/
news/ကလေးများနှင့်ကျန်းမာရေး/တစ်နှစ်အောက်-ကလေးငယ်တွေ-အစာ-ကောင်းကောင်းမစား၊-နို့-ကောင်းကောင်းမစို့ရင်

တစ်နှစ်အောက် ကလေးငယ်တွေ အစာ ကောင်းကောင်းမစား၊ နို့ ကောင်းကောင်းမစို့ရင် ဘာတွေဖြစ်နိုင်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

    အသက် တစ်နှစ်အောက်ကလေးတွေမှာ နို့ ကောင်းကောင်းမစို့ဘူး၊ ခြောက်လအထက်မှာဆိုရင် ဖြည့်စွက်စာကိုလည်း ကောင်းကောင်းမစားဘူးဆိုရင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
    ဘာလို့ နို့ကောင်းကောင်းမစို့ရလဲဆိုရင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက အစာချေးများတာနဲ့ မတူပါဘူး။ ဘာကိုမှကို ကောင်းကောင်းမစားတာပါ။ အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် ကောင်းကောင်းမစားဘူး၊ နို့ကောင်းကောင်း မစို့ဘူးဆိုရင် အာဟာရချို့တဲ့မှာက အစိုးရိမ်ရဆုံးပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကလေးသေဆုံးရခြင်းရဲ့ 45% လောက်က အာဟာရချို့တဲ့လို့ဖြစ်ရတယ်လို့ ခန့်မှန်းထားပါတယ်။
    ကလေးငယ်စဉ်မှာကတည်းက အာဟာရမချို့တဲ့ဖို့၊ လိုအပ်တဲ့အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ ဒါတွေ ချို့တဲ့ရင် ကလေးဘဝတစ်လျှောက်လုံးမှာ ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကို ထိခိုက်ပါမယ်။

>>    ကလေးတွေ ဘာလို့ အစာ ကောင်းကောင်းမစား၊ နို့ ကောင်းကောင်းမစို့သလဲ
    အဖြစ်များဆုံး အကြောင်းအရင်းတွေထဲက တစ်ခုကတော့ လမစေ့ဘဲမွေးလို့ပါ။ လမစေ့ဘဲ မွေးလာတဲ့ကလေးတွေက နို့စို့ဖို့၊ နို့ကိုမျိုချဖို့ မတတ်သေးလို့ နို့ ကောင်းကောင်းမစို့နိုင်ပါဘူး။ ကလေးကြီးလာတာနဲ့ နို့စို့တာ ပိုများလာပါလိမ့်မယ်။ ဒီတော့ ကိုယ့်ရဲ့ကလေးက လမစေ့ဘဲမွေးထားပြီးတော့ ဆေးရုံကနေ ဆင်းလာတဲ့အချိန်အထိ ကလေးနို့စို့တာနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေရှိနေသေးတယ်ဆိုရင် ကလေးဆရာဝန်ကို သေချာမေးဖို့ လိုပါတယ်။
    မွေးရာပါရောဂါတွေဖြစ်တဲ့ ရေယုန်၊ အသားဝါ၊ ဗိုင်းရပ်စ်ပိုးကြောင့် အူရောင်ခြင်းတွေကြောင့်လည်း နို့စို့နည်းနိုင်ပါတယ်။ ဒါတွေကို ကုလိုက်ရင် နို့ကောင်းကောင်း ပြန်စို့ပါလိမ့်မယ်။

>>    ပြင်းထန်သောအခြေအနေများ
●    Beckwith-Wiedemann Syndrome ဆိုတဲ့ ကြီးထွားဖွံဖြိုးမှုလွန်ကဲတဲ့ ရောဂါလက္ခဏာစုကြောင့်လည်း နို့စို့နည်းနိုင်ပါတယ်။ ဒီရောဂါက ကမ္ဘာပေါ်မှာ မွေးကင်းစကလေး 13700 မှာ တစ်ယောက်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ တခြားပြင်းထန်တဲ့ အခြေအနေတွေကတော့ -
●    မွေးရာပါ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း - သိုင်းရွိုက်ဂလင်း ပုံမှန်မဖွံ့ဖြိုးတာ၊ အလုပ်ကောင်းကောင်း မလုပ်နိုင်တာတွေကြောင့်ပါ။
●    Hypoplastic left heart - နှလုံးရဲ့ဘယ်ဘက်ခြမ်းက ပုံမှန်မဖွံ့ဖြိုးလို့ သွေးတွေကို ခန္ဓာကိုယ်ထဲကို ကောင်းကောင်း ညှစ်မထုတ်နိုင်တဲ့ ရှားပါးရောဂါတစ်မျိုးပါ။
●    Infant botulism - မွေးကင်းစကလေးငယ်က Clostridium botulinum ဆိုတဲ့ ဘက်တီးရီးယားပိုးကို မျိုချမိလို့ ခန္ဓ္ဓာကိုယ်ထဲမှာ အန္တရာယ်ရှိတဲ့ အဆိပ်တွေကို ထုတ်ပြီးတော့ အသက်ရှူတာ၊ နို့စို့တာတွေကို ထိခိုက်စေတဲ့အခြေအနေတစ်မျိုးပါ။
●    Down syndrome

>>    သိပ်မပြင်းထန်သော အကြောင်းအရင်းများ
    ယာယီ နေမကောင်းတာတွေကြောင့်လည်း ကလေးက နို့စို့ရင် နာလို့၊ မသက်မသာဖြစ်လို့ နို့စို့နည်းသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီတော့ နို့စို့တာကို နှောင့်ယှက်နိုင်တဲ့အခြေအနေတွေကတော့ -
●    ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
●    နားထဲကို ရောဂါပိုးဝင်ခြင်း
●    အအေးမိ၊ ချောင်းဆိုးခြင်း
●    သွားစပေါက်ခြင်း
    ကလေးနဲ့ ပတ်သက်ပြီးတော့ သံသယဖြစ်စရာရှိတယ်၊ စိုးရိမ်တယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ သွားပြတာ မမှားပါဘူး။

>>    အရေးပေါ်အခြေအနေများ
    ကလေး အစာစားနည်းတာ၊ နို့စို့နည်းတာက အောက်ပါအခြေအနေတွေနဲ့ တွဲဖြစ်တယ်ဆိုရင် အရေးပေါ်ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
●    ၄ နာရီကျော်လောက် နို့မစို့ခြင်း၊ အစာမစားခြင်း
●    အပူချိန် 100°F အထက်တက်ခြင်း
●    အစာစားပြီး၊ နို့စို့ပြီးရင် အန်ခြင်း
●    အန်တဲ့ထဲမှာ သွေးပါခြင်း
●    ချောင်း အမြဲဆိုးနေခြင်း၊ ချောင်းဆိုးတာ ပိုဆိုးလာခြင်း
●    အမြဲငိုနေခြင်း
●    ဝမ်းထဲတွင် သွေးပါခြင်း
●    အသက်ရှူရင် အသံမြည်ခြင်း
●    ကလေးကို ထိတွေ့ရင်တုန့်ပြန်မှုမရှိခြင်း

Ceelin 1

>>    အစာ ကောင်းကောင်းမစား၊ နို့ ကောင်းကောင်းမစို့တဲ့ ကလေးတွေကို ဘယ်လိုကုသလို့ရလဲ
    အစာ မစားစေတဲ့အကြောင်းကို ရှာပြီးတော့ ကုလိုက်ရင် ကောင်းသွားပါလိမ့်မယ်။ ရောဂါပိုး ဝင်လို့ဖြစ်တာဆိုရင် ရောဂါပိုးကို ကုလိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။
    ဒီထဲမှာဆိုရင် အစာကိုနည်းနည်းနဲ့ မကြာခဏ ကျွေးပေးတာ၊ တချို့ကလေးတွေဆိုရင် အမေနို့တိုက်ရာကနေ နို့ဘူးပြောင်းတိုက်ကြည့်တာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ ကလေးက နို့မတဲ့တာတွေရှိရင် ကလေးနဲ့ သင့်တော်မယ့် နို့အမျိုးအစားကို ဆရာဝန်က ညွှန်ပါလိမ့်မယ်။ နို့ဘူးတိုက်နေတယ် ဆိုရင်လည်း အမေနို့ ပြောင်းတိုက်ခိုင်းပြီးတော့ သက်သာ လာ၊ မလာ စောင့်ကြည့်ဖို့ လိုပါတယ်။

>>    အိမ်တွင်းကုထုံးများ
    ပြင်းထန်တဲ့အကြောင်းအရင်းတွေကြောင့် နို့ ကောင်းကောင်းမစို့တာဆိုရင် အရေးပေါ်ကုသဖို့ လိုပေမယ့်လည်း တခြားအကြောင်းအရင်းတွေကတော့ ဆရာဝန်ရဲ့ညွှန်ကြားမှုနဲ့ အိမ်မှာပဲ ပြုစုပေးဖို့လိုပါတယ်။
    ကလေးကို မိခင်နို့တိုက်နေတယ်ဆိုရင် အောက်ပါအရာတွေကို ရှောင်ပါ။
●    ကလေး နို့မတိုက်ခင်မှာ လေ့ကျင့်ခန်းလုပ်ခြင်း (ဒါက နို့ရည်ထဲမှာ lactic acid တွေ စုလာစေပါတယ်။)
●    ပုံမှန်စားနေကျမဟုတ်တဲ့ အစားအစာတွေကို အများကြီးစားခြင်း - နို့ထဲမှာပါလာပြီးတော့ ကလေး နို့မစို့ ဖြစ်စေနိုငပါတယ်။
●    နို့ရည်ထဲကို ရောက်နိုင်တဲ့ဆေးတွေ သောက်ခြင်း
●    ရင်သားကို lotion နဲ့ အခြားအလှကုန်ပစ္စည်းများ လိမ်းမိခြင်း
●    စိတ်ဖိစီးမှု များလွန်းခြင်း - ဒါကလည်း နို့အရသာ ပြောင်းသွားစေပါတယ်။

>>    နို့ဘူးတိုက်ခြင်း
    မိခင်နို့တိုက်တာက ကလေးတွေအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် နို့ဘူးစို့ရတဲ့ကလေးတွေလည်း ရှိပါတယ်။ မိခင်နို့တိုက်ကြည့်လို့ ကလေး ကောင်းကောင်းမစို့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ နို့ဘူး ပြောင်းတိုက်ကြည့်ပါ။ နို့ဘူးတိုက်နေရင်းမှာလည်း မိခင်နို့ကို ကြိုးစားပြီးတော့ တိုက်ကြည့်ပါ။ အဓိကတော့ ကလေးက အာဟာရဓာတ် အပြည့်အဝရဖို့ပါ။

Ceelin 2

>>    အစာရွေးခြင်း၊ ချေးများခြင်း
    ကလေး အသက် ၆ လပြည့်ပြီဆိုရင် ဖြည့်စွက်စာ စပြီးကျွေးဖို့လိုပါပြီ။ ဖြည့်စွက်စာစကျွေးတဲ့အချိန်က ကလေးရောမိခင်ရောအတွက် စိတ်လှုပ်ရှားစရာအချိန်ပါ။ တချို့ကလေးတွေက မစားတတ်တာ၊ မစားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုရင် -
●    နည်းနည်းချင်း ကျွေးပါ။
●    တစ်နေ့ကို ၂ ကြိမ်၊ ၃ ကြိမ်လောက်ပဲ ကျွေးပါ။
●    တစ်ကြိမ်ကို အစားအစာတစ်မျိုးပဲ စကျွေးပြီးတော့ ကလေးက အစာတွေ စားနေကျလာပြီဆိုမှ တခြားဟာတွေ ထပ်ကျွေးပါ။

>>    စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်း
    ကလေးက နို့ကောင်းကောင်း မစို့တဲ့အခါ၊ အစာ ကောင်းကောင်းမစားတဲ့အခါမှာ မိဘတွေမှာ ဖိစီးမှုတွေ ဖြစ်လာစေပါတယ်။ အထူးသဖြင့်တော့ ဘာကိုမှ သေချာမသိသေးတဲ့ သက်ဦးမိခင်ဖခင်တွေအတွက် ပိုဆိုးပါတယ်။ သိထားရမှာက ဒီလိုစိတ်ဖိစီးမှုတွေကြောင့်ပြဿနာကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုကြောင့် နို့အရသာ ပြောင်းသွားစေရုံသာမကဘဲ ကလေးက တစ်ခုခုမှားနေတယ်လို့ ခံစားရရင် အမေ အစာကျွေးတာကို လုံးဝလက်ခံမှာ မဟုတ်တော့ပါဘူး။
    စိတ်ဖိစီးမှုတွေကို ဖြေလျှော့နိုင်တာက ကလေး အစာမစားတဲ့ပြဿနာကို လုံးဝပြေလည်သွားစေမှာ မဟုတ်ပေမယ့်လည်း ပိုကောင်းလာဖို့ အထောက်အကူဖြစ်စေမှာပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီဆိုရင် အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်လိုက်ပါ။
    အချုပ်အနေနဲ့ ပြောရရင်တော့ ကလေးတွေ အစာကောင်းကောင်းမစားရင် အာဟာရချို့တဲ့ခြင်း၊ ဖွံ့ဖြိုးမှုရပ်သွားခြင်း စတဲ့ ပြင်းထန်တဲ့ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ကလေးတွေ ကောင်းကောင်း ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို စားပြီးတော့ အစာချေဖို့ အရေးကြီးပါတယ်။ အစာ ကောင်းကောင်းမစားတဲ့ ကလေးတွေကို ကလေးဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)