/
news/ကလေးများနှင့်ကျန်းမာရေး/ရင်သွေးလေးတွေ-ချောင်းဆိုးတဲ့အခါ-မေမေတို့-ဘယ်လိုပြုစုကြမလဲ

ရင်သွေးလေးတွေ ချောင်းဆိုးတဲ့အခါ မေမေတို့ ဘယ်လိုပြုစုကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

ရင်သွေးလေးတွေရှိတဲ့ မေမေတိုင်း မလွဲမသွေကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ ချောင်းဆိုးခြင်းပဲ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာတော့ အဖြစ်များသော ချောင်းဆိုးခြင်းအမျိုးမျိုးနှင့် အိမ်တွင်းကုထုံးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

>>  သလိပ်ထွက်သော ချောင်းဆိုးခြင်း
●  အအေးမိတဲ့အခါ သလိပ်ထွက်သော ချောင်းဆိုးခြင်းနှင့်အတူ နှာရည်ယိုခြင်း၊ နှာစေးခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
●  ရင်သွေးလေးတွေ သလိပ်ချောင်းဆိုးတဲ့အခါ မေမေတို့အနေနှင့် ရေနှင့်အရည်များများ တိုက်ကျွေးပေးပါ။ ကြက်စွပ်ပြုတ်၊ ရေနွေးကြမ်းတို့လို ပူနွေးသောအရည်များလည်း တိုက်နိုင်ပါတယ်။
●  နှာပိတ်ခြင်းအတွက် ဆားရည်ကို ပြွန်လေးနှင့် နှာခေါင်းအတွင်း ညှစ်ထည့်ပေးနိုင်ပါတယ်။
●  ချောင်းဆိုးပျောက်ဆေးတွေနှင့် ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ တိုက်ကျွေးသင့်ပါတယ်။
●  ရေနွေးငွေ့ရှူခိုင်းတာမျိုး ပြုလုပ်နိုင်ပါတယ်။

Solmux Kids 1

>>  ချောင်းဆိုးစဉ် အသံတရွီရွီထွက်ခြင်း
●  ကလေးချောင်းဆိုးပြီးတိုင်းမှာ လေချွန်သံကဲ့သို့ တရွီရွီအသံများ ထွက်ပေါ်ခြင်းဟာ အဆုတ်တွင်းရှိ လေပြွန်ငယ်လေးများ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
●  RSV ဗိုင်းရပ်စ်လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းထိခိုက်စေသော ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တတ်ပြီး ချောင်းဆိုးခြင်းနှင့်အတူ၊ ဖျားခြင်း၊ အန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူတိုင်း တရွီရွီအသံများထွက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
●  ကလေးကို ရေနှင့်အရည်ဓာတ်များများတိုက်ခြင်း၊ ကြက်စွပ်ပြုတ်ပူပူလေးတိုက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
●  နှာပိတ်ခြင်းအတွက် ဆားရည်ကို ပြွန်လေးနှင့် နှာခေါင်းအတွင်း ညှစ်ထည့်ပေးနိုင်ပါတယ်။
●  ကလေးဟာ အဖျားကြီးခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှုတ်ခမ်းများပြာခြင်း၊ ရေဓာတ်ခန်းခြောက်သော လက္ခဏာများဖြစ်တဲ့ မျက်လုံးများချိုင့်ဝင်ခြင်း၊ ဆီးနည်းခြင်း၊ မျက်ရည်မထွက်ခြင်း၊ နှုတ်ခမ်းများကွဲခြင်း စတာတွေ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် အမြန်ဆုံးပြသရပါမယ်။

>>  အဆက်မပြတ် ချောင်းဆိုးခြင်း
●  နေ့ညမပြတ် ချောင်းဆိုးခြင်း၊ အသံတရွီရွီဖြစ်ပေါ်ခြင်းတွေ ရှိသော်လည်း ဖျားခြင်း၊ နှာစေးခြင်းမရှိပါက ပန်းနာရင်ကြပ်ရောဂါကြောင့် ဖြစ်လေ့ရှိပါတယ်။
●  ပန်းနာရင်ကြပ်ရောဂါဟာ နာတာရှည်အဆုတ်ရောဂါတစ်ခုဖြစ်ပြီး အဆုတ်တွင်းလေအိတ်များတွင် အချွဲများပိတ်နေသော အခြေအနေတစ်ခု ဖြစ်ပါတယ်။
●  ရင်သွေးလေးတွေမှာ ပန်းနာရင်ကြပ်ရှိနေပြီဆိုရင် ဆရာဝန်နှင့် စနစ်တကျ ကုသမှုခံယူဖို့ လိုပါတယ်။
●  ရေဓာတ်ပြည့်ဝအောင်တိုက်ကျွေးခြင်း၊ နွေးထွေးစွာထားခြင်း၊ အနံ့ပြင်းသောအရာများ မီးခိုးငွေ့များနှင့် ဝေးဝေးထားခြင်း၊ အချိုနှင့် ရေခဲပါသော အစားအသောက်များကို တတ်နိုင်သမျှ မကျွေးခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် ဝေးဝေးထားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

Solmux Kids 2

>>  ကြက်ညှာချောင်းဆိုး
●  ချောင်းခြောက် အဆက်မပြတ်ဆိုးခြင်းနှင့်အတူ ကလေးအသက်ရှူတိုင်းမှာ အသံစူးစူး ထွက်ပေါ်တတ်ပါတယ်။
●  ကြက်ညှာချောင်းဆိုးခြင်းဟာ Pertussis လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပေါ်တတ်ပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် ရှောင်ကြဉ်နိုင်ပါတယ်။
●  ကြက်ညာချောင်းဆိုးရောဂါဟာ ပြင်းထန်တဲ့အတွက် ဆရာဝန်နှင့်ပြသပြီး ပိုးသတ်ဆေးစနစ်တကျ သောက်သုံးသင့်ပါတယ်။
●  ကလေးကို ရေနှင့်အရည်ဓာတ်များများ တိုက်ကျွေးခြင်း၊ ရေနွေးငွေ့ရှူခိုင်းခြင်း၊ အာဟာရပြည့်ဝအောင်ကျွေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
မေမေတို့ရေ အိမ်က သားသားမီးမီးလေးတွေ ချောင်းဆိုးတဲ့အခါ အပေါ်မှာ ပြထားတဲ့နည်းလမ်းတွေကို အသုံးပြုကြည့်ကြပါစို့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)