အရက်သောက်သုံးခြင်းကြောင့်ဖြစ်သော အသည်းထိခိုက်ခြင်း
အရက်သောက်သုံးခြင်းကြောင့် အသည်းကိုထိခိုက်စေပါတယ်။ အရက်ကိုအလွန်အကျွံသောက်သုံးခြင်းနှင့် နှစ်ရှည်လများ သောက်သုံးခြင်းကြောင့် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း စတာတွေကိုဖြစ်စေပါတယ်။ ရောဂါလက္ခဏာများ
အတွေ့များတဲ့ရောဂါလက္ခဏာတွေကတော့ မျက်သားဝါခြင်းနှင့် အရေပြားဝါလာခြင်းတို့ပဲဖြစ်ပါတယ်။ အခြားသောလက္ခဏာများအနေနဲ့ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းဗိုက်အောင့်ခြင်း၊ ကိုယ်ပူခြင်း (ငွေ့ငွေ့ဖျားခြင်း)၊ နုံးခွေခြင်း၊ အားနည်းခြင်း၊ အလေးချိန်ကျဆင်းခြင်းတို့ကိုတွေ့ရပါတယ်။ ရောဂါအခြေအနေပြင်းထန်ပါက ရေဖျဉ်းစွဲခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း၊ အပြုအမူများပြောင်းလဲလာခြင်း၊ ကျောက်ကပ်နှင့် အသဲရဲ့ လုပ်ဆောင်ချက်များချို့ယွင်းလာခြင်း စတဲ့အကျိုးဆက်တွေပါဖြစ်လာနိုင်ပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းရင်းများ
အရက်ကို ခန္ဓာကိုယ်ကချေဖျက်ရာမှ ထွက်လာတဲ့ အဆိပ်အတောက်ဓာတုပစ္စည်းတွေကြောင့် အသည်းရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာပြီး အသည်းဆဲလ်များပျက်ဆီးကာ ကောင်းမွန်တဲ့အသဲတစ်သျှူးများနေရာတွင် အမာရွတ်များက အစားထိုး၀င်ရောက် လာတာကြောင့် အသည်းရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေ လျော့ကျလာတာဖြစ်ပါတယ်။
ဒါ့အပြင် အာဟာရဓာတ်ချို့တဲ့သူနှင့် အသည်းရောင်အသားဝါ C ပိုးရှိသူတွေမှာ အရက်သောက်ရင် အသည်းရောင်ခြင်းကို ခံစားရဖို့အလားအလာပိုများပါတယ်။
အရက်သောက်ခြင်းကြောင့် အသည်းရောင်ခြင်းကိုမြင့်တက်စေသော အကြောင်းရင်းများ -
အရက်အလွန်အကျွံသောက်သုံးခြင်း
အရက်ပမာဏဘယ်လောက်သောက်သုံးခြင်းက အသည်းရောင်ခြင်းကို ဖြစ်စေနိုင်တယ်ဆိုတာကို တိတိကျကျမသိရသေးပေမယ့် တနေ့ကို အရက် 100 ဂရမ်နှုန်းဖြင့် အနှစ်နှစ်ဆယ်ကျော်သောက်သုံးပါက အရက်ကြောင့် အသည်းရောင်ရမ်းနာဖြစ်လာနိုင်ပါတယ်။
အခြားသောအကြောင်းရင်းတွေကတော့ အမျိုးသမီးဖြစ်နေခြင်း၊ အ၀လွန်နေခြင်း၊ အရက်အများအပြားသောက်သုံးခြင်း၊ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များ (အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါတွေမှာ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေ ပါ၀င်နေနိုင်တယ်လို့ လေ့လာမှုတွေမှာ ဆိုပါတယ်) တို့ပဲဖြစ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
- အသည်းအတွင်း သွေးဖိအားမြင့်တက်လာခြင်း
- ခန္ဓာကိုယ်တွင်း၌သွေးယိုစီးခြင်း
အသည်းတွင်းရှိသွေးကြောများအတွင်း၌ ကောင်းစွာစီးဆင်းနိုင်ခြင်းမရှိတဲ့သွေးတွေဟာ အစာအိမ်နှင့် အစာရေမျိုအတွင်းသို့ ရောက်ရှိသွားတဲ့အခါ သွေးကြောများအတွင်းမှာ သွေးတွေစုပုံလာပြီး ပါးလွှာတဲ့သွေးကြောနံရံမှတဆင့် သွေးယိုစီးနိုင်ပါတယ်။
- ရေဖျဉ်းစွဲခြင်း
- အသားဝါခြင်း
- ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို အသည်းမှမဖယ်ရှားပေးနိုင်တာကြောင့် ဦးနှောက်ထိခိုက်လာခြင်း (စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းနောက်ခြင်း၊ စကားလုံးလုံးထွေးထွေး ပြောခြင်း)
- အသည်းခြောက်ခြင်း
- ကျောက်ကပ်ပျက်စီးခြင်း (အသည်းပျက်စီးခြင်းက ကျောက်ကပ်သို့ သွေးစီးဆင်းမှုကို ထိခိုက်စေတာကြောင့် ကျောက်ကပ်ပျက်စီးလာခြင်း)
ရောဂါရှာဖွေစစ်ဆေးခြင်း
အသည်းရောင်ခြင်းရှိ/မရှိ သိရှိစေရန် ဆရာ၀န်က ရောဂါရာဇ၀င်မေးမြန်းခြင်း၊ အရက်သောက်သုံးမှု အနေအထားကို မေးမြန်းခြင်း၊ အသည်းကောင်းစွာအလုပ်လုပ်ခြင်းရှိ/မရှိ သိရှိစေရန် သွေးစစ်ဆေးခြင်း (Liver Function Test)၊ အာထရာဆောင်း၊ CT၊ MRI ရိုက်ခြင်း၊ အသည်းမှအသားစယူ၍ စစ်ဆေးခြင်းတို့ကိုပြုလုပ်ပါလိမ့်မယ်။
ရောဂါကုသခြင်း
အဓိကအနေဖြင့် အရက်ဖြတ်ဖို့လိုအပ်ပါတယ်။ အရက်ဖြတ်ခြင်းက အသည်းပျက်စီးဖို့ကိုပြန်လည်ပြုပြင်ဖို့နှင့် နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်နိုင်တဲ့တခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အသက်ရှင်သန်နှုန်းဟာ အရက်ဖြတ်လိုက်တဲ့သူတွေမှာ သိသိသာသာကောင်းမွန်တာကို တွေ့ရပါတယ်။ ကိုယ့်ဘာသာကိုယ်ဖြတ်ရန် ခက်ခဲပါက ဆရာ၀န်နှင့်တိုင်ပင်လို့ရပါတယ်။
အစာအာဟာရပြည်စုံကြွယ်၀အောင် နေထိုင်စားသောက်ပါ။ အသည်းရောင်ရမ်းခြင်းကို သက်သာစေဖို့အတွက် စတီးရွိုက်၊ Pentoxifylline စတဲ့ ဆေးဝါးတွေ၊ Phosphatidylcholine ပါ၀င်တဲ့ အသည်းအားဆေးတွေကို ဆရာ၀န်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါတယ်။
အသည်းပျက်စီးမှုအခြေအနေအရမ်းပြင်းထန်လာပါက အသည်းအစားထိုးနိုင်ပါတယ်။ အသည်းအစားမထိုးမီ 6 လ အလိုကတည်းက အရက်လုံး၀ရှောင်ကြဉ်သင့်ပြီး အစားထိုးကုသမှုခံယူပြီးချိန်မှာလည်း အရက်လုံး၀ပြန်မသောက်မိဖို့ လိုအပ်ပါတယ်။
ကြိုတင်ကာကွယ်ခြင်း
အရက်ကိုလုံး၀ရှောင်ကြဉ်ပါ။ လုံး၀မရှောင်ရှားနိုင်ပါက အသင့်အတင့်သောက်သုံးပါ။ အသည်းရောင် အသားဝါ C ပိုးကူးစက်ခံရခြင်းမရှိရလေအောင် ဂရုစိုက်နေထိုင်ပါ။ အရက်သောက်ခြင်းနှင့် အသည်းရောင်အသားဝါ C ပိုးပေါင်းပြီး အသည်းခြောက်နှုန်းကို ပိုမိုမြင့်တက်စေပါတယ်။ ဒါ့အပြင် ဆေးဝါးများ (ဥပမာ ပါရာစီတမော့) သောက်သုံးရာမှာလည်း အရက်နှင့်တွဲပြီးမသောက်မိဖို့ အရေးကြီးပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)