/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/ကျန်းမာရေးအတွက်သင့်တော်သော-အစားအသောက်များက-ဦးနှောက်

ကျန်းမာရေးအတွက်သင့်တော်သော အစားအသောက်များက ဦးနှောက်၏စွမ်းဆောင်ရည်အပေါ် အကျိုးသက်ရောက်မှုရှိနေ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

        အစားအသောက်တွေရဲ့ ဦီးနှောက်စွမ်းရည်အပေါ်အကျိုးသက်ရောက်မှုကို သိရှိနိုင်ရန် အမေရိကန် သုတေသနပညာရှင်တွေဟာ အသက် ၅၅ နှစ်အရွယ် လူပေါင်း ၂၇,၈၆၀ ကို ငါးနှစ်တာမျှ စောင့်ကြည့်ကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ရောဂါဘယကင်းေ၀းသူတွေသာပါ၀င်တဲ့ ဒီသုတေသနမှာ ပါ၀င်သူတိုင်းရဲ့ အစားအသောက်များကို နေ့စဉ်မှတ်တမ်းတင်ပြီး ငါးနှစ်အကြာမှာ ၄င်းတို့ရဲ့ မှတ်ဉာဏ်နှင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို သိရှိနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။

        ထိုအခါမှာ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ချို့တဲ့မှုဟာ အာဟာရပြည့်၀အောင် စီမံထားသော အစားအသောက် များကို စားသုံးသူများတွင် အနည်းဆုံး ဖြစ်ပွားသည်ကို တွေ့ရှိခဲ့ရပါတယ်။ အာဟာရပြည့်၀စွာ စားသုံးသူများ၏ ၁၄% ခန့်သာ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှုကို ခံစားရပြီး မစားသုံးသူများတွင် ၁၈% ခန့် ခံစားရကြောင်း ကိုလည်း လေ့လာဖော်ပြခဲ့ပါတယ်။

         စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတိုင်းတာခြင်းတွင် အချိန်နှင့်နေရာများကို မှတ်သားခြင်း၊ စကားလုံးများ ကို ပြန်စဉ်းစားခြင်း၊ ဘာသာရပ်ဆိုင်ရာ စွမ်းဆောင်နိုင်မှု (ဘာသာစကားတက်ကျွမ်းမှု)၊ အာရုံစူးစိုက်နိုင်စွမ်းနှင့် တွက်ချက်နိုင်စွမ်း၊ အမြင်အကြားအာရုံ စွမ်းရည်တို့ပါ၀င်ပါတယ်။

         အဆိုပါ တွေ့ရှိချက်အရ အာဟာရပြည့်၀သော အစားအသောက်များ စားသုံးခြင်းဓလေ့ကို ငယ်ရွယ်စဉ် အချိန်ကတည်းက မွေးမြူထားပါက ဘ၀တစ်လျှောက်လုံးတွင် ကောင်းမွန်ကျန်းမာသော ဦးနှောက်စွမ်းရည်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရပြည့်၀ ကောင်းမွန်စွာ စားသောက်ခြင်းဖြင့် အစားအသောက်များမှာပါ၀င်တဲ့ ဗီတာမင်နှင့် အခြားအဖိုးတန်သော ဓာတ်ပစ္စည်း များ(ဥပမာ-ဗီတာမင် B အုပ်စုနှင့် ဗီတာမင် C) ဟာလူနာများကို လေဖြန်းခြင်းနှင့် ဗီတာမင်ချို့တဲ့မှုကြောင့် ဦးနှောက်ဆဲလ်များ လျှော့ပါးပျက်စီးလာခြင်းတို့မှ ကာကွယ်ပေးကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။

          ဒါ့ကြောင့် ကျန်းမာ၍ အာဟာရပြည့်၀စေသော အစားအစာများဖြစ်သည့် ပဲအမျိုးမျိုး၊ အနီရောင်အသားအနည်းငယ်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ၊ ငါးများကို နေ့စဉ်စားသောက် သင့်ပြီး ရေရှည်ခံအောင် ပြုပြင်ထားသော အစားအသောက်များ၊ အသင့်စား အစားအစာများ၊ အချိုရည်များကို တတ်နိုင်သမျှ လျှော့စားသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။

 

Dr. WSN

www.drmyanmar.com