သွေးလွှတ်ကြောများပိတ်ဆို့နေမှန်းသိနိုင်မယ့် တိတ်တဆိတ်ရောဂါလက္ခဏာ 4 ချက်
နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တာဟာအရေးကြီးဆုံးလို့ဆိုပေမယ့်လည်း ရောဂါကိုစောလျင်စွာ သိရှိဖို့ကလည်း အလွန်ပင်လိုအပ်ပါတယ်။ လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ ဆေးဝါးကုထုံးများဖြင့် နှလုံးတိုက်ခိုက်ခံရ မှုမှကာကွယ်ပေးနိုင်ပါတယ်။ နှလုံးရောဂါ ရှိသူ 80% ခန့်ဟာ သူတို့ရဲ့လူနေမှုပုံစံပြောင်းလဲ လိုက်ခြင်းဖြင့် နှလုံးတိုက်ခိုက်ခံရမှုကို ရှောင်လွှဲနိုင်ပါတယ်။ အောက်ပါ လက္ခဏာတွေကတော့ နှလုံးရောဂါ အခံရှိနေတာကိုဖော်ပြပေးနိုင်တဲ့ သဲလွန်စအချို့ဖြစ်ပါတယ်။
1. လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း
အမျိုးသားတွေမှာ တိတ်တဆိတ်နှလုံးရောဂါတွေအတွက် အချက်ပေးစနစ်ဟာ ခန္ဓာကိုယ်ထဲမှာ ပါလာပြီးသားဖြစ်ပါတယ်။ လိင်အင်္ဂါထောင်မတ်ရာတွင် အခက်အခဲကြုံတွေ့နေရပါက ဆီးခုံရိုးမှာ ရှိတဲ့ သွေးလွှတ်ကြောမှာ သွေးခဲပိတ်ဆို့နေတာဖြစ်နိုင်ပြီး နှလုံးတိုက်ခိုက်ခံရမှုရဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုဖြစ်ပါတယ်။ ယေဘုယျအားဖြင့် လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း စတင်ခံစားရချိန်မှ နှလုံးသွေးကြော ကျဉ်းရောဂါရှာဖွေတွေ့ရှိရချိန်ထိ သုံးနှစ်ကနေ ငါးနှစ်အထိကြာမြင့်တတ်ပါတယ်။ ဒါကြောင့် ရောဂါရှာဖွေရန် အချိန်လုံလောက်စွာရတဲ့အပြင် နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကာကွယ်ဖို့လည်း လုပ်ဆောင်နိုင်မှာဖြစ်ပါ တယ်။ ဒါ့ကြောင့် ချစ်တင်းနှောခြင်းနှင့်ပတ်သက်၍ စိတ်ကျေနပ်မှုမရပါက ဆေးတွေကိုအလွယ်တကူ ဝယ်ယူသောက်သုံးမယ့်အစား အခြေခံအကြောင်းအရင်းကိုရှာဖွေသင့်ပါတယ်။
2. ထိပ်ပြောင်ခြင်း
ဆိုးဆိုးရွားရွားထိပ်ပြောင်နေတဲ့အမျိုးသားတွေဟာ အသက်အရွယ်မရွေး တိတ်တဆိတ် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ထို့ပြင် ထိပ်ပြောင်ခြင်းကိုခံစားနေရတဲ့ အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်ပါ နှလုံးရောဂါဖြင့်သေ ဆုံးနှုန်းနှစ်ဆခန့် မြင့်တက်နိုင်ပါတယ်။
3. နားရွက်အတွန့်ကြောင်း
ထူးဆန်းတဲ့အမှတ်အသားတစ်ခုကတော့ နားကပ်ဝတ်တဲ့နေရာမှာ အကြောင်းတစ်ခုဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ (တိတိကျကျပြောရမယ်ဆိုရင် ဒေါင်လိုက် အကြောင်းတစ်ခုဖြစ်ပြီး နားပြွန်နဲ့ နားရွက်အောက်ခြေကို ခပ်စောင်းစောင်း ဆက်ထားပါတယ်) နားရွက်မှာ တွန့်ကြောင်းပေါ်ရခြင်းမှာ နှလုံးမှသွေးလွှတ်ကြောအပါအဝင် သွေးလည်ပတ်မှုမကောင်းလို့ပဲဖြစ်ပါတယ်။ အချို့သူတွေက ၎င်းတွန့်ကြောင်းမှာ အသက်အရွယ်ကြီးရင့်လာလို့ဖြစ်ပေါ်လာရတယ်လို့ ပြောကြပေမယ့်လည်း ကွန်ပျူတာဓာတ်မှန်အဖြေတွေအရ နားရွက်အတွန့်ကြောင်းရှိသူတွေဟာ တိတ်တဆိတ်နှလုံးသွေးကြော ကျဉ်းရောဂါနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။
4. ခြေသလုံးကြွက်သားနာကျင်ခြင်း
နှလုံးသွေးကြောကျဉ်းခြင်းရောဂါကို မတွေ့ရှိမီကပင် ခြေသလုံးသွေးလွှတ်ကြောတွေပိတ်ဆို့မှုကြောင့် နာကျင်ခြင်းဝေဒနာကို စတင်ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်သုံးသူတွေမှာ ပိုမိုတွေ့ရှိရလေ့ရှိပါတယ်။ ဒီလိုရောဂါလက္ခဏာမျိုးတွေ့ရှိရပါက ဆရာဝန်ထံချက်ချင်းသွားရောက်ပြသကာ ကုသမှုခံယူသင့်ပါတယ်။ ဆရာဝန်မှ သွေးလည်ပတ်မှုမကောင်းခြင်းကို ဖော်ထုတ်နိုင်ရန် ခြေထောက် မှ သွေးဖိအားကို တိုင်းတာပါလိမ့် မယ်။ (နှလုံးရောဂါနဲ့ပတ်သက်ပြီး အစားအသောက်နဲ့ ဆေးဝါး ကုထုံးတွေအမြောက်အမြားရှိနေတာကြောင့်) ရောဂါကိုတတ်နိုင်သမျှ အစောဆုံးဖော်ထုတ်ရန်လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်များများစားပေးခြင်း၊ အသားစားသုံးမှုလျော့ချခြင်းနဲ့ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးပါက ခြေသလုံးကြွက်သားနာကျင်မှုမှာ ရက်သတ္တပတ်အတွင်း လုံးဝသက်သာပျောက်ကင်းသွားနိုင်တဲ့အပြင် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်လည်း ထပ်မံမဖြစ်ပွားတော့ပေ။ နှလုံးရောဂါနှင့်ပတ်သက်၍ အထက်ပါတိတ်တဆိတ်ရောဂါလက္ခဏာရှိနေ သူတိုင်း သွေးပေါင်ချိန်ခြင်း၊ သွေးတွင်းကိုလက်စထရော (အဆီဓာတ်) ပမာဏတိုင်းတာခြင်း၊ သွေးတွင်း သကြားဓာတ်တိုင်းတာခြင်းတို့ကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ ထို့ပြင် ဆရာဝန်နှင့်တိုင်ပင်၍ နှလုံး လျှပ်စစ်မှတ်တမ်း၊ ကွန်ပျူတာဓာတ်မှန် စတဲ့စစ်ဆေးမှုတွေကို ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
Dr. Thinzar Wynn