/
news/ကလေးများနှင့်ကျန်းမာရေး/ရင်ကြပ်ပန်းနာရှိတဲ့ကလေးတွေနဲ့-ကိုဗစ်

ရင်ကြပ်ပန်းနာရှိတဲ့ကလေးတွေနဲ့ ကိုဗစ်

Category
ကလေးများနှင့်ကျန်းမာရေး

ကိုဗစ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ရင်ကြပ်ပန်းနာ ကလေးလေးတွေရဲ့မိဘတွေဟာ စိုးရိမ်တကြီးနဲ့ ဒီလိုမေးခွန်းလေးတွေ မေးတတ်ပါတယ်။

>>  ရင်ကြပ်ပန်းနာရှိတဲ့အတွက် ကိုဗစ် ကူးစက်နိုင်ချေ ပိုများလား?
ကိုဗစ် စတင်ဖြစ်ပွားချိန်ကနေပြီး အခုချိန်အထိ ကူးစက်နေတဲ့ ကလေးအရေအတွက်ကလည်း နည်းနေပါသေးတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ကလည်း အခုမှ အသစ်ဖြစ်တာမို့ နဂိုရောဂါအခံရှိတဲ့ ကလေးတွေပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒါပေမဲ့လည်း ကိုဗစ်ရော ရင်ကြပ်ရောဂါရောက အဆုတ်ကို ဒုက္ခပေးတဲ့ရောဂါတွေပါ။
ဒါပေမဲ့လည်း ရင်ကြပ်ရောဂါရှိတဲ့ ကလေးတွေဟာ သာမန်ကလေးတွေထက် ပိုပြီးကူးစက်လွယ်တယ်၊ ရင်ကြပ်ရောဂါအခံရှိတဲ့ ကလေးတွေမှာ ကိုဗစ်က ပိုပြီးဆိုးရွားစေတယ်ဆိုတာမျိုးတော့ မတွေ့ရှိရသေးပါဘူး။
အဓိကအနေနဲ့ ရောဂါမကူးစက်အောင် တစ်ဦးနဲ့တစ်ဦး ၆ ပေခွာ၊ လက်ဆေး၊ mask တပ်ရမှာ ဖြစ်ပါတယ်။

>>  ဆေးခန်းရော ပုံမှန်အတိုင်း ပြသင့်လား?
ကိုယ်ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပါ။ တချို့ဆေးခန်းတွေက လူအကန့်အသတ်နဲ့ ကြိုတင်ချိန်းဆိုပြီး ပြခိုင်းသလို တချို့ကလည်း video call၊ ဖုန်းတွေနဲ့ တိုင်ပင်ဆွေးနွေးလာကြတာ ရှိပါတယ်။ ပြီးတော့ ဆေးခန်းတွေမှာလည်း ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ပိုးမကူးစက်အောင် ကြိုတင်ပြင်ဆင်ထားကြမှာဖြစ်သလို သင်နဲ့ သင့်ကလေးကလည်း mask တပ်ဖို့ လိုပါမယ်။
တကယ်လို့ ကလေးက ရုတ်တရက် ထပြီးကြပ်တာမျိုးဆို ဆေးရုံ၊ ဆေးခန်းကို သွားကိုသွားရပါမယ်။ ကိုဗစ်ကို အရမ်းကြောက်ပြီး လိုအပ်တဲ့ကုသမှု မရလိုက်လို့ မဖြစ်ပါဘူး။

>>  ဆေးတွေရော ပုံမှန်အတိုင်း တိုက်သင့်၊ ရှူသင့်လား?
ဟုတ်ပါတယ်။ ဆရာဝန်က ရပ်လို့မပြောမချင်း ပုံမှန်အတိုင်း ဆေးဆက်တိုက်သွားရမှာပါ။ အထူးသဖြင့် ဒီလိုအချိန်မှာ အမြဲ ရှူနေရတဲ့ ရှူဆေး၊ သောက်ဆေး နဲ့ တခြားလိုအပ်တာတွေက်ု အနည်းဆုံး ၁ လစာလောက် ကြိုဝယ်ထားသင့်ပါတယ်။
နေ့တိုင်းရှူရမယ့်ဆေး၊ သောက်ရမယ့်ဆေးတွေကို အချိန်နဲ့ အတိအကျ ရှူပါ၊ သောက်ပါ။ ရုတ်တရက် ထကြပ်တာမျိုး မဖြစ်ရလေအောင် အမြဲရှူရမယ့်ဆေးကို မပြတ်အောင် ရှူပေးပါ။
ကလေးကို သူနဲ့ မတည့်တဲ့၊ ကြပ်စေတဲ့အရာတွေနဲ့ ရှောင်ခိုင်းပါ၊ မတွေ့အောင်ထားပါ။ အလာဂျီထရင် သောက်ရမယ့်ဆေးတွေကို ဆောင်ထားပါ။

>>  ကလေးနေမကောင်းရင် ဘယ်လိုလုပ်ရမလဲ။ ကိုဗစ်ရော ဖြစ်နိုင်လား?
ပထမဆုံး ကလေးပြနေကျ ဆရာဝန်ကို ဆက်သွယ်ပါ။ ကလေးရဲ့ရောဂါရာဇဝင်ကို သိပြီးသားဖြစ်တာမို့ ဆုံးဖြတ်ရလွယ်ကူပါတယ်။ အခုဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းပြီး လိုအပ်တဲ့ကုသမှုတွေ ပေးပါလိမ့်မယ်။ ထပ်ပြီး လိုအပ်တာတွေကိုလည်း ညွှန်ကြားပေးပါလိမ့်မယ်။

>>  တခြား ဘာတွေရော သိထားသင့်လဲ?
စိတ်ရှူပ်တာ၊ စိတ်ဖိစီးတာတွေက ရင်ကြပ်စေတတ်တာကြောင့် ကလေးကို စိတ်ကြည်သာနေအောင်၊ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့နည်းလမ်းတွေ ရှာဖွေထားပါ။

Dr. Htar (www.drmyanmar.com)