/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများနဲ့-သွေးအားနည်းရောဂါ

ကလေးများနဲ့ သွေးအားနည်းရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

သွေးအားနည်းရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။

>>  သွေးအားနည်းရောဂါဆိုတာ ဘာလဲ?
Haemoglobin လို့ခေါ်တဲ့ သွေးနီဥတည်ဆောက်ရာမှာ ပါဝင်တဲ့ ပရိုတင်းတစ်မျိုး လုံလုံလောက်လောက် မရှိတာကို ခေါ်ပါတယ်။

>>  ကလေးတွေမှာ တွေ့ရတတ်တဲ့ သွေးအားနည်းရောဂါ အမျိုးအစားတွေက ဘာတွေလဲ?
●  သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ
●  ဗီတာမင် B12 နဲ့ ဖောလစ်အက်စစ် ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ
●  ရောဂါပိုးများနဲ့ တချို့ဆေးဝါးများကြောင့် သွေးနီဥများ အဖျက်ခံရခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
●  Thalassaemia နဲ့ Sickle cell anaemia ကဲ့သို့သော Haemoglobin တည်ဆောက်မှု မမှန်ကန်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ
●  Aplastic anaemia ဆိုတဲ့ ရိုးတွင်းခြင်ဆီက သွေးနီဥမထုတ်နိုင်သောကြောင့်ဖြစ်သော သွေးအားနည်းရောဂါ စတာတွေပဲ ဖြစ်ပါတယ်။

Nutroplex 1

>>  ဘာကြောင့် သွေးအားနည်းရောဂါ ဖြစ်ရတာလဲ?
●  သွေးထွက်ခြင်းကြောင့် သွေးနီဥများ ဆုံးရှုံးခြင်း
●  အာဟာရချို့တဲ့တာနဲ့ ရိုးတွင်းခြင်ဆီ မကောင်းတာကြောင့် သွေးနီဥ လုံလုံလောက်လောက် မထုတ်လုပ်နိုင်ခြင်း
●  ရောဂါပိုးမွှားများနဲ့ သွေးနီဥတည်ဆောက်မှု မမှန်ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ သွေးနီဥများ အဖျက်ခံရခြင်း စတဲ့ အကြောင်းရင်းသုံးချက်ကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။

>>  ဘယ်လိုကလေးတွေက သွေးအားနည်းရောဂါဖြစ်နိုင်ချေ ရှိသလဲ?
●  နေ့မစေ့လမစေ့မွေးသော ကလေးငယ်များ၊ မွေးဖွားစဉ် သာမန်ထက် ကိုယ်အလေးချိန်နည်းသော ကလေးငယ်များ
●  ဆင်းရဲသောနိုင်ငံများနဲ့ ဖွံ့ ဖြိုးဆဲနိုင်ငံတချို့မှ ကလေးငယ်များ
●  အာဟာရစုံလင်စွာ မစားသော ကလေးငယ်များ
●  ခွဲစိတ်ကုသမှု (သို့) မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် သွေးထွက်များသော ကလေးငယ်များ
●  နာတာရှည်ရောဂါအခံရှိသော ကလေးငယ်များ
●  မိသားစုမျိုးရိုးထဲမှာ သွေးရောဂါရာဇဝင်ရှိသော ကလေးငယ်များ စတဲ့ကလေးတွေမှာ သွေးအားနည်းရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။

Nutroplex 2

>>  သွေးအားနည်းရောဂါရှိရင် ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်သလဲ?
ဘာသွေးအားနည်းရောဂါ အမျိုးအစား ဖြစ်တာလဲအပေါ် မူတည်ပြီးတော့ -
●  နှလုံးခုန်မြန်ခြင်း
●  မောခြင်း
●  အလွယ်တကူ ပင်ပန်းလွယ်ခြင်း
●  ခေါင်းမူးခြင်း၊ ထိုင်ရာမှအထမှာ ချာချာလည်အောင် မူးခြင်း
●  ခေါင်းကိုက်ခြင်း
●  ဂနာမငြိမ်ခြင်း၊ ဂျီကျခြင်း
●  အပျိုဖော်ဝင်ချိန် နောက်ကျခြင်း
●  လျှာပြောင်ချော ရောင်ရမ်းနေခြင်း
●  မျက်လုံးဝါ၊ အသားဝါခြင်း
●  အသည်းနဲ့ ဘေလုံး ကြီးခြင်း
●  ကြီးထွားဖွံဖြိုးမှု နှေးခြင်း (သို့) နောက်ကျခြင်း
●  အနာကျက်နှေးခြင်း အစရှိတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

>>  သွေးအားနည်းရောဂါကို ဘယ်လိုကုသလို့ရသလဲ?
မိမိတို့ကလေးဟာ အထက်ဖော်ပြပါလက္ခဏာတွေကို ခံစားနေရပြီဆိုရင် ကျွမ်းကျင်သူများနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကျွမ်းကျင်သူများမှ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သွေးအားနည်းရောဂါ အမျိုးအစားအလိုက် ကုသမှုတွေ ပေးပါလိမ့်မယ်။

>>  သွေးအားနည်းရောဂါကို ဘယ်လိုကာကွယ်လို့ ရနိုင်သလဲ?
မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေကို ကာကွယ်လို့မရပေမယ့် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကိုတော့ ကာကွယ်လို့ ရပါတယ်။ ကလေး နေ့စဉ်စားမယ့် အစားအသောက်ထဲမှာ သံဓာတ်ကြွယ်ဝတဲ့ အသား၊ ဥ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဗီတာမင် B12 ကြွယ်ဝတဲ့ အနီရောင်အသားများနဲ့ ဖောလစ်အက်စစ်ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အသည်း စတာတွေ ပါဝင်အောင် ကျွေးပေးပါ။ လိုအပ်ပါက ဖြည့်စွက်အားဆေးများလည်း တိုက်ကျွေးလို့ ရပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)