မွေးကင်းစဘေဘီလေး လစေ့ရဲ့လား
>> ကိုယ်ဝန်သက် ခန့်မှန်းတယ်ဆိုတာဘာလဲ?
ကလေးရဲ့ဗိုက်ထဲက ကိုယ်ဝန်သက်ကို ခန့်မှန်းတွက်ချက်တာဟာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှာ အရေးပါတဲ့အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရတဲ့ရက်ပိုင်းကို မသေချာဘူးဆိုရင် ကလေးရဲ့ လိုအပ်ချက်တွေကိုပြည့်မှီဖို့ ကိုယ်ဝန်သက် ခန့်မှန်းတွက်ချက်မှုဟာ အရေးပါပါတယ်။ ဥပမာအားဖြင့် ကလေးက အရမ်းသေးနေပေမယ့် အရွယ်နဲ့မလိုက်ဘဲ ကိုယ်ဝန်သက်က ပြည့်နေရင် စောမွေးတဲ့ကလေးကို စောင့်ရှောက်ကုသပုံနဲ့ မတူပါဘူး။
Dubowitz/Ballard စမ်းသပ်မှုကိုသုံးပြီး ကလေးရဲ့ကိုယ်ဝန်သက်ကို ခန့်မှန်းပါတယ်။ ကလေးရဲ့ပုံပန်းသဏ္ဌာန်၊ အသားအရေ၊ လှုပ်ရှားမှု၊ တုံ့ပြန်မှုတွေကိုကြည့်ပြီး ဆုံးဖြတ်တဲ့နည်းပါ။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အသက် ပြည့်၊ မပြည့်ကို မွေးပြီး ၂ နာရီအတွင်း စမ်းသပ်ပါတယ်။ အာရုံကြောနဲ့ကြွက်သားလုပ်ငန်းတွေ အသက် ပြည့်၊ မပြည့်ကို ၂၄ နာရီအတွင်းမှာ စမ်းသပ်ပါတယ်။
>> ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အသက် ပြည့်၊ မပြည့်ကို ဘယ်လိုတိုင်းတာမလဲ?
Dubowitz/Ballard စမ်းသပ်မှုအရဆိုရင် ကလေးရဲ့ ကိုယ်ဝန်သက်အဆင့်ဆင့်မှာရှိတဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြောင်းလဲမှုလက္ခဏာတွေကို ကြည့်တာပါ။ စောမွေးတဲ့ကလေးတွေထက် လပြည့်မှမွေးတဲ့ကလေးတွေက အမှတ်များများ ပိုရတာပေါ့။
တစ်နေရာချင်းစီကို သေချာစမ်းသပ်ပြီး လမပြည့်ဘဲ အရမ်းစောမွေးတဲ့ ကလေးတွေအတွက် အနှုတ် ၁/၂ လောက်ကနေ မွေးရမယ့်ရက်လွန်မွေးတဲ့ ကလေးတွေအတွက် အပေါင်း ၄-၅ လောက်အထိ အမှတ်ပေးနိုင်ပါတယ်။ စမ်းသပ်ရမယ့်နေရာတွေကတော့ -
● အသားအရေ (ဥပမာအားဖြင့် ကပ်စေးနေသလား၊ ချောမွေ့နေသလား၊ အရေခွံလန်နေသလား)
● မွေးကင်းစမွေးနုညှင်း : မွေးကင်းစကလေးတွေပေါ်မှာရှိတတ်တဲ့ မွေးနုညင်းလေးတွေပါ။ လမပြည့်ဘဲ စောမွေးတဲ့ကလေးတွေမှာ ဒီမွေးနုညင်းတွေမရှိတတ်ဘဲ တဖြည်းဖြည်းနဲ့ လပြည့်လာတာနဲ့အမျှ ပေါ်လာပြီး မွေးရက်လွန်တဲ့အခါ ပျောက်သွားတတ်ပါတယ်။
● ခြေလက္ခဏာများ : ခြေလက္ခဏာတွေဟာလည်း ကလေးရဲ့ကိုယ်ဝန်သက်ပေါ် မူတည်ပြီး လုံးဝမရှိတာကနေ ခြေဖဝါးတစ်ခုလုံး ပြည့်နေတာအထိ ရှိတတ်ပါတယ်။
● ရင်သား : ရင်သားရဲ့အထူ၊ အရွယ်အစားနဲ့ နို့သီးခေါင်းဝိုင်းတို့ကို ကြည့်ပါတယ်။
● မျက်လုံးနဲ့နား : မျက်လုံးတွေ ပိတ်ထားသလား၊ ဖွင့်ထားသလား၊ နားမှာရှိတဲ့ အရိုးနုပမာဏ၊ နားရဲ့တောင့်တင်းမှု စတာတွေကို ကြည့်ပါတယ်။
● ယောကျ်ားကလေးရဲ့အင်္ဂါစပ် : ဝှေးစေ့ပုံစံ၊ ကပ္ပာယ်အိတ်ရဲ့ပုံစံ (ချောမွေ့နေသလား၊ တွန့်လိမ်နေသလား) စတာတွေကို ကြည့်ပါတယ်။
● မိန်းကလေးရဲ့အင်္ဂါစပ် : မအင်္ဂါစေ့ (clitoris) နဲ့ မိန်းမကိုယ်နှုတ်ခမ်းသားရဲ့ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်ကို ကြည့်ရပါတယ်။
>> အာရုံကြောနဲ့ကြွက်သားလုပ်ငန်းပိုင်းဆိုင်ရာ အသက်ပြည့်မှုကို ဘယ်လိုစမ်းသပ်ပါသလဲ?
စမ်းသပ်မှု ၆ မျိုးနဲ့ စမ်းသပ်ရပါတယ်။
● ကလေးရဲ့နေထိုင်ပုံ : ကလေးလေး သူ့ရဲ့ခြေထောက်တွေလက်တွေကို ဘယ်လိုထားသလဲဆိုတာ ကြည့်ပါတယ်။
● လက်ကွေးနိုင်စွမ်း : ကလေးရဲ့လက်က လက်ကောက်ဝတ်နားကို ဘယ်လောက်ထိ ကွေးနိုင်တယ်ဆိုတာ စမ်းသပ်ပါတယ်။
● လက်မောင်းပြန်ကွေးနိုင်စွမ်း : ကလေးလေးရဲ့ လက်မောင်းလေးက ဘယ်လောက်မြန်မြန် ပြန်ကွေးနိုင်တယ်ဆိုတာကို ကြည့်ပါတယ်။
● ခြေဆန့်နိုင်စွမ်း : ကလေးလေးရဲ့ဒူးလေးက ဘယ်လောက်ထိ ဆန့်နိုင်တယ်ဆိုတာကို ကြည့်ပါတယ်။
● ခြုံလွှာလက္ခဏာ : ကလေးလေးရဲ့ တံတောင်ဆစ်က သူ့ရင်ဘတ်ပေါ်ကို ဘယ်လောက်ထိ ကွေးနိုင်လဲဆိုတာကို ကြည့်ပါတယ်။
● ခြေဖနောင့်နဲ့ နားနဲ့ ထိနိုင်စွမ်း : ကလေးရဲ့ ခြေဖနောင့်ကလေးက နားကို ထိနိုင်စွမ်း ရှိ၊ မရှိ ဆိုတာကို တိုင်းတာပါတယ်။
စမ်းသပ်မှု တစ်နေရာစီတိုင်းကို အမှတ်တွေ သတ်မှတ်ပေးထားပါတယ်။ ကလေးက အာရုံကြောနဲ့ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာလေလေ အမှတ်များလေလေပါပဲ။
ဒီလို ကိုယ်ခန္ဓာပိုင်းဆိုင်ရာနဲ့ အာရုံကြောနဲ့ကြွက်သားပိုင်းဆိုင်ရာအမှတ်တွေကို ပေါင်းလိုက်တဲ့အခါ ကလေးရဲ့ ကိုယ်ဝန်သက်ကို ခန့်မှန်းနိုင်ပါတယ်။ အသက်မပြည့်ဘဲ မွေးတဲ့ကလေးတွေ (၂၆-၂၈ ပတ်လောက်) မှာ အမှတ်အရမ်းနည်းနိုင်သလို အသက်ပြည့်တဲ့ကလေးတွေနဲ့ မွေးရက်ကျော်နေတဲ့ ကလေးတွေအတွက်ဆို အမှတ်တွေများနေမှာပါ။ ဒါပေမဲ့ ကိုယ်အလေးချိန်မပြည့် အရမ်းသေးတဲ့ လမစေ့ကလေးတွေ (မွေးကင်းစ ကိုယ်အလေးချိန် ၁၅၀၀ ဂရမ်အောက်) မှာ ဆိုရင်တော့ အမှတ်တွေက သိပ်မမှန်တတ်ပါဘူး။
ဒီစမ်းသပ်မှုတွေအားလုံးဟာ မွေးခါစကလေးလေး ကျန်းမာမမာကို သိနိုင်တဲ့ အရေးပါတဲ့နည်းလမ်းတွေပါပဲ။ ပြဿနာ ရှိ၊ မရှိကို စစ်ဆေးကြည့်ခြင်းအားဖြင့် ကလေးရဲ့ဆရာဝန်က ဘယ်နည်းနဲ့ပြုစုခြင်းက အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ကြံဆရမှာ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























