ကလေးများနဲ့ ဦးနှောက်အမြှေးပါးရောင်ခြင်း
ဦးနှောက်နဲ့အာရုံကြောမကြီးကို ကာရံထားတဲ့ အမြှေးပါးလေး ရောင်ရမ်းတာကို ဦးနှောက်အမြှေးပါးရောင်တယ်လို့ ခေါ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် ရောင်ရမ်းနိုင်ပါတယ်။
ဦးနှောက်အမြှေးပါးရောင်တယ်ဆိုတာ အဖြစ်များတဲ့ရောဂါတစ်မျိုးတော့ မဟုတ်ပေမယ့် အရေးပေါ်ကုသမှုပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။ ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းဟာ ဘက်တီးရီးယားပိုးတွေ ဗိုင်းရပ်စ်ပိုးတွေ အများကြီးကြောင့်ဖြစ်နိုင်သလို ဝက်သက်၊ ရေကျောက် စတဲ့ရောဂါပိုးတွေရဲ့ နောက်ဆက်တွဲအနေနဲ့လည်း လာတတ်ပါတယ်။
ဘက်တီးရီးယားကြောင့် ဦးနှောက်အမြှေးရောင်ရမ်းခြင်းဟာ ရုတ်တရက် အလျင်အမြန် ဆိုးလာတတ်ပါတယ်။ ရောဂါဖြစ်သူ ကလေး ၅ ယောက်မှာ ၁ ယောက်လောက်ဟာ နားကန်းတာ၊ သွက်ချာပါဒဖြစ်တာ စတဲ့ တစ်သက်တာ နောက်ဆက်တွဲဆိုးကျိုးတွေ ကျန်ရစ်ခဲ့တတ်ကြပါတယ်။ အနည်းအကျဉ်းလောက်မှာ အသက်အန္တရာယ်ရှိသည်အထိကို ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းတာ ပိုများပေမယ့် ဘက်တီးရီးယားကြောင့်လောက်တော့ မဆိုးတတ်ပါဘူး။
ကလေးအများစုကတော့ အချိန်အနည်းငယ် ယူရတတ်ပေမယ့် ပုံမှန်အတိုင်းလောက်ကို နာလန်ထနိုင်ပါတယ်။
>> ဦးနှောက်အမြှေးပါးရောင်ခြင်းရဲ့လက္ခဏာများ
ကလေးရဲ့အသက်ရယ်၊ ဘက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်စ်ကြောင့်လားရယ်ပေါ် မူတည်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။
● ဖျားခြင်း
● အန်ခြင်း
● ခေါင်းကိုက်ခြင်း
● တက်ခြင်း
● ဂျီကျခြင်း၊ အာခေါင်ခြစ်ငိုခြင်း (အထူးသဖြင့် ကလေးငယ်လေးတွေမှာ)
● ငယ်ထိပ်ကလေး ဖောင်းပြည့်လာခြင်း
● နုံးနေခြင်း၊ အိပ်ငိုက်နေခြင်း၊ နှိုးရခက်ခြင်း
● လည်ပင်းကြီး တောင့်နေခြင်း
● အလင်းစူးစူးကို မခံနိုင်ခြင်း
● ကလေးငယ်လေးတွေမှာ ခေါင်းမထူနိုင်ခြင်း၊ ကျောကော့နေခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။
Biogesic for kids IA 1
>> ဆရာဝန်နဲ့ ဘယ်တော့ပြသင့်သလဲ?
အနီစက်တွေ၊ ခရမ်းရောင်အစက်တွေ၊ ဖိလိုက်ရင်ဖြူမသွားတဲ့ အညိုမည်းတွေ ဖြစ်နေပြီဆိုရင် meningococcal ဦးနှောက်အမြှေးရောင်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်ခြင်း ဖြစ်နိုင်ပါတယ်။
ဒီလိုသာဖြစ်နေရင် နီးစပ်ရာဆေးရုံ၊ အရေးပေါ်ဌာနကို ချက်ချင်းခေါ်ဆောင်သွားဖို့ လိုပါတယ်နော်။
ဦးနှောက်အမြှေးရောင်ခြင်းကို သေချာသိနိုင်ဖို့အတွက် ခါးဆစ်ရိုးအရည်ကြည် ဖောက်ယူစစ်ဆေးဖို့ လိုပါတယ်။ အာရုံကြောမကြီးတစ်ဝိုက် ကာရံထားတဲ့ အရည်ကြည်ကို စစ်ဆေးတာပါ။
>> ကုသနည်းတွေကတော့ -
ကလေးမှာ ဦးနှောက်အမြှေးပါးရောင်နေပြီဆိုရင် ဆေးရုံတတ်ဖို့ လိုပါတယ်။ ဘာကြောင့်ဖြစ်တယ်၊ ကလေးအခြေအနေ ဘယ်လိုရှိတယ်ပေါ် မူတည်ပြီး ကုသမှုကွာခြားမှာပါ။
ခါးဆစ်ရိုးအရည်ကြည် ဖောက်စစ်ထားတာက ၂ ရက်၊ ၃ ရက်လောက် ကြာတတ်တာမို့ ကြားမှာ ပိုးသတ်ဆေး ထိုးထားဖို့လိုပါတယ်။
Biogesic for kids IA 2
>> ဗိုင်းရပ်စ် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း
ဘက်တီးရီးယားကြောင့် ဖြစ်တာထက်စာရင် သိပ်မဆိုးပါဘူး။ ပြီးတော့ ပိုးသတ်ဆေးလည်း ထိုးဖို့ မလိုအပ်ပါဘူး။ ကလေးကို သေချာစောင့်ကြည့်ပေးရင်ရပါပြီ။
>> ဘက်တီးရီးယား ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း
ဘက်တီးရီးယားကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်းဟာ ပိုဆိုးပြီး ပိုးသတ်ဆေး လိုအပ်ပါတယ်။ အခြေအနေပြောင်းလဲမှု ရှိ၊ မရှိကိုလည်း တောက်လျှောက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကလေးရဲ့နှလုံးခုန်နှုန်း၊ အပူချိန်၊ သွေးပေါင်ချိန်တွေအပြင် ဦးနှောက်နဲ့အာရုံကြောကိုပါ စောင့်ကြည့်ရပါမယ်။
>> ကလေးကို -
● ဆေးနဲ့အရည်တွေ သွေးကြောထဲကတစ်ဆင့်ပေးခြင်း
● သွေးစစ်ဆေးမှုတွေပြုလုပ်ခြင်း
● ရောင်ရမ်းတာကျအောင် စတီးရွိုက်ပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။
အကယ်၍ ကလေးက meningococcal ပိုးကြောင့် ဦးနှောက်အမြှေးရောင်တာဆိုရင် ကလေးနဲ့ ထိတွေ့မိသူတိုင်းဟာ ပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။
ကလေးရဲ့အသက်၊ ဘက်တီးရီးယားအမျိုးအစားနဲ့ တခြားအကြောင်းအရာတွေပေါ် မူတည်ပြီး ပိုးသတ်ဆေးကို ၃ ပတ်လောက်အထိ ပေးဖို့လိုနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























