/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးများ-တုတ်ယားခြင်းနှင့်-အိပ်ရေးပျက်သော-ညများအကြောင်း

ကလေးများ တုတ်ယားခြင်းနှင့် အိပ်ရေးပျက်သော ညများအကြောင်း

Category
ကလေးများနှင့်ကျန်းမာရေး

           မိဘများ မတွေ့ကြုံချင်သော ပြဿနာများတွင် ရင်သွေးလေးများ တုတ်ထခြင်းလည်း ပါဝင်တယ်ဆို မမှားပါဘူး။ အခုတလော အိမ်က သားလေးတွေ တုတ်ယားလို ့ညတိုင်း အိပ်ရေးပျက်နေရတယ်။ လူကြီးတွေက မသိသာပေမယ့် ကလေးတွေကတော့ အိပ်ရေးပျက်တဲ့အတွက် မနက်ကျောင်းမှာ အိပ်ငိုက်နေကြတယ် ပြောတယ်။ တဖြည်းဖြည်းလည်း ပိန်လာကြသလိုပဲ။ တုတ်ကောင်တွေ ဘယ်လိုပေါက်ပွားလာပါလိမ့်။

          တုတ်ကောင်လေးများဟာ သေးငယ်သော အမျှင်ပုံစံရှိသည့် ကပ်ပါးကောင်လေးများဖြစ်ပြီး လူတို့၏ အူမကြီးနှင့် ဝမ်းအိမ်ထဲတွင် နေထိုင်ကြပါတယ်။ စအိုတစ်ဝိုက်ကို ယားယံစေပြီး ညအခါတွင် ပိုမိုယားယံတတ်တာမို့ မိခင်ကော ရင်သွေးငယ်ကိုပါ အိပ်ရေးပျက်စေတာ အမှန်ပါပဲ။

●        တုတ်ထခြင်းဟာ မူကြိုကလေးငယ်များနှင့် မူလတန်းကလေးများမှာ ပိုအဖြစ်များပါတယ်။ အိမ်ရှိ မိသားစုဝင်တစ်ဦးကနေ တစ်ဦးဆီ လွယ်ကူစွာ ကူးစက်နိုင်တာမို့ တစ်ယောက်ယောက်တွင် တုတ်ထခြင်းရှိပါက အမြန်ကုသသင့်ပါတယ်။

●        တုတ်ကောင်ရဲ့ ဥများကို စားမိခြင်း သို့မဟုတ် ရှူမိခြင်းဖြင့် ကူးစက်တတ်ပါတယ်။ ထို့ပြင် ဥများနှင့် ထိတွေ့မိခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။

●        တုတ်ထခြင်းရဲ့ လက္ခဏာများကတော့ စအိုဝ ယားယံခြင်းဖြစ်ပြီး ညအခါမှာ အလွန်အမင်း ယားယံတတ်တာမို့ ကလေး အိပ်ရေးပျက်ပြီး မအီမသာ ဖြစ်နိုင်ပါတယ်။ မိန်းကလေးငယ်များတွင် မိန်းမကိုယ် ယားယံခြင်းနှင့် အရည်ကြည်ဆင်းခြင်းကိုပါ ဖြစ်စေတတ်ပါတယ်။ ထိုကနေတဆင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ မိန်းမကိုယ် ယောင်ယမ်းခြင်းနှင့် သားအိမ်ယောင်ယမ်းခြင်းကိုပါ ဖြစ်စေတတ်တာမို့ ဂရုစိုက်သင့်ပါတယ်။

●        တုတ်ယားသောကြောင့် ကုတ်မိရာကနေ စအိုအရေပြားများ စုတ်ပြဲပြီး ပိုးဝင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။

●        အချိန်ကြာလာတာနှင့်အမျှ တုတ်ကောင်လေးများဟာ ကလေးကိုယ်ခန္ဓာတွင် ကပ်ပါးနေထိုင်ပြီး အာဟာရများကို စားသုံးမှာမို့ ကလေး ပိန်လာခြင်း၊ ဗိုက်နာခြင်းနှင့် ပျို့အန်ခြင်းတို့ပါ ခံစားရမှာ ဖြစ်ပါတယ်။

●        သင့်ကလေးငယ်တွင် တုတ်ထခြင်း ဖြစ်ပေါ်နေသည်ဟု သံသယရှိပါက သူ့ရဲ့ဝမ်းကို စစ်ဆေးပါ။ ကလေး အိပ်ရာနှင့် ဘောင်းဘီတို့တွင်လည်း တွေ့ရှိနိုင်ပါတယ်။ ကလေးအိပ်ပျော်ပြီး နာရီအနည်းငယ်အကြာတွင် ဓာတ်မီးအသုံးပြုပြီး စအိုဝကို ကြည့်ရှုပါ။ အဖြူရောင် အကောင်သေးသေးလေးများကို ကြိုးမျှင်များသဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။

●        တုတ်ထနေသော ကလေးငယ်များကို သန်ကောင်၊ တုတ်ကောင်ကျဆေးများ တိုက်ကျွေးရပါမယ်။ ဈေးကွက်တွင် အလွယ်တကူ ဝယ်နိုင်သော Albendazole Mebendazole စသော ဆေးများကို ဆရာဝန် ညွန်ကြားချက်ဖြင့် တိုက်ကျွေးသင့်ပါတယ်။

●        ဆေးတိုက်ရုံသာမက ကလေးရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထား ဂရုစိုက်ပေးပါ။ တစ်ပတ်တစ်ကြိမ် လက်သည်း ညှပ်ပေးခြင်း၊ မသန့်ရှင်းသောအရာများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆေးကြောခြင်း၊

●        အဝတ်အစားများကို ပုံမှန်လျှော်ဖွပ်ခြင်း၊ အိပ်ရာခင်းများကို အပတ်စဉ်လဲခြင်း၊ တုတ်ကောင် စွန်းပေနေသော အိပ်ရာခင်းနှင့်အဝတ်အစားများကို ရေနွေးဖြင့် လျှော်ဖွပ်ခြင်းတို့ကို ပြုလုပ်ပေးပါ။

●        ကလေးကစားစရာများတွင်လည်း တုတ်ကောင်ဥများ ကပ်နေနိုင်တာကြောင့် ရေဖြင့် ဆေးကြောပါ။

●        တုတ်ကောင်ဥများဟာ အလင်းကိုကြောက်တာမို့ အိမ်ကို အလင်းရောင်ရအောင် ပြင်ဆင်ပါ။

          အထက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း  သင့်အိမ်တွင်ရှိသော တုတ်ကောင်များကို ကုန်စင်အောင် တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)