မွေးကင်းစကလေးငယ်ရဲ့ ခန္ဓာကိုယ်ပေါ်က အဖြူရောင်အဆီပြင်တွေက ဘာတွေလဲ
မွေးကင်းစကလေးငယ်တွေရဲ့ ကိုယ်မှာအဖြူရောင်ပြောင်ချောချောအဆီပြင်ဖတ်တွေ ပါလာတာကိုတွေ့ဖူးကြမှာပါ။ ဒါဟာ Vernix လို့ခေါ်တဲ့ အဆီတစ်မျိုးဖြစ်ပြီး ကိုယ်ဝန် 27 ပတ်နောက်ပိုင်းမှာ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သနေ္ဓသားရဲ့ အဆီဂလန်းများမှ ထုတ်လုပ်ပေးတာဖြစ်ပြီး မွေးဖွားရက်နီးလာ တာနဲ့အမျှ သနေ္ဓသားဘေးမှာရှိတဲ့ Vernix ပမာဏကလည်း နည်းပါးလာပါတယ်။
သနေ္ဓသားရဲ့နူးညံ့တဲ့အသားအရည်ကို ရေမြွှာရေနှင့်ထိတွေ့မှုမရှိအောင် ကာကွယ်ပေးထားတဲ့ Vernix မှာ အဓိကအားဖြင့် အဆီရည်ကြည်တွေပါဝင်ပြီး squalene၊ ceramide၊ ခြောက်သွေ့တဲ့ အသားအရည်များအတွက် ကောင်းမွန်တဲ့ (အဆီဓာတ်) ဖယောင်း၊ ကိုလက်စထရောလ် (Cholesterol)၊ Triglyeerides၊ phospholipids၊ Amino Acids၊ Asparagine နှင့် Glatamine စတဲ့ ခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ ပစ္စည်းတွေလည်းပါဝင်ပါတယ်။
အထူးခြားဆုံးအချက်ကတော့ Vernix ကို လူသားမျိုးနွယ်စုတစ်ခုကပဲ ထုတ်လုပ်နိုင်တာဖြစ်ပါတယ်။ မိခင်ရော ကလေးအတွက်ပါ ကောင်းကျိုးပေးနိုင်တဲ့ Vernix ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာကြည့်ရအောင်။
1. ရောဂါပိုးမွှားဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်
Vernix ရဲ့ အဓိကရည်ရွယ်ချက်က ကလေးငယ်ကိုမိခင်ဝမ်းကြာတိုက်မှာ ရှိနေချိန်မှာ သာမက မွေးဖွားပြီးချိန်မှာပါ ရောဂါပိုးမွှားတွေရဲ့ဒဏ်မှကာ ကွယ်ပေးဖို့ဖြစ်ပါတယ်။ ကလေးမွေးဖွားချိန်မှာလည်း မွေးလမ်းကြောင်းမှာရှိတဲ့ e-coli, Group B Strep, Listeria Monocytogene စတဲ့ ဘက်တီးရီးယားပိုးမွှားတွေကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြားကိုသန့်စင်စေခြင်း၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိခြင်း စတဲ့ဂုဏ်သတ္တိတွေရှိပါတယ်။
2. ကလေးငယ်ကို အနွေးဓာတ်ပေးနိုင်ပါတယ်
Vernix မှာ ကလေးငယ်ရဲ့ပထမဦးဆုံးခြုံလွှာပါဘဲ။ အပူထိန်းပစ္စည်းအဖြစ်ဆောင်ရွက်ပေးနိုင်တာကြောင့် ကလေးငယ်ကိုနွေးထွေးပြီး သက်တောင့်သက်သာရှိစေပါတယ်။
Vernix ကို အချို့ကလေးတွေမှာဘာကြောင့် မတွေ့ရတာလဲ
တချို့ကလေးတွေမှာ Vernix ကို အရေပြားရှိ အတွန့်တွေမှာသာ အနည်းငယ်တွေ့ရလေ့ရှိပါတယ်။ များသောအားဖြင့် ဗိုက်ခွဲမွေးတဲ့ကလေးငယ်တွေမှာ Vernix ခပ်ထူထူရှိတာကိုတွေ့ရတတ်ပါတယ်။ 27 ပတ်ကျော်ပေမယ့် အပတ် 40 မတိုင်မီ မွေးဖွားလာတဲ့ကလေးငယ်တွေမှာ Vernix ကို ပိုတွေ့ရပြီး 27 ပတ် မတိုင်မီမွေးလာတဲ့ ကလေးငယ်တွေနှင့် လစေ့ပြီးမွေးလာတဲ့ ကလေးငယ်တွေမှာ Vernix ပိုနည်းတယ်လို့သိရပါတယ်။
Vernix နှင့် မိခင်နို့တိုက်ခြင်းရဲ့ဆက်စပ်မှု
သုတေသီတွေရဲ့လေ့လာချက်အရ မိခင်နို့ရည်မှာပါတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ ပရိုတင်းကို Vernix မှာ တွေ့ရတယ်လို့ဆိုပါတယ်။
ကိုယ်ဝန်လစေ့လာတာနှင့်အမျှ အချို့သော Vernix တွေဟာကြွေကျပြီး ရေမြွှာရေနှင့် ရောနှောသွား တာကြောင့် ကလေးငယ်အသက်ရူလိုက်ချိန်မှာ အဆုတ်နှင့် အစာအိမ်လမ်းကြောင်း တလျှောက်ရောက်ရှိ သွားနိုင်ပါတယ်။ ဒါကြောင့် နောက်ထပ်လေ့လာမှုတွေပြုလုပ်ပြီး Vernix ရဲ့ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပုံကို ပိုမိုနားလည်လာပါက မိခင်ဝမ်းကြာတိုက်အတွင်းမှာရှိနေစဉ် ရောဂါပိုးကူးစက်ခံရမှုနှင့်ပတ်သက်လို့ ကုသရာမှာ အသုံးဝင်နိုင်တယ်လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။
Vernix ကို ဖယ်ရှားသင့်ပါသလား
Vernix ကို အလျင်စလိုဖယ်ရှားဖို့မလိုပါဘူး။ ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်ပြီး အနာကျက်အားကို ကောင်းမွန်စေတာကြောင့် Vernix ကို ဖယ်ရှားခြင်းမပြုလုပ်ဖို့ WHO (ကမ်ဘာ့ကျန်းမာရေးအဖွဲ့အစည်း) က အကြံပြုထားပါတယ်။
Vernix က မိခင်တွေကို အကျိုးပြုပါတယ်
Vernix ရဲ့ ရောဂါပိုးမွားတွေကိုကာကွယ်ပေးနိုင်တဲ့ အာနိသင်က မိခင်မွေးလမ်းကြောင်း တလျှောက် ရောဂါပိုးကူးစက်ခံရခြင်းမရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အနာကျက်နှုန်းမြန်စေတာကြောင့် မွေးလမ်းကြောင်းရှိ စုတ်ပြဲဒဏ်ရာများအတွက် ကောင်းမွန်စေပါတယ်။
Dr.Htet Htet Aung
















