/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အသက်အရွယ်မရွေးကြုံရနိုင်တဲ့-ဝေဒနာ-0

အသက်အရွယ်မရွေးကြုံရနိုင်တဲ့ ဝေဒနာ

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

အသက်အရွယ်ကြီးတဲ့သူတွေရော လူငယ်တွေရော အဆစ်အမြစ်ကိုက်ခဲတာကို ခံစားဖူးကြမှာပါ။ အတော်ကို ခံစားရခက်တဲ့ဝေဒနာမျိုး ဖြစ်ပါတယ်။ လှုပ်ရှားမှုများတဲ့ အဆစ်တွေ ကိုက်ခဲရင်တော့ နေ့စဉ်သွားလာ လှုပ်ရှားမှုတွေမှာပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အရိုးအဆစ်တွေထဲမှာ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းပျက်စီးသွားတဲ့အတွက် အဆစ်အမြစ်ကိုက်ခဲခြင်းကို ခံစားရတာဖြစ်ပါတယ်။ ဒီလိုအဆစ်တွေရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်ဒဏ်ရာတွေ၊ ရောဂါတွေက ပျက်စီးစေနိုင်ပါတယ်။ အဆစ်အမြစ်ကိုက်ခဲခြင်းဟာ ရုတ်တရက် ဖြစ်ပေါ်လာနိုင်သလို နာတာရှည်အနေနဲ့လည်း ခံစားရနိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ အဆစ်အမြစ်ကိုက်ခဲစေတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

၁။ ရောင်ရမ်းခြင်း - ရောင်ရမ်းခြင်းဆိုတာ ခန္ဓာကိုယ်က ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ ကာကွယ်နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်တာတွေကတော့ အများကြီးရှိပါတယ်။ ထိခိုက်မိတာ၊ ရောဂါပိုး ဝင်ရောက်တာ၊ ပြင်ပက အရာဝတ္ထုတစ်ခုခု ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာစတဲ့အချိန်တွေမှာ ရောင်ရမ်းခြင်း ဖြစ်ပေါ်ပါတယ်။ အဆစ်တွေထဲမှာ ရောင်ရမ်းခြင်း ဖြစ်ပေါ်လာရင်တော့ နာကျင်တာ၊ တောင့်တင်းတာ၊ နီရဲရောင်ရမ်းတာ စတာတွေကို ခံစားရနိုင်ပါတယ်။

၂။ အဆစ်အတွင်းရှိ အရည်အိတ်ရောင်ရမ်းခြင်း - အရိုးအဆစ်တွေကြားထဲမှာ သေးငယ်တဲ့ အရည်အိတ်လေးတွေ ရှိပါတယ်။ ဒီအရည်အိတ်လေးတွေက အဆစ်တွေ လှုပ်ရှားတဲ့အခါ အရိုးချင်းပွတ်တိုက်မှု မဖြစ်စေဖို့ တားဆီးပေးပါတယ်။ ဒီအရည်အိတ်လေးတွေထဲကို ရောဂါပိုး ဝင်ရောက်ပြီး ရောင်ရမ်းတဲ့အခါ အဆစ်အမြစ်ကိုက်ခဲခြင်းကို ခံစားရပါတယ်။ အဖြစ်များတဲ့နေရာတွေကတော့ ပခုံး၊ တံတောင်ဆစ်၊ တင်ပဆုံ၊ ဒူးခေါင်း၊ ဖနှောင့်နဲ့ ခြေမအဆစ်တွေ ဖြစ်ပါတယ်။ ဒီလိုအရည်အိတ် ရောင်ရမ်းခြင်းအတွက် ကုသနည်းကတော့ နာနေတဲ့အဆစ်ကို အနားပေးထားဖို့ပဲ ဖြစ်ပါတယ်။

Alaxan IA (1)

၃။ သွေးထွက်ခြင်း - ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတဲ့အခါ အဆစ်ထဲမှာရှိတဲ့ နေရာတွေထဲကို သွေးထွက်တာ (သွေးယိုစိမ့်တာ) မျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုသွေးယိုစိမ့်တဲ့အခါမျိုးမှာလည်း အဆစ်တွေ ရောင်ရမ်းတာ၊ နီရဲတာ၊ နာကျင်ကိုက်ခဲတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် သွေးမတိတ်ရောဂါရှိနေသူတွေမှာလည်း အလားတူ အခြေအနေမျိုးကို ထိခိုက်ဒဏ်ရာမရဘဲ ခံစားရနိုင်ပါတယ်။

၄။ ဂေါက်ရောဂါ - ဂေါက်ရောဂါဆိုတာကတော့ အခုခေတ်မှာ အဖြစ်များလာတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရုတ်တရက် အဆစ်တွေ ရောင်ရမ်းတာ၊ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲတာ စတာတွေက ဂေါက်ရောဂါရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ ဂေါက်ရောဂါဟာ ခန္ဓာကိုယ်ရှိ ဘယ်အဆစ်ကိုမဆို ကိုက်ခဲစေနိုင်ပြီး ခြေမအဆစ်ကတော့ အဖြစ်အများဆုံးနေရာ ဖြစ်ပါတယ်။

Alaxan IA (2)

၅။ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း - မတော်တဆ တစ်ခုခုဖြစ်လို့ဖြစ်စေ၊ ချော်လဲလို့ဖြစ်စေ၊ အားကစားလုပ်ရင်းဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်နေ ရင်းတောင်မှ အဆစ်လွဲသွားတာမျိုး၊ အခန့်မသင့်ရင် အရိုးကျိုးသွားတာမျိုး စတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင်တော့ အဆစ်အမြစ်တွေ ရောင်ရမ်းတာ၊ နာကျင်ကိုက်ခဲတာကို ခံစားရမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။

၆။ အရိုးပုပ်ခြင်း - ဒီအခြေအနေကတော့ အရေးပေါ်သတ်မှတ်ရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းတစ်ခုခုကြောင့် အရိုးရဲ့တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အရိုးတစ်ခုလုံးကို သွေးလည်ပတ်မှု ပြတ်တောက်သွားတာမျိုးဖြစ်တဲ့အခါ အရိုးကိုဖွဲ့စည်းထားတဲ့ အရိုးတစ်သျှူးတွေဟာ အာဟာရ လုံလောက်အောင် မရတော့ဘဲ သေဆုံးသွားပြီး နောက်ဆုံးမှာသွေးလည်ပတ်မှု ပြတ်တောက်သွားတဲ့ အရိုးဟာ ပုပ်သွားတာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင်လည်း အဆစ်တွေ နာကျင်ကိုက်ခဲတာကို သေချာပေါက်ကို ခံစားရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို စတီးရွိုက်ဆေးတွေ ပမာဏ အများကြီး စွဲသုံးနေတဲ့သူတွေ၊ အရက်အလွန်အကျွံသောက်သူတွေမှာ အသက် ၃၀ နဲ့ ၅၀ ကြားမှာရှိတဲ့သူတွေမှာ အဖြစ်များပါတယ်။

ဒီလောက်ဆိုရင်တော့ အဆစ်အမြစ်တွေကိုက်တာကို မကြာခဏ ခံစားနေရတဲ့အခါ ပေါ့ပေါ့ဆဆ မနေသင့်ဘဲ ဆရာဝန်နဲ့ သေသေချာချာ သွားရောက်ပြသသင့်တာကို သဘောပေါက်ကြပြီထင်ပါတယ်။ ဒါ့ကြောင့် အဆစ်အမြစ်တွေ ကိုက်ခဲတဲ့အခါ ဆေးမြီးတိုတွေနဲ့ပဲ ကုမနေဘဲ သေချာစွာကုသမှုခံယူဖို့ ထပ်လောင်း အသိပေးလိုက်ရပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)