/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေရဲ့-၀မ်းပုံစံကိုကြည့်ပြီး-ပြောနိုင်တဲ့အချက်များ

ကလေးငယ်တွေရဲ့ ၀မ်းပုံစံကိုကြည့်ပြီး ပြောနိုင်တဲ့အချက်များ

Category
ကလေးများနှင့်ကျန်းမာရေး

          ကလေးငယ်ကို ၀တ်ဆင်ပေးထားတဲ့ တစ်ခါသုံး အတွင်းခံကို ကြည့်ပြီးတော့ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကို အများကြီး သိနိုင်ပါတယ်။ ကလေးကြီးလာတာနဲ့အမျှ သူတို့ရဲ့ ၀မ်းပုံစံဟာလည်း ပြောင်းလဲလာပါတယ်။ အကြောင်းကတော့ နို့စို့ခြင်း၊ အစားများကို စတင်စားသုံးခြင်းတို့ကြောင့် ဖြစ်သော်ငြားလည်း ၀မ်းအရောင်နဲ့ ပုံသဏ္ဌာန် မမှန်ခြင်းကတော့ ရောဂါပိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်ရဲ့ ၀မ်းပုံစံ ပြောင်းလဲခြင်းဟာ သဘာ၀ဖြစ်စဉ်လား၊ ရောဂါပိုးကြောင့်လားဆိုတာ မိဘတွေအနေနဲ့ သေချာသိဖို့ လိုအပ်ပါတယ်။

>> ကလေး၀မ်းအမျိုးအစားများ

          ကလေးငယ်ရဲ့ အသက်အရွယ်နဲ့ စားသောက်တဲ့ပုံစံကို မူတည်ပြီး ပုံမှန်၀မ်းလို့ သတ်မှတ်နိုင်တဲ့ အမျိုးအစားတွေကတော့ -

1.      မွေးကင်းစ ကလေး၀မ်းအမျိုးအစား

          မွေးခါစ ရက်အနည်းငယ်မှာ သွားတဲ့၀မ်းပုံစံဟာ မြင်နေကျပုံစံနဲ့ အတော်ခြားနားတာကို တွေ့ရနိုင်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေရဲ့၀မ်းဟာ မော်တာစက်ဆီနဲ့ အလားသဏ္ဌာန်တူ၍ အစိမ်းပုပ်ရောင်ရှိကာ ပျစ်ချွဲနေတတ်ပါတယ်။ ၎င်းကို ကနဦး၀မ်း (meconium) လို့ ခေါ်ပြီး ရေမွှာ၊ အချွဲ၊ အရေပြားဆဲလ်နဲ့ မိခင်၀မ်းဗိုက်ထဲက အရာအချို့ ပါ၀င်ပါတယ်။ မွေးဖွားပြီး 3-4 ရက်အကြာမှာတော့ တဖြည်းဖြည်းနဲ့ ၀မ်းအရောင်ဟာ အစိမ်းရောင် ဖြစ်လာပြီး ကျိချွဲခြင်းလည်း လျော့နည်းလာပါတယ်။

 

2.      မိခင်နို့စို့နေတဲ့ ကလေးရဲ့၀မ်းအမျိုးအစား

          မိခင်နို့ စို့နေတဲ့ ကလေးတစ်ယောက်ရဲ့ ၀မ်းအရောင်ဟာ အဝါရောင် (သို့) အစိမ်းရောင် (သို့) အညိုရောင် ဖြစ်နေပါက ပုံမှန်၀မ်းလို့ သတ်မှတ်နိုင်ပါတယ်။ အများအားဖြင့် ပျစ်ချွဲချွဲဖြစ်၍ အရည်တွေ ပါ၀င်တာကြောင့် ၀မ်းလျှောတာနဲ့ ဆင်တူနိုင်ပါတယ်။ ဒါပေမဲ့ အနံ့အသက်ကတော့ ဆိုးဆိုးရွားရွားမရှိပါဘူး။

3.      နို့ဘူးတိုက်တဲ့ ကလေးငယ်ရဲ့၀မ်းအမျိုးအစား

          ကျန်းမာတဲ့ကလေးတစ်ယောက်ရဲ့ ၀မ်းအရောင်ဟာ အဝါ (သို့) အညိုရောင်ဖြစ်၍ မြေပဲယိုနဲ့ ဆင်တူပါတယ်။ နို့ဘူးတိုက်တဲ့ ကလေးတွေဟာ မိခင်နို့တိုက်တဲ့ ကလေးတွေထက် ၀မ်းသွားတဲ့ အကြိမ်ရေ နည်းသော်လည်း တစ်ခါသွားလျှင် ပမာဏများကာ အနံ့အသက်လည်း ပိုဆိုးတတ်ပါတယ်။

 

4.      ကလေးငယ်ရဲ့ ၀မ်းထဲမှာ အစာအချို့ မကြေညက်ဘဲ ပါရှိသော၀မ်းအမျိုးအစား

          အစာအားလုံးဟာ ကြေညက်မှာမဟုတ်ဘဲ အချို့အစာတွေဟာ ကောင်းစွာမဖြိုခွဲနိုင်ခင်မှာပင် အူလမ်းကြောင်းမှာ အလျင်အမြန် ရွေ့လျားသွားတတ်ပါတယ်။ ဒါကြောင့် ကလေးရဲ့၀မ်းထဲမှာ အစာတွေ ပါလာတတ်တာဖြစ်ပြီး တစ်ခါတစ်ရံမှာ ၀မ်းအရောင်ဟာ ထူးဆန်းနေတတ်ပါတယ်။

 

>> ကလေးငယ်ရဲ့ ၀မ်းအရောင်ကို အမျိုးအစားခွဲခြင်း

          ကလေးငယ်ရဲ့ ၀မ်းအရောင် ပြောင်းလဲခြင်းဟာ သာမာန်အားဖြင့် စိတ်ပူစရာမလိုပါဘူး။ အများအားဖြင့် ၀မ်းအရောင် မတူတာဟာ အစာချေဖျက်တဲ့ဖြစ်စဉ်အတွင်း ရောင်ခြယ်ရရှိမှု အနည်းအများပေါ် မူတည်ပါတယ်။

 

5.      အစိမ်းရောင် ၀မ်းအမျိုးအစား

          သံဓာတ်အားဆေးတွေ တိုက်နေတဲ့ကလေးငယ်ရဲ့ ၀မ်းအရောင်ဟာ အစိမ်းရောင် ဖြစ်နေတတ်ပါတယ်။ ထို့ပြင် အသက် 4 လမှ 6 လအတွင်း ကလေးငယ်ကို အစိမ်းရောင်ရှိတဲ့ အစားအစာတွေဖြစ်တဲ့ ပဲစိမ်းပြုတ်ရည်၊ ကညွတ်နဲ့ ပဲအမျိုးမျိုးတို့ကို ကျေွးခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

6.      လိမေ္မာ်ရောင်၊ အဝါနဲ့ အညိုရောင်ရှိတဲ့ ကလေး၀မ်းအမျိုးအစား

          မိခင်နို့ (သို့) နို့ဘူးတိုက်နေတဲ့ ကလေးတွေမှာ တွေ့ရတဲ့၀မ်းအရောင်ဖြစ်ပြီး ပုံမှန်၀မ်းလို့ သတ်မှတ်ကြပါတယ်။

 

7.      အမည်းရောင် ၀မ်းအမျိုးအစား

          ကလေးငယ်ရဲ့ ၀မ်းထဲမှာ အမည်းရောင် သွေးစတွေ ပါလာပါက ဖြစ်နိုင်တဲ့အကြောင်းအရင်းမှာ ကလေးနို့စို့တဲ့အချိန်မှာ မိခင်ရဲ့ နို့ဦးခေါင်းကွဲသွားပြီး သွေးထွက်လာတာကြောင့် ကလေးရဲ့၀မ်းဗိုက်ထဲကို ရောက်သွားတာ ဖြစ်ပါတယ်။ စိတ်ပူပန်စရာကိစ္စ မဟုတ်ပေမယ့် အကောင်းဆုံးကတော့ ဆရာ၀န်နှင့် သွားရောက်ပြသ၍ အခြားရောဂါတစ်ခုခုရဲ့ လက္ခဏာ ဟုတ်၊ မဟုတ်ကို စစ်ဆေးသင့်ပါတယ်။

 

>> ကလေး၀မ်းပုံစံမှ ပြောပြသော သတိပေးလက္ခဏာများ

          ကလေးငယ်ရဲ့ ၀မ်းထဲမှာ အောက်ပါတို့ကို သတိထားမိပါက ကလေးဆရာ၀န်ထံ ချက်ချင်းသွားရောက်သင့်ပါတယ်။

 

8.      ၀မ်းလျှောခြင်း

          ကလေးရဲ့၀မ်းဟာ အရည်သာသာဖြစ်၍ အစိမ်းရောင်၊ အဝါရောင် (သို့) အညိုရောင်ရှိပါက ရောဂါပိုး (သို့) ဓာတ်မတည့်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အချိန်မီကုသမှု မခံယူပါက ရေဓာတ်ဆုံးရှုံးမှုများ ဖြစ်နိုင်ပါတယ်။

 

9.      ၀မ်းချုပ်ခြင်း

          ၀မ်းဟာ အလွန်မာပြီး ကျောက်ခဲတုံးလို ဖြစ်နေပါက ကလေးငယ်ဟာ ၀မ်းချုပ်နေတာ ဖြစ်နိုင်ပါတယ်။ ၀မ်းချုပ်ခြင်းဟာ ကလေးငယ်ကို အစားအစာတွေ စတင်ကျေွးတဲ့အချိန်မှာ ဖြစ်လေ့ရှိပြီး နို့ (သို့) ပဲနို့နဲ့ ဓာတ်မတည့်တာ၊ မိခင်နို့ (သို့) နို့မှုန့်မှာပါတဲ့ ပစ္စည်းတစ်မျိုးမျိုးကို မခံနိုင်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

10.    ၀မ်းထဲ၌ သွေးပါခြင်း

          ကလေးငယ်ကို ကျေွးတဲ့အစာတွေထဲမှာ ခရမ်းချဉ်သီးကဲ့သို့ အနီရောင်ရှိတဲ့ အစားအစာတွေ ပါ၀င်ပါက ကလေးငယ်ရဲ့ ၀မ်းအရောင်ဟာ အနီရောင်ဖြစ်နိုင်သော်လည်း ၀မ်းထဲမှာ သွေးပါတာလည်း ဖြစ်နိုင်ပါတယ်။ နို့နဲ့ ဓာတ်မတည့်တာကြောင့်လည်း ပုံမှန်၀မ်းထဲမှာ သွေးပါလေ့ရှိပြီး ၀မ်းလျှောနေတဲ့အချိန်မှာ သွေးပါ,ပါက ဘက်တီးရီးယားပိုးကြောင့် ဖြစ်နိုင်ပါတယ်။

 

11.    ၀မ်းထဲ၌ ချွဲပါခြင်း

          ကလေးငယ်ရဲ့ ၀မ်းထဲမှာ အစိမ်းရောင်အမျှင်တွေ ကပ်ငြိနေခြင်းဟာ အကျွိအချွဲတွေ ပါနေတယ်လို့ သိနိုင်ပါတယ်။ ကလေးရဲ့သွားရေတွေကြောင့် ဖြစ်နိုင်တယ်ဆိုသော်ငြားလည်း ရောဂါပိုး၀င်တဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါသေးတယ်။

 

12.    အဖြူရောင်၀မ်းသွားခြင်း

          မြေဖြူခဲက့သို့ ၀မ်းအဖြူရောင်သွားခြင်းဟာ အစာကို ကောင်းစွာမချေဖျက်နိုင်တဲ့ သတိပေးလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ၀မ်းအဖြူရောင်ဖြစ်ရခြင်းမှာ အသည်းမှ သည်းခြေရည်တွေ မရှိတာကို ညွှန်ပြနေပါတယ်။

          ကလေးငယ်တွေဟာ မွေးပြီးခါစ နှစ်အနည်းငယ်တိုင်အောင် ၀မ်းပုံစံဟာ ပုံမှန်ဖြစ်နေပါက ကလေးငယ်ရဲ့ ကြီးထွားနှုန်းနဲ့ ပြောင်းလဲမှုတွေဟာလည်း ပုံမှန်လို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် ၀မ်းပုံစံ ပြောင်းလဲလာတာနဲ့ တစ်ပြိုင်နက် ဘာရောဂါလက္ခဏာမျှ မပြသည့်တိုင်အောင် ဆရာ၀န်ထံ ချက်ချင်းသွားရောက် ပြသသင့်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)