ကလေးတွေမှာ ဗီတာမင် C ဓာတ် လွန်ကဲရင်ဘာတွေဖြစ်နိုင်သလဲ
ဗီတာမင် C ဆိုတာကတော့ အအေးမိခြင်းကို မြန်မြန်ပျောက်ကင်းစေပြီး ခန္ဓာကိုယ်ရှိတစ်သျှူးတွေရဲ့ ကြီးထွားခြင်းကိုထိန်းသိမ်းထားတဲ့ အင်တီအောက်ဆီးဒင့်လို့ လူသိများနေတဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင် C မထုတ်ပေးနိုင်တဲ့အတွက် ကလေးတွေအနေနဲ့ ဗီတာမင် C ပါတဲ့အစားအစာတွေ စားသုံးပေးဖို့လိုအပ်ပါတယ်။ စတော်ဘယ်ရီ၊ လိမေ္မာ်သီးဖျော်ရည်ကစပြီး သစ်သီးနဲ့ပြုလုပ်ထားတဲ့စားစရာတွေစသည်ဖြင့် အစားအစာအမျိုးမျိုးကနေပြီး ဗီတာမင် C ဓာတ်ကို ရရှိနိုင်ပါတယ်။ ဗီတာမင် C ချို့တဲ့ပါက ရေစီးကမ်းပြိုဖြစ်ခြင်းကဲ့သို့သောရောဂါမျိုးတွေဖြစ်တတ်တယ်ဆိုတာကို လူအများသိကြပေမယ့် ဗီတာမင် C လွန်ကဲခြင်းရဲ့ အကျိုးဆက်တွေကိုတော့ သိရှိသူနည်းနေပါသေးတယ်။
ဗီတာမင် C လွန်ကဲခြင်းက ရှားတယ်ဆိုပေမယ့်လည်း ဖြစ်နိုင်ပါတယ်။
ကလေးတစ်ယောက်က သူ့အသက်အရွယ်မှာအများဆုံးသောက်သင့်တဲ့ပမာဏထက် ဗီတာမင် C ကို ပိုသောက်မိတယ်ဆိုရင် ဗီတာမင် C လွန်ကဲတတ်ပါတယ်။ ဗီတာမင် C လွန်ကဲပါက နေမကောင်းတဲ့လက္ခဏာတွေပြလာတတ်ပေမယ့် အရေးပေါ်ကုသမှုတော့မလိုအပ်ပါဘူး။ ဒါ့အပြင် အများအားဖြင့် ဗီတာမင် C ကို ခန္ဓာကိုယ်ထဲမှာသိုလှောင်ထားခြင်းမရှိတဲ့အတွက် အရမ်းလည်းစိတ်ပူစရာမလိုပါဘူး။ အစားအစာတွေ၊ သစ်သီးတွေနဲ့ အားဆေးတွေကနေပြီး ဗီတာမင် C ဓာတ်လွန်ကဲသွားရင်တောင် ပိုနေတဲ့ဗီတာမင်တွေကို ဆီးထဲမှတစ်ဆင့်စွန့်ထုတ်လိုက်ပါတယ်။
အသက်အရွယ်အလိုက်နေ့စဉ်သောက်သင့်သော ဗီတာမင် C ပမာဏ
- မွေးကင်းစမှ အသက် ၆ လအထိ - တစ်နေ့လျှင် 40 mg
- အသက် ၇လမှ တစ်နှစ်အထိ - တစ်နေ့ 50 mg
- အသက် ၁နှစ်မှ ၃ နှစ်အထိ - တစ်နေ့ 15 mg
- အသက် ၄နှစ်မှ ၈ နှစ်အထိ - တစ်နေ့ 25 mg
- အသက် ၉ နှစ်မှ ၁၃ နှစ်အထိ - တစ်နေ့ 45 mg
- အသက် ၁၄နှစ်မှ ၁၈ နှစ် - မိန်းကလေး 65 mg, ယောကျ်ားလေး 75 mg
ဗီတာမင် C လွန်ကဲခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ
အများအားဖြင့် ဗီတာမင် C လွန်ကဲခြင်းကြောင့် ကလေးက နေမကောင်းဖြစ်ပြီး နေရတာသက်တောင့်သက်သာမဖြစ်တာကလွဲပြီး အန္တရာယ်ဖြစ်လောက်အောင်တော့ ဆိုးကျိုးမဖြစ်ပါဘူး။
ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြငး်၊ ရင်ပူခြင်း၊ ဗိုက်နာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အိပ်မပျော်ခြင်းတို့ဖြစ်ကြပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းလည်း ဖြစ်နိုင်ချေများပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















