည်။
လူနာပြန်နိုးလာချိန်တွင်လည်း သောင်းကျန်းနေ၍ ရဲခေါ်ပြီး လက်ထိပ်ခပ်ထားရသည်။ မြင်သမျှလူ အော်ဟစ် ဆဲဆို၍ ဆေးမသောက်။ နောက်ဆုံး ဆေးမသောက်ရင် ဆေးထိုးမယ်ဆိုမှ မကျေမနပ်နှင့် ယူသောက်လေသည်။
တစ်ပတ်ခန့် ဒုက္ခခံပြီးမှ နဂို စိတ်အခြေအနေ ပြန်ရလာသည်။ နောက်ဆုံး နဂိုရောဂါ ရော အရက်ကြောင်တာပါ ပျောက်ကင်းသွားတော့ ပြန်ဖို့ပြင်လေပြီ။
ဆေးရုံက ဆင်းခါနီး "ဆရာမကို ဒုက္ခပေးတာ အများဆုံးလို့ အိမ်ကလူတွေက ပြောတယ်" ဟုဆိုကာ အတင်း ထိုင်ကန်တော့၍ ဆရာဝန်မှာ ထွက်ပြေးရသေးသည်။
မကန်တော့ပါနဲ့ ဦးလေးရယ် နောက်ထပ် ဆေးရုံထပ်မတက်ရင်ကို ဆရာမက ကျေးဇူးတင်ပါတယ်လို့...
Khin Cho















