မေမေနဲ့ ဘေဘီလေးတို့ သံယောဇဉ်ကြိုး ချည်နှောင်ခြင်း
၉ လတိတိ စောင့်စားမျှော်လင့်ခဲ့ရပြီးနောက်မှာ ကလေးလေး တကယ်မွေးဖွားမြင်လာပြီ ဆိုပါတော့။ မိဘတွေအနေနဲ့ အသစ်စက်စက် ဖွားမြင်လာတဲ့ကလေးလေးကို အကြောင်းသေချာသိဖို့ အချိန်ယူရသလို ကလေးလေးအနေနဲ့လည်း ပတ်ဝန်းကျင် လူ့လောကအသစ်မှာ အကျွမ်းဝင်နိုင်ဖို့ အချိန်ယူရပါတယ်။
ကလေးလေးကို တကယ်သိအောင် ကြိုးစားရတဲ့အချိန်ဟာ စိတ်ဝင်စားဖို့ကောင်းသလို ရိုးရှင်းတဲ့အချိန်ကလေးလည်း ဖြစ်ပါတယ်။ Bonding လို့ခေါ်တဲ့ တစ်သက်တာသံယောဇဉ်ကြိုးကို ချည်နှောင်တဲ့အချိန်ဆိုလည်း မမှားပါဘူး။ ဒီလိုသံယောဇဉ်ကြိုး ချည်နှောင်တာဟာ သဘာဝဖြစ်စဉ်တစ်ရပ်ဖြစ်ပေမယ့် တစ်ခါတလေ အားစိုက်ထုတ်ဖို့ လိုတတ်ပါတယ်။ ဒီဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေဖို့ ကလေးမွေးပြီးချိန်မှာ ကလေးနဲ့ တစ်ခန်းထဲအတူနေတာ၊ ကလေးကို နှိပ်နယ်ပေးတာ စတဲ့ နည်းလမ်းတွေကို သုံးပေးနိုင်ပါတယ်။
>> သံယောဇဉ်ကြိုး ချည်နှောင်ခြင်း
သန္ဓေသားကလေး တည်နေပြီဆိုတာနဲ့ တချို့မိဘတွေမှာ ဒီစိတ်ကလေး ဖြစ်တည်လာပါပြီ။ ကလေးနဲ့ နီးနီးကပ်ကပ်နေထိုင်ခြင်း၊ နားလည်ခြင်း၊ ကလေးကို ပြုစုစောင့်ရှောက်ခြင်းစသဖြင့် လုပ်ရင်းကိုင်ရင်း ကလေးနဲ့ ရင်းနှီးချစ်ခင်ခြင်းတွေဟာ တဖြည်းဖြည်း တိုးတိုးလာပါတယ်။
အရင်တုန်းကတော့ ကလေးမွေးပြီးနောက် ကလေးကို မိခင်လက်ထဲထည့်၊ ကလေးနဲ့အမေနဲ့ မျက်လုံးချင်း ဆုံလိုက်တာနဲ့တင် ဒီလိုသံယောဇဉ်ကြိုးက ချည်နှောင်လာတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သံယောဇဉ်ကြိုးချည်နှောင်တာဟာ ဖြစ်ရပ်တစ်ခုတည်းမဟုတ်ဘဲ ဖြစ်စဉ်အစဉ်လိုက် တည်ရှိနေတဲ့ အရာတစ်ခုပါပဲ။ အာထရာစောင်းကို ပိုမိုအသုံးပြုလာကြတာနဲ့အမျှ မိဘတွေဟာ ဗိုက်ထဲက ကလေးလေးကို စောစောစီးစီး မြင်နိုင်နေပါပြီ။ ဒါဟာ ကိုယ်ဝန်ဆောင်စဉ် အချိန်ကတည်းကပင် ကလေးနဲ့ သံယောဇဉ်နှောင်ဖွဲ့စေပါတယ်။ ဗိုက်ထဲက ကလေးလေး ကန်တာ၊ လှုပ်တာတွေကလည်း မေမေ ဖေဖေတို့ကို မမြင်ရသေးခင်ကတည်းက ချစ်ခင်စေတဲ့ အချက်လေးတွေပါပဲ။ ဒီလိုနှောင်ကြိုးဟာ ကလေးလေး မွေးလာပြီးနောက် ကလေးလေးနဲ့ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ တိုးပွားလာပါတယ်။ အကယ်၍ ကလေးက အထူးဂရုစိုက်ဖို့လိုလို့ မိခင်နဲ့ ခွဲနေရတယ်ဆိုရင်တောင် နှောင်ကြိုးက လွတ်မသွားပါဘူး။
Biogesic for kids IA 1
ဒီလို သံယောဇဉ်နှောင်ကြိုးတွယ်ရာမှာ မိခင်နဲ့ဖခင် ကွဲပြားမှုရှိပါတယ်။ မိခင်တွေမှာတောင် တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး။ တချို့မေမေတွေက သူတို့ကလေးလေးကို တွေ့မြင်ခါစမှာတင် အချစ်ပိုလေ့ရှိကြပေမယ့် တချို့မေမေတွေကတော့ ကလေးကို နို့တိုက်ထိန်းကျောင်းရင်းနဲ့မှ တဖြည်းဖြည်း အချစ်စိတ် ယိုဖိတ်တတ်ကြပါတယ်။ ကလေးလေးတွေဟာ မွေးပြီးခဏ မိဘနဲ့ခွဲနေရရင်တောင် မိဘဆိုတာကို မေ့မသွားတတ်ကြပါဘူး။ ကလေးတွေဟာ မိခင်ရဲ့အနံ့နဲ့အသံကို မှတ်မိ ကြိုက်နှစ်သက်တတ်ကြပါတယ်။
မိဘနဲ့ကလေးလေးနဲ့ကြား ချစ်ခင်တွယ်တာမှုကို တိုးပွားစေတဲ့နည်းလမ်းကောင်းတွေ အများကြီးရှိပါတယ်။ မိခင်နို့ချိုတိုက်ကျွေးတာဟာ အကောင်းဆုံးသော သံယောဇဉ်နှောင်တွယ်တဲ့ နည်းလမ်းကောင်းပါပဲ။ မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ အာဟာရဓာတ်ပြည့်ဝတဲ့အပြင် မိခင်နဲ့ကလေးကိုပါ အသားချင်းထိတွေ့၊ နီးစပ်ရင်းနှီးမှုကို ရရှိစေနိုင်ပါတယ်။ ကလေးကို သိုင်းလွယ်ထားပေးခြင်းကလည်း ကလေးနဲ့မိခင်ကို နီးစပ်စေနိုင်ပါတယ်။ ဂျီကျတတ်တဲ့ကလေးတွေအတွက်လည်း ဒီနည်းလမ်းလေးက ထိန်းဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ အရေးကြီးတာက ကလေးရဲ့နှာခေါင်းနဲ့ပါးစပ်ကို ရှင်းရှင်းလင်းလင်း ဖြစ်စေပြီးတော့ ကလေး မမွန်းစေဖို့ပါပဲ။ အသက် ၄ လအောက် ကလေးတွေအတွက်တော့ ဒီလိုသိုင်းလွယ်တဲ့အခါ အင်မတန် သတိထားရပါတယ်။ ကလေးရဲ့မျက်နှာလေးကို ပေါ်နေစေပြီး ကလေးကို မကြာမကြာ ကြည့်နေဖို့လိုပါတယ်။
Biogesic for kids IA 2
>> မိခင်နဲ့ကလေး တစ်ခန်းတည်း အတူနေခြင်း
ဆေးရုံအတော်များများဟာ ကလေးကို မွေးပြီးတာနဲ့ မိခင်နဲ့တူတူထားပါတယ်။ ၂၄ နာရီ အတူတူထားတာ ဖြစ်နိုင်သလို အချိန်ပြည့်မဟုတ်ပေမယ့် အချိန်အတော်များများမှာ အတူတူထားတာလည်း ဖြစ်နိုင်ပါတယ်။ မိခင်အများစုကလည်း ကလေးနဲ့ နေ့ရောညပါ အတူတူနေခြင်းအားဖြင့် ကလေးလေး ဘာလိုချင်တယ်၊ ကလေးက ဘာလုပ်ရင် ဘယ်လိုလုပ်ပေးရမယ်ဆိုတာကို ပိုသိလာစေတယ်လို့ ဆိုပါတယ်။ သူနာပြုဆရာမတွေက မေမေအသစ်တွေကို ကလေးနို့တိုက်ဖို့၊ ကလေးထိန်းဖို့ကို ကူညီပေးပါတယ်။
ကလေးနဲ့ တူတူနေနေတယ်ဆိုရင်တော့ ညဘက်မှာ အနည်းဆုံးတစ်ယောက်ယောက်တော့ စောင့်အိပ်စေရပါမယ်။ အထူးသဖြင့် ဗိုက်ခွဲမွေးထားတဲ့မေမေတွေဟာ တစ်ခုခုဆို ချက်ချင်းထဖို့ အဆင်မပြေလို့ ပိုလိုအပ်ပါတယ်။
>> ကလေးကို နှိပ်နယ်ပေးခြင်း
မိဘတွေဟာ ကလေးလေးကို ထိရကိုင်ရတာ၊ ပွတ်သပ်ရတာကို ကြိုက်တတ်ကြသလို ကလေးလေးတွေကလည်း ဒီလိုအချော့ခံရတာ၊ ဖက်ပွေ့ခံရတာကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ ကလေးရဲ့ စိတ်ခံစားချက်ဆိုင်ရာနဲ့ အာရုံကြောဖွံ့ဖြိုးမှု တစ်စိတ်တစ်ပိုင်းဟာ ဒီလိုထိတွေ့ခံရမှုနဲ့ ဒီလိုထိတွေ့ခြင်းကပေးတဲ့ စိတ်လုံခြုံမှုပေါ် မူတည်နေပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















