/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/အိုမင်းရင့်ရော်ခြင်းမှ-ကင်းဝေးစေမယ့်-နည်းလမ်း-၉-သွယ်

အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေမယ့် နည်းလမ်း (၉) သွယ်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

မည်သူတစ်ဦးတစ်ယောက်မှ အိုမင်းရင့်ရော်ခြင်းကို မလိုလားကြပါဘူး။ ဒါကြောင့် ဖော်ပြပါအကြံပြုချက်လေးတွေကို လေ့လာမှတ်သားပြီး အရွယ်တင်နုပျိုမှုနဲ့အတူ ဘဝခရီးလမ်းကို လျှောက်လှမ်းကြည့်ရအောင်။

(1)  အပြည့်အဝ အနားယူပါ
နေ့စဉ်ရက်ဆက် အိပ်ချိန်နည်းလာသူတစ်ဦးအနေနဲ့ စိတ်မကြည်လင်ခြင်း၊ လုပ်ငန်းတာဝန်များကို သွက်လက်တက်ကြွစွာ စွမ်းဆောင်နိုင်ခြင်း မရှိတော့တဲ့အပြင် အခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့ သွေးဖိအားမြင့်တက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ညတာမှာ ၇ နာရီ (သို့) ၈ နာရီ အိပ်စက်အနားယူသင့်ပါတယ်။

(2)  အချိုဓာတ် လျှော့စားပါ
သကြားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးခြင်းဟာ အရေပြားကို တင်းရင်းစေပြီး ကျုံ့ဆန့်နိုင်စွမ်းရှိတဲ့ ကော်လဂျင်ကို ပျက်စီးစေတာကြောင့် အသားအရေ မကြည်လင်ခြင်း၊ အရေးအကြောင်း ဖြစ်ပေါ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သကြားဓာတ်ကဲတဲ့ အစားအစာတွေကို လျှော့စားပြီး အိုမင်းခြင်းမှ ကာကွယ်ပါ။

(3)  စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုများနေတဲ့သူတစ်ယောက်ဟာ အရာရာကို ပြတ်သားစွာ ဆုံးဖြတ်နိုင်စွမ်း မရှိတော့တဲ့အပြင် သင်ယူနိုင်စွမ်း၊ မှတ်သားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေ လျော့သွားတတ်ပါတယ်။ ဒါ့အပြင် စိတ်ထောင်းကိုယ်ကြေဆိုသလို အလိုအလျောက် အိုမင်းမှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးအောင် အသက်ရှူလေ့ကျင့်ခန်းကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

(4)  လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုဖြစ်ခြင်း၊ အမျုးိအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း၊ နာတာရှည်ရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်တဲ့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်းမှလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် သွေးလည်ပတ်မှုကောင်းပြီး အစဉ်အမြဲ ရွှင်လန်းတက်ကြွစေတာကြောင့် အိုမင်းမှုကိုလည်း ဟန့်တားပေးပါတယ်။ ဒါကြောင့် နေ့စဉ် ၂၀ (သို့) ၂၅ မိနစ်လောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေမယ့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခုန်ခြင်းအစရှိတဲ့ သွက်လက်တက်ကြွစေမယ့် လှုပ်ရှားမှုမျိုးကို ဆောင်ရွက်သင့်ပါတယ်။

(5)  အကြားအာရုံဆုံးရှုံးခြင်းမှ ကာကွယ်ပါ
ကျယ်လောင်စူးရှတဲ့ အသံတွေကြောင့် အကြားအာရုံဆုံးရှုံးစေနိုင်တဲ့အပြင် အိုမင်းမှုကိုပါဖြစ် စေနိုင်ပါတယ်။ အကြားအာရုံ ချို့တဲ့သွားတဲ့အခါ မိသားစု၊ သူငယ်ချင်းတွေရဲ့ စကားသံတွေကို အားစိုက်နားထောင်ရခြင်း၊ အပေါင်းအသင်းများကြားမှာ သီးသန့်ဖြစ်နေခြင်း စတာတွေဟာ စိတ်ထိခိုက်မှုကိုပါ ဖြစ်စေပြီး သွက်လက်တက်ကြွမှုလည်း မရှိစေနိုင်တော့ပါဘူး။ အကြားအာရုံဆုံးရှုံးခြင်းမှ ကာကွယ်ဖို့ နားကြပ်နဲ့ တေးသီချင်းတွေ နားထောင်တဲ့အခါ volume ကို အဆုံးထိမြှင့်ထားခြင်း၊ မြက်ရိတ်စက်၊ hair dryer တို့မှ အသံတွေ ကြာရှည်စွာနားထောင်ခြင်းမှ ရှောင်ကြဉ်ပါ။

(6)  အပေါင်းအဖော်တွေနဲ့ မိသားစုဝင်တွေအတွက် အချိန်ပေးပါ
သူငယ်ချင်းတွေနဲ့ ဘဝလက်တွဲဖော်က သင့်ကို အရွယ်တင်နုပျိုစေနိုင်ပါတယ်။ ဒါ့အပြင် နွေးထွေးတဲ့မိသားစုကို ပိုင်ဆိုင်ထားတဲ့သူတွေမှာလည်း စိတ်ဓာတ်ကျခြင်း၊ အဝလွန်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များများသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ မိမိလက်တွဲဖော်အတွက် အချိန်ပေးသင့်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းဝင်ဆံ့ခြင်းဟာ စိတ်ကို အမြဲတမ်းနုပျိုနေစေပြီး အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပါတယ်။

(7)  အသီးအနှံများ စားပါ
အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ သင့်ကို ငယ်ရွယ်နုပျိုစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်နဲ့ အရေပြားကို ထိခိုက်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းများကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့အပြင် ကင်ဆာဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်းမှလည်း တားဆီပေးပါတယ်။

(8)  အစားအစာများကို ရွေးချယ်စားသုံးပါ
အိုမီဂါ 3 ဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါး၊ အခွံမာသီး၊ သံလွင်ဆီတို့ကို စားသုံးပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်တဲ့အပြင် အရိုးတွေကိုလည်း သန်မာစေကာ နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရောတွေကို တိုးလာစေပါတယ်။

(9)  အိမ်ထောင်ဖက်နှင့် ချစ်တင်းနှောပါ
အိမ်ထောင်ရေးသုခ အပြည့်အဝရရှိခြင်းဟာလည်း အမြဲတမ်း ရွှင်လန်းတက်ကြွနေစေပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ စိတ်ဖိစီးမှုဒဏ်တွေမှ ကင်းဝေးစေပါတယ်။ အိမ်ထောင်ဖက်နဲ့ ကြည်နူးဖွယ်ရာအချိန်လေးတွေ ဖန်တီးပြီး စိတ်ပျော်ရွှင်မှုနဲ့ အရွယ်တင်နုပျိုမှုကိုပါရယူပါ။

CMS (www.drmyanmar.com)