/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/နေ့စဉ်စားသုံးတဲ့အစားအစာပုံစံက-အယ်လ်ဇိုင်းမားရောဂါကမဖြစ်အောင်

နေ့စဉ်စားသုံးတဲ့အစားအစာပုံစံက အယ်လ်ဇိုင်းမားရောဂါကမဖြစ်အောင် ကာကွယ်နိုင်ပါသလား

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          ကျွမ်းကျင်သူတွေက နေ့စဉ်စားသုံးတဲ့အစားအစာနဲ့ အယ်လ်ဇိုင်းမားရောဂါအကြား ဆက်သွယ်ချက်တွေကို လေ့လာနေကြပါတယ်။ ဒီရောဂါအစပိုင်းမှာ သာမာန်မေ့တတ်တာလောက်ကနေပြီးတော့ နောက်ပိုင်းရောဂါရင့်လာချိန်မှာတော့ မှတ်ဉာဏ်၊ ဘာသာစကား၊ တွေးတောနိုင်စွမ်း စတာတွေအားလုံးမှာ ပြဿနာရှိလာပြီးတော့ ဦးနှောက်လုပ်ငန်းစဉ်တွေအားလုံး ကမောက်ကမတွေဖြစ်ကုန်တဲ့အထိ ဖြစ်လာပါတယ်။

         ရောဂါအတွက် စမ်းသပ်မှုတွေသေချာလုပ်ကြပေမယ့် အခုအထိတော့ ဒီရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ ကုသနည်းတွေကို မတွေ့သေးပါဘူး။ ပညာရှင်တွေက ဒီရောဂါဟာ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ လူနေမှုပုံစံ စတဲ့အရာအားလုံးနဲ့ဆက်စပ်နေပြီး ရှုပ်ထွေးတယ်လို့ သုံးသပ်ကြပါတယ်။ လေ့လာမှုတွေတော့ ဆက်လက်လုပ်ဆောင်နေဆဲပါ။ ဆက်စပ်နေတဲ့အရာတစ်ခုကတော့ နေ့စဉ်စားသုံးတဲ့အစားအစာပါပဲ။ တိကျတဲ့သက်သေမတွေ့သေးပေမယ့် ဒီရောဂါနဲ့ဆက်သွယ်နေတဲ့ အစားအစာတွေကို သေချာလေ့လာစမ်းစစ်နေကြပါတယ်။ ဒီအစားအစာတွေကတော့ -

 

1. Omega-3 fatty acid နှင့် ဗီတာမင် B

         လေ့လာမှုအချို့မှာ omega-3 fatty acid ကြွယ်ဝတဲ့ငါးစားသုံးသူတွေမှာ အယ်ဇိုင်းမားရောဂါအဖြစ်နည်းတာကို တွေ့ရှိရပါတယ်။ လေ့လာမှုတွေတော့ ဆက်လုပ်ဖို့လိုသေးပါတယ်။ သွေးထဲမှာ homocysteine ဆိုတဲ့ဓာတ်များခြင်းက မေ့လျော့မှုကိုဖြစ်စေပါတယ်။ Folate, ဗီတာမင် B6 နဲ့ B12 တွေများများစားရင် homocysteine ကိုဖြိုခွဲနိုင်ပြီး အယ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်လားဆိုတာကို လေ့လာမှုလုပ်ခဲ့ကြပါတယ်။ vitamin B6 နဲ့ B12 ကအကျိုးသက်ရောက်မှုမရှိပေမယ့် folate ဆိုတဲ့ ဗီတာမင် B တစ်မျိုးစားသုံးမှုများသူတွေမှာ အယ်ဇိုင်းမားရောဂါအဖြစ်နည်းတာကို တွေ့ရှိခဲ့ပါတယ်။

2. အင်တီအောက်ဆီးဒင့်

         အယ်ဇိုင်းမားရောဂါရောဂါနဲ့ဆက်စပ်နေတဲ့နောက်တစ်မျိုးကတော့ free radicals တွေပါပဲ။ ဒီ free radicals တွေက ဆဲလ်တွေကို ကြီးရင့်ပျက်စီးစေပြီး ဆဲလ်တွေရဲ့ဖြစ်တည်မှုကို ပျက်စီးစေပါတယ်။ ဒီ free radicals တွေနဲ့ ထိတွေ့မှုနည်းအောင်ကာကွယ်နိုင်တဲ့နည်းတွေကတော့ နေရောင်ခြည်၊ ပတ်ဝန်းကျင်အညစ်အကြေးတွေနဲ့ ဆေးလိပ်ငွေ့တွေမထိအောင် ရှောင်ရှားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဇီဝကမ္မဖြစ်စဉ်ရှိ ဘေးထွက်ပစ္စည်းအနေနဲ့လည်း ဒီ radicals တွေက ခန္ဓာကိုယ်ထဲမှာ အချိန်တိုင်းထွက်နေပြီးတော့ ဒါတွေကို ခန္ဓကိုယ်အပြင်ရောက်သွားအောင် လုံးဝမစွန့်ထုတ်နိုင်ပါဘူး။ ဗီတာမင် E, C, beta carotene, flavonoids စတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ အစားအစာတွေများများစားပေးရင်တော့ ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ အစားအစာတွေကတော့ ဘယ်ရီသီးများ၊ အစိမ်းရင့်ရောင်နှင့် လိမေ္မာ်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ ပဲများ၊ လက်ဖက်စိမ်းတို့ဖြစ်ကြပါတယ်။

3. The Mediterranean Diet

         Columbia University of Medical Centre ကပြုလုပ်ခဲ့တဲ့လေ့လာမှုအရ မယ်ဒီတာရေးနီးယမ်း ပင်လယ်တစ်လျှောက်မှာနေထိုင်တဲ့ နိုင်ငံတွေ ဥပမာ-ဂရိနိုင်ငံ တွေမှာ စားလေ့ရှိတဲ့ အစားအစာပုံစံက အယ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်စွမ်းရှိတာကို တွေ့ရှိခဲ့ပါတယ်။ Mediterranean Diet မှာ အဓိကအားဖြင့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ ငါး၊ သံလွင်ဆီ၊ ဝိုင်အတော်အသင့်၊ နို့နှင့်နို့ထွက်ပစ္စည်းအချို့၊ အသားနဲ့ ကြက်သားအနည်းငယ်ပါဝင်ပါတယ်။ ထပ်ပြီးလေ့လာဖို့လိုပေမယ့် ဒီလူတွေမှာ အယ်ဇိုင်းမားရောဂါဖြစ်နှုန်းနည်းပြီး ရောဂါဖြစ်လာရင်လည်း သေဆုံးမှုနှုန်းနည်းတာကို တွေ့ရှိရပါတယ်။

         အယ်ဇိုင်းမားဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ရောဂါအတွက် အဖြေအတိအကျမရှိပေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်သွယ်ရေးပိုင်းဆိုင်ရာ ကောင်းမွန်တဲ့အလေ့အကျင့်တွေအားလုံးပေါင်းပြီး နေထိုင်ခြင်းဖြင့် အယ်ဇိုင်းမားရောဂါကိုသာမက အခြားရောဂါတွေကိုပါကာကွယ်နိုင်ပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)