နွေရာသီမှာ ကလေးတွေကို ဂရုစိုက်ပါ
>> အပြင်ထွက်တဲ့အခါ
တတ်နိုင်ရင် တစ်နေ့တာရဲ့ အပူဆုံးအချိန်တွေဖြစ်တဲ့ နေ့လယ် 11 နာရီကနေ ညနေ 5 နာရီအထိ အိမ်ထဲမှာ နေသင့်ပါတယ်။ အပြင်ထွက်ချင်ရင် မနက်စောစော၊ ညနေပိုင်းနဲ့ ညပိုင်းတွေမှာသာ ထွက်သင့်ပါတယ်။
အပြင်ထွက်တဲ့အခါမှာလည်း ကလေးရဲ့အသားကို နေမထိရလေအောင် အကျႌလက်ရှည်ပွပွ ဝတ်ပေးတာမျိုး၊ ဦးထုပ်ကြီးကြီး ဆောင်းပေးတာမျိုး လုပ်သင့်ပါတယ်။ ဖုံးကာလို့မရတဲ့ အသားကိုတော့ နေရောင်ကာခရင်မ် SPF 30+ လိမ်းထားပေးသင့်ပါတယ်။
အပြင်ကို မကြာခဏ ထွက်သွားရတဲ့အခါ အရိပ်ထဲ မကြာခဏ နားပေးပြီး ရေများများ သောက်ပေးရပါမယ်။
>> ကားထဲမှာ
ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အိမ်မွေးတိရစာၦန်တွေကို ကားထဲ မထားခဲ့သင့်ပါဘူး။ ကလေးတွေဟာ ကားထဲမှာ အလွယ်တကူ ပူလာတတ်ပါတယ်။ ကားထဲက အပူချိန်ဟာ အပြင်ဘက်ထက် 30 -40 ဒီဂရီလောက်အထိ ပိုပူနိုင်ပါတယ်။ ကားကို အလုံပိတ်ထားတဲ့အခါ 5 မိနစ်လောက် ကြာတာနဲ့ အပူချိန်တက်လာပြီး ပြတင်းပေါက်ကို 5 စင်တီမီတာလောက်မျှ ဖွင့်ထားရုံမျှနဲ့လည်း အပူချိန်က ထူးပြီး မကျသွားပါဘူး။
ကားထဲမှာ ကလေးကို စောင်နဲ့ ပတ်ထားတာမျိုး မလုပ်ပါနဲ့။ ကလေးကို လေမရောက်တော့ဘဲ အပူလွန်ကဲလာနိုင်ပါတယ်။ ကားပြတင်းမှာပါတဲ့ နေအကာကိုသာ အသုံးပြုသင့်ပါတယ်။
ကား အကြာကြီးစီးပြီး ခရီးသွားရတဲ့အခါ အေးတဲ့အချိန်ကို ရွေးသွားပါ။ ကလေးကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးပြီး ရေများများ သောက်စေပါ။
>> ကလေးတွန်းလှည်းထဲမှာ
တွန်းလှည်းထဲမှာ ကလေးကို တွန်းသွားတဲ့အခါ ကလေးကို လေကောင်းကောင်း ဝင်နိုင်တဲ့ အဝတ်ပါးပါးနဲ့ပဲ အုပ်ထားပေးပါ။ တွန်းလှည်းကျောနောက်ကို ဖွင့်ထားပေးနိုင်ပါတယ်။
>> ရာသီဥတု ပူလာတဲ့အခါ
တချို့ဆေးတွေဟာ ကိုယ်ခန္ဓာကို ပူစေနိုင်တဲ့ အစွမ်းရှိသလို တချို့ဆေးတွေဟာ အပူနဲ့ တွေ့တဲ့အခါ အဆိပ်အတောက်အဖြစ် ပြောင်းသွားတတ်တာကြောင့် ဆေးအညွှန်းမှာ ဖော်ပြထားသလို 25 ဒီဂရီမှာ (သို့မဟုတ်) ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားသင့်ပါတယ်။
>> ပူတဲ့ရာသီမှာ အစားအစာ
ကလေးတွေ စားဖို့ အသီးအနှံတွေကို ရေခဲထားသင့်ပါတယ်။ ထမင်းကို နည်းနည်းနဲ့ မကြာခဏ ကျွေးပေးပါ။ အပူအစပ်တွေ လျှော့ကျွေးပြီး အစာအေးအေးတွေ ကျွေးပေးပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























