ကလေးများနဲ့ နားပိုးဝင်ခြင်း
ကလေးနားကိုက်နေပြီး ဂျီကျနေတယ်ဆိုရင်တော့ နားပိုးဝင်နေနိုင်ပါတယ်။ အလယ်နားပိုးဝင်ခြင်းဟာ အသက်၆လမှ၃နှစ်အတွင်းကလေးတွေမှာ အဖြစ်များတတ်ပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့်သော်လည်းကောင်း၊ ဘတ်တီးရီးယားပိုးကြောင့်သော်လည်းကောင်း ဖြစ်နိုင်ပြီး လတ်တလောပိုးဝင်တာဖြစ်နိုင်သလို၊ နာတာရှည်ဝင်တာကိုလည်း တွေ့ရတတ်ပါတယ်။
လတ်တလောပိုးဝင်ခြင်း : လတ်တလောနားပိုးဝင်သူတွေမှာ နားကိုက်ပြီး ရံဖန်ရံခါအဖျားဝင်တတ်ကြပါတယ်။ ယာယီအကြားအာရုံချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။
နာတာရှည်ပိုးဝင်ခြင်း : နားစည်နောက်ပိုင်းအရည်မှာ ပိုးမဝင်ပေမယ့် ၃လထက်ပိုပြီးနာနေတတ်ပါတယ်။ အရည်တွေက အကြားအာရုံကို ဝေဝါးစေနိုင်တာကြောင့် စကားပြောခြင်းကိုလည်း အဟန့်အတားဖြစ်လာစေနိုင်ပါတယ်။
ကလေးနားပိုးဝင်ခြင်းနဲ့ပတ်သတ်ပြီး မိဘတွေစိုးရိမ်လေ့ရှိတဲ့ မေးခွန်း၅ခွန်း ရှိပါတယ်။
၁။ ကလေးတွေမှာ နားပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကဘာလဲ?
• နားကိုမကြာခဏကိုင်နေခြင်း
• နားအတွင်းမှနို့နှစ်ရောင် သို့မဟုတ် အဝါရောင်အနံ့ဆိုးဆိုးအရည်တွေ ထွက်လာခြင်း
• ဂျီကျနေခြင်း
• အဖျား၁၀၀ဒီဂရီကျော်ခြင်း
• အသက်ရှူ လမ်းကြောင်းအပေါ်ပိုင်းပိုးဝင်ခြင်း
• ကလေးနားမကြားဘူးလို့ ခံစားရခြင်း
၂။ နားပိုးဝင်ခြင်းကိုဘယ်လိုကုသကြမလဲ?
ပိုးသတ်ဆေးတော့ အမြဲတစေမလိုအပ်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားနည်းလမ်းတွေနဲ့လည်း ကုသနိုင်ပါတယ်။
အကယ်၍ မကြာခဏနားပိုးဝင်နေပြီး ကလေးရဲ့လုပ်ဆောင်မှုတွေကို ကျဆင်းစေတယ်လု့ိ ထင်မြင်ရင်တော့ နားတွင်းပိုက်ပြွန်လေးထည့်နိုင်ပါတယ်။ နားတွင်းပိုက်ပြွန်လေးတွေဟာ နားထဲကအရည်တွေကို ဆင်းစေပြီး နာကျင်ကိုက်ခဲမှုတွေ သက်သာစေကာ နောက်ပိုင်းပိုးထပ်မဝင်အောင်လည်း တားဆီးပေးနိုင်ပါတယ်။
၃။ နားတွင်းပိုက်ပြွန်မထည့်ခင် ဘယ်လောက်စောင့်ဆိုင်းသင့်သလဲ?
• ၆လအတွင်း၃ကြိမ်နားပိုးဝင်ခြင်း သို့မဟုတ် ၁၂လအတွင်း၆ကြိမ်နားပိုးဝင်ခြင်း
• ပိုးသတ်ဆေးသောက်တာတောင်နားပိုးဝင်တာမသက်သာခြင်း
• နားစည်နောက် ၃လထက်ကြာအောင် အရည်စုပြီး အကြားအာရုံချို့ယွင်းခြင်း စတဲ့လက္ခဏာတွေရှိခဲ့ရင်တော့ နားတွင်းပိုက်ပြွန်ထည့်ဖို့ စဉ်းစားသင့်ပါတယ်။
၄။ နားတွင်းပိုက်ပြွန်ထည့်တဲ့အခါဘာဖြစ်တတ်သလဲ?
ခွဲစိတ်မှုဟာ၁၀မိနစ်မှ၁၅မိနစ်ခန့်မျှသာ ကြာနိုင်ပါတယ်။ ကလေးကို မျက်နှာဖုံးနဲ့ မေ့ဆေးပေးပြီး ဆရာဝန်က နားထဲကနားချေးတွေကို ဖယ်ရှင်းထုတ်ပစ်ပါလိမ့်မယ်။ အရည်တွေအကုန်ထုတ်ပြီးနောက်မှာ နားစည်ခွဲကြောင်းအပေါက်ရာလေးကနေ ပိုက်ပြွန်လေးထည့်လိုက်ရပါတယ်။ နာရင်အကိုက်အခေဲပျာက်ဆေးသောက်နိုင်ပေမယ့် လိုလေ့မရှိပါဘူး။ နားစိုစွတ်နေစေဖို့နဲ့ အနာကျက်မြန်စေဖို့ နားအစက်ချဆေးရည်လေးကို ရက်အနည်းငယ်မျှ ထည့်ပေးနိုင်ပါတယ်။
ခွဲစိတ်ပြီးတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပြီး နောက်ရက်မှာတင် ကျောင်းပြန်တက်၊ ပြန်ဆော့ကစားနိုင်ပါတယ်။
၅။ ပိုက်ပြွန်ကိုထုတ်ဖို့နောက်ထပ်ခွဲစိတ်မှုလိုအပ်သလား?
မလိုအပ်နိုင်ပါဘူး။ ထည့်ပြီး၂နှစ်ခန့်အကြာမှာ သူ့အလိုလိုထွက်ကျသွားပါလိမ့်မယ်။ ထွက်ကျသွားတာ သိတောင်သိလိုက်မှာမုတ်ပါဘူး။






























