ကလေးများတွင် ကြုံတွေ့ရသော သွေးအားနည်းရောဂါ
သွေးအားနည်းတယ် ဆိုတာက ကလေးအသက်အရွယ်အတွက် ရှိသင့်တဲ့ သွေးနီဥပမာဏအောက် လျော့နည်းနေခြင်း ဖြစ်ပါတယ်။ သွေးအားနည်းတဲ့အခါမှာ ကလေးက ဖြူဖျော့လာမယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ အားနည်းနေစေပါတယ်။ ဒီလက္ခဏာတွေက မိဘတွေကို စိတ်ပူစေပေမယ့်လည်း သွေးအားနည်းခြင်းကို အထူးသဖြင့် စောစောသိမယ်ဆိုရင် ကုသရ လွယ်ကူပါတယ်။ မိဘတွေအနေနဲ့ သွေးအားနည်းရောဂါကို ကာကွယ်နိုင်မယ့်အချက်တွေကို သိထားဖို့ လိုပါတယ်။
လျင်မြန်စွာ ကြီးထွားခြင်းက သွေးအားနည်းစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တဲ့အတွက် ကလေး ပထမဆုံး အသက် တစ်နှစ်နဲ့ မြီးကောင်ပေါက်အရွယ်တွေက သွေးအားနည်းရောဂါ အဖြစ်များတဲ့အရွယ်တွေပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက်က အောက်ပါအခြေအနေတွေမှာ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။
● သွေးနီဆဲလ် လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်း
ကလေးရဲ့ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ သံဓာတ် (သို့) အခြားအာဟာရဓာတ်တွေ လံုံလောက်စွာ မရရှိတဲ့အခါမှာ ဖြစ်နိုင်ပါတယ်။ (သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ)
● သွေးနီဆဲလ်တွေ အများကြီးကို ဖျက်ဆီးပစ်လိုက်ခြင်း
ကလေးမှာ နောက်ခံရောဂါတစ်ခုခု (သို့) မွေးရာပါ သွေးရောဂါ တစ်ခုခုရှိရင် ဒီလိုအခြေအနေကို ကြုံတွေ့ရစေနိုင်ပါတယ်။ (sickle cell anaemia - သွေးနီဥများ ပုံစံမမှန်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ)
● သွေးထွက်ရာမှ သွေးနီဆဲလ်များ ဆုံးရှုံးခြင်း
သွေးဆုံးရှုံးမှု များခြင်း (ရာသီသွေးဆင်း အရမ်းများတာ) (သို့) သွေးနည်းနည်းစီ နာတာရှည် ဆုံးရှုံးမှုရှိခြင်း (ဝမ်းမှတစ်ဆင့်)
>> သွေးအားနည်းရောဂါ၏ အဖြစ်များသော ရောဂါလက္ခဏာများ
● အသားအရေ ဖြူဖျော့ခြင်း၊ မီးခိုးရောင်ရှိခြင်း (မျက်ခမ်းတစ်လျှောက်နဲ့ လက်သည်းခွံတွေက ပုံမှန်ပန်းရောင်မသန်းဘဲ ဖြူဖျော့နေနိုင်ပါတယ်။)
● ဂဏှာမငြိမ်ခြင်း
● အားနည်းခြင်း
● မောပန်းလွယ်ခြင်း
● သွေးနီဆဲလ်တွေ ပျက်စီးမှုရှိတဲ့ ကလေးတွေမှာတော့ အသားဝါပါ ဖြစ်နိုင်ပါတယ်။
သွေးအားနည်းရောဂါ ပြင်းထန်ဆိုးရွားပါက အောက်ပါလက္ခဏာတွေကိုပါ ကြုံတွေ့ရနိုင်ပါတယ်။
● အသက်ရှူမြန်ခြင်း
● နှလုံးခုန်မြန်ခြင်း
● လက်နှင့်ခြေထောက်များ ဖောရောင်ခြင်း
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါရှိတဲ့ ကလေးတွေက ထူးဆန်းတဲ့အရာတွေကို ကောက်စားတတ်ပါတယ်။ ဒါကို pica လို့ ခေါ်ပါတယ်။ ဒီအကျင့်က ခဲဆိပ်ကဲ့သို့သော အဆိပ်ရှိတဲ့အရာတွေကို ကောက်မစားခင်အထိတော့ အန္တရာယ်မရှိပါဘူး။ ဒီအကျင့်က သွေးအားနည်းရောဂါကို ကုသပြီးနောက်နှင့် ကလေး ကြီးလာတဲ့အခါမှာ အကျင့်ပျောက်သွားလေ့ ရှိပါတယ်။
ကလေးမှာ ဒီရောဂါလက္ခဏာတွေအနက် တစ်ခုခု တွေ့ရပါက ကလေးဆရာဝန်နဲ့ ပြပါ။ သွေးအားနည်းရောဂါ သိပ်မဆိုးဘူးဆိုရင်တောင်မှ ကလေးရဲ့စွမ်းအင်၊ အာရုံစိုက်နိုင်မှုနဲ့ သင်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ နာတာရှည် သံဓာတ်ချို့တဲ့,တဲ့ သွေးအားနည်းရောဂါက နာတာရှည်၊ အမြဲတမ်း ဖွံ့ဖြိုးမှုပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့်တော့ သွေးစစ်ဆေးကြည့်လိုက်တာနဲ့ သွေးအားနည်းခြင်း ရှိ၊ မရှိ သိနိုင်ပါတယ်။
>> မိမိရဲ့ရင်သွေးလေးတွေကို သွေးအားမနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ?
သံဓာတ်ချို့တဲ့ခြင်းနဲ့ အခြားအာဟာရဓာတ်များ ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါတွေကို အာဟာရဓာတ် ညီမျှစွာ ပါဝင်တဲ့ အစားအစာတွေ စားသုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါကို ကာကွယ်နိုင်ဖို့ -
● ကလေး အသက် ၁၂ လ မကျော်မချင်း နွားနို့ မတိုက်ပါနဲ့။ ကလေး အရွယ်မတိုင်ခင် နွားနို့တိုက်ခြင်းက ဝမ်းထဲမှာ သွေးဆံုံးရှုံးမှုကို ဖြစ်စေပြီး အူကနေပြီး သံဓာတ်စုပ်ယူမှုကို နည်းစေပါတယ်။
** ကလေးကို မိခင်နို့တိုက်နေပါက - ကလေးအသက် ၄ လအထိ လိုအပ်တဲ့ သံဓာတ်ပမာဏကို ရရှိမှာပါ။ ၄ လကျော်လာပြီးနောက်မှာ မိခင်နို့ပဲ ဆက်တိုက်နေသလို အစာမာ ကျွေးပြီဆိုရင် သံဓာတ်ပါတဲ့ အစားအစာတွေကို ကျွေးပါ။
** ကလေးနို့ဘူး တိုက်ပါက - သံဓာတ်အားဖြည့်ထားတဲ့ နို့မှုန့်တိုက်ပါ။ သံဓာတ်နည်းတဲ့ နို့မှုန့်တွေက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။
● ကလေးကြီးတွေကိုလည်း တစ်နေ့ကို နွားနို့ နှစ်ခွက်ထက် ပိုမတိုက်ပါနဲ့။ နွားနို့က သံဓာတ်ပါဝင်မှု နည်းပြီး ကလေးကို ပြည့်အင့်စေတဲ့အတွက် အခြား သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားတာ နည်းသွားစေပါတယ်။
● ကလေးကြီးတွေကို သံဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့အတူ အာဟာရဓာတ်တွေ ညီညွတ်မျှတစွာ ကျွေးပါ။ ကောက်ပဲသီးနှံတွေနဲ့ အစေ့အဆံ တော်တော်များများမှာ သံဓာတ်အားဖြည့်ထားပါတယ်။ (ပါဝင်ပစ္စည်းအညွှန်းကို ဖတ်ပါ) သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အနီရောင်အသား၊ ကြက်ဥအနှစ်၊ အာလူး၊ ခရမ်းချဉ်သီး၊ ပဲ စသည်တို့ ဖြစ်ကြပါတယ်။
● သံဓာတ်စုပ်ယူမှု အားကောင်းစေဖို့အတွက် ချဉ်တဲ့ဖျော်ရည်တွေနဲ့ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေ ကျွေးပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်ပါဝင်မှု များပေမယ့်လည်း ဟင်းသီးဟင်းရွက်တွေကနေလာတဲ့ သံဓာတ်ပုံစံကို ခန္ဓာကိုယ်က စုပ်ယူဖို့ ခက်ခဲပါတယ်။ ဒီပြဿနာကို ဗီတာမင် C က ကူညီပေးနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဗီတာမင် C နဲ့ တွဲဖက်စားသုံးပေးခြင်းဖြင့် စုပ်ယူမှုကို အားကောင်းစေပါတယ်။
>> မွေးရာပါသွေးနီဥပြဿနာကြောင့်ဖြစ်သော သွေးအားနည်းရောဂါကို ကာကွယ်ရန်
ကလေးအထူးကုက သွေးရောဂါဆိုင်ရာ ကလေးအထူးကုဆီကို လွှဲပေးပါလိမ့်မယ်။
ကလေးမှာ သွေးအားနည်း ရောဂါလက္ခဏာတွေ တွေ့တာနဲ့ ဆရာဝန်သွားပြပါ။ မိသားစုထဲမှာ သွေးအားနည်းရောဂါရာဇဝင် (သို့) သွေးထွက်လွယ်တဲ့ပြဿနာတွေ ရှိ၊ မရှိလည်း ရှာကြည့်ပါ။ မှန်ကန်တဲ့ကုသမှုကို ခံယူပါက ကလေးရဲ့ သွေးအားနည်းရောဂါက မြန်မြန်ပြန်ကောင်းလာမှာပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
>> သှေးအားနညျးရောဂါ၏ အဖွဈမြားသော ရောဂါလက်ခဏာမြား
Dr. Mya Myo Myo Swe (www.drmyanmar.com)















