/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကလေးမွေးတော့မယ်ဆိုတာ-ဘယ်လိုသိနိုင်လဲ

ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

(A)     ကလေးမွေးဖွားရက်မတိုင်မီ 1-4 ပတ်အလို

1.       သနေ္ဓသားလောင်းအောက်သို့ ပိုမိုဆင်းသက်လာခြင်း

            ကလေးမွေးဖွားရန် 3-4 ပတ်အလိုကပင် တင်ပဆုံထဲသို့ သနေ္ဓသားလောင်းမှ စတင်ဆင်းသက်လာနိုင်ပါတယ်။ (ပထမဆုံးကိုယ်၀န်ဆောင် အမိျုးသမီးများတွင် ပိုမိုကြုံတွေ့နိုင်ပါတယ်။) ကလေးခေါင်း တဖြည်းဖြည်း ဆင်းလာတယ်ဆိုတာ မွေးဖွားဖို့အတွက် စတင်ပြင်ဆင်တဲ့ ပထမဆုံးအဆင့်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကလေးခေါင်းက မိခင်ရဲ့ဆီးအိမ်ကို ဖိထားတာကြောင့် မိခင်လောင်းတွေဟာ ဆီးမကြာခဏ သွားနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ သနေ္ဓသားလောင်းဟာ မိခင်ရဲ့အဆုတ်နဲ့ေ၀းရာကို ရွေ့သွားတဲ့အတွက် မိခင်အနေနဲ့ အသက်ရှူရ ပိုမိုကောင်းမွန်စေပါတယ်။

 

2.       မိန်းမကိုယ်အ၀ ကျယ်လာခြင်း

            မိန်းမကိုယ်သည်လည်း မွေးဖွားရန် ပြင်ဆင်တဲ့အနေနဲ့ မွေးရက်မတိုင်မီ 2-3 ပတ်အလိုမှစ၍ အ၀ပိုမိုကျယ်လာကာ ပိုမိုပါးလွှာလာပါတယ်။ အပတ်စဉ် စစ်ဆေးမှုတွေ ပြုလုပ်တဲ့အချိန်တိုင်းမှာ သားအိမ်၀အခြေအနေကို ဆရာ၀န်မှ အဆက်မပြတ် စစ်ဆေးပေးနေမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တိုးတက်နှုန်း မတူညီတာကြောင့် သားအိမ်အ၀ ကျယ်တာ၊ နှေးကွေးတာမျိုး ကြုံတွေ့ခဲ့ရင်လည်း အားငယ်စရာမလိုပါဘူး။

 

3.       မကြာခဏ ကြွက်တက်၍ ခါးကိုက်ခြင်းေ၀ဒနာကို ခံစားရခြင်း

            သားဦးကိုယ်၀န်မဟုတ်ပါက ပိုဆိုးလေ့ရှိပြီး မွေးဖွားဖို့ရက် နီးလာတာနဲ့အမျှ ကြွက်တက်တာတွေ၊ ပေါင်ခြံနဲ့ ကျောအောင့်တာတွေ ပိုခံစားရလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ကြွက်သားနဲ့ အဆစ်တွေဟာ ဆွဲဆန့်၍ အနေအထားပြောင်းလဲကာ မွေးဖွားဖို့အတွက် ပြင်ဆင်ကြလို့ပဲ ဖြစ်ပါတယ်။

 

4.       အဆစ်အမြစ်တွေ ပျော့ပျောင်းလာခြင်း

            ကိုယ်၀န်ဆောင် ကာလတစ်လျှောက်လုံးမှာ relaxin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ရှိသမျှအရွတ်တွေကို နူးညံ့ပျော့ပျောင်းအောင် လုပ်ပေးထားပါတယ်။ (မွေးဖွားခါနီးပြီဆိုလျှင်တော့ အမြင့်ဆုံးအနေအထားထိ ရောက်လာနိုင်ပါတယ်။) ဒါကြောင့် တစ်ကိုယ်လုံးက အဆစ်အမြစ်တွေ ပိုမိုပျော့ပျောင်းလာတာကို ခံစားလာရပါတယ်။ ဒါဟာ သဘာ၀တရားကြီးက တင်ပဆုံ ပိုမိုပွင့်လာအောင် လုပ်ဆောင်ပေး၍ ကလေးငယ်လေးကို ကမ္ဘာသစ်ဆီသို့ ခေါ်ဆောင်နိုင်အောင် ကူညီပေးတာ ဖြစ်ပါတယ်။

 

5.       ၀မ်းပျက်၀မ်းလျှောခြင်း

            သားအိမ်မှာရှိတဲ့ ကြွက်သားတွေဟာ မွေးဖွားရန် ပြင်ဆင်တဲ့အနေနဲ့ ပိုမိုပျော့ပျောင်းလာတဲ့နည်းတူ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ (အူမကြီးအပါအ၀င်) ဟာလည်း ပိုမိုလျော့ရဲလာကြပါတယ်။ ဒါကြောင့် ၀မ်းပျက်၀မ်းလျှောတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စ ဖြစ်ပေမယ့် မိခင်တိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်တာကြောင့် ရေဓာတ်ပြည့်၀နေဖို့သာ ဂရုစိုက်သင့်ပါတယ်။

 

6.       ကိုယ်အလေးချိန်တိုးတာ ရပ်တန့်သွားခြင်း (သို့) ကိုယ်အလေးချိန် ကျဆင်းခြင်း

            ကိုယ်၀န်ဆောင်ကာလ ပြီးဆုံးတော့မှာ ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်လည်း ဆက်မတိုးတော့ပါဘူး။ အချို့မိခင်လောင်းတွေမှာဆိုရင် ကိုယ်အလေးချိန် ပေါင်အချို့တောင် ကျဆင်းတတ်ပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်ပြီး ကလေးငယ်ရဲ့ အလေးချိန်ကို မထိခိုက်နိုင်ပါဘူး။ သနေ္ဓသားလောင်းဟာ ဆက်လက်ကြီးထွားနေပေမယ့် ကိုယ်အလေးချိန် ကျဆင်းရတာကတော့ ရေမြွှာရေတွေ နည်းလာတာ၊ ပိုပြီး လှုပ်လှုပ်ရှားရှား လုပ်တာတွေကြောင့် ဖြစ်ပါတယ်။

 

7.       အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း (သို့) တက်ကြွလန်းဆန်းခြင်း

            ကိုယ်၀န်လရင့်လာတာနဲ့အမျှ ကောင်းစွာအိပ်မပျော်တာ၊ လုံး၀အိပ်မရတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်လျှင် နေ့လယ်နေ့ခင်းမှာ တရေးတမော အိပ်စက်သင့်ပါတယ်။ ဒါပေမဲ့ တချို့မိခင်လောင်းတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ မွေးဖွားရက် နီးလာလေလေ ပိုပြီးတက်ကြွလာလေလေ ဖြစ်လာပါတယ်။ မျက်စိထဲမှာ မြင်မြင်သမျှ အရာတွေကို သန့်ရှင်းရေးလုပ်ချင်တာ၊ နေရာတကျ ပြန်စီစဉ်တာမျိုးတွေကို မလုပ်ရမနေနိုင် ဖြစ်လာပါတယ်။ အလွန်အကျွံ ပြုလုပ်တာမဟုတ်သရွေ့ ဒီလိုလှုပ်လှုပ်ရှားရှား လုပ်တာမျိုးက ကောင်းပါတယ်။

 

(B)     ကလေးမမွေးဖွားမီ နာရီပိုင်းအလို

8.       မိန်းမကိုယ်အရည်တွေဟာ အရောင်နဲ့ အပျစ်အကျဲ ပြောင်းလဲလာခြင်း

            မမွေးဖွားမီ 1-2 ရက်အလိုကစပြီး မိန်းမကိုယ်အရည်တွေဟာ ပိုမိုပျစ်ခဲလာ၍ များလာတာကို သတိပြုမိနိုင်ပါတယ်။ ထို့ပြင် သားအိမ်ကို ကာရန်ထားတဲ့ အချွဲတုံးကြီး ထွက်ကျလာတာကိုလည်း တွေ့ရနိုင်ပါတယ်။ (နှပ်သဏ္ဌာန် ရှိသော်လည်း သွေးစလေးများ ပါ၀င်နေတတ်ပါတယ်။) သို့မဟုတ် အချွဲတုံးလေးများလည်း ဖြစ်နိုင်ပါတယ်။ (သေးငယ်တဲ့အတွက် သတိမပြုမိနိုင်ပါဘူး။) ထိုသွေးရောင်ပျစ်ခဲခဲကြီး ဆင်းလာတာဟာ မွေးဖွားချိန် ရောက်တော့မယ်လို့ ပြသတဲ့အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ (သားအိမ် မပွင့်သေးသည့်တိုင်အောင် မွေးဖွားရန်မှာ ရက်ပိုင်းမျှသာ လိုတော့သည်ဟု မှတ်ယူနိုင်ပါတယ်။)

 

9.       သားအိမ်ညှစ်ခြင်းကို မကြာခဏ ခံစားရခြင်း

            သားအိမ်ညှစ်တာဟာ မွေးဖွားဖို့အတွက် ကနဦး လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ မွေးဖွားရက်မတိုင်မီ လပေါင်းများစွာ အလိုကပင် ကလေးငယ်ကို အပြင်တွန်းထုတ်ဖို့အတွက် သားအိမ်တင်းလာတာကို ခံစားရနိုင်ပါတယ်။

            (Braxton – Hicks contractions) - အမှန်တကယ် သားအိမ်ညှစ်ခြင်း ဟုတ်၊ မဟုတ်ကို သိနိုင်တဲ့ အချက်တွေကတော့ -

●          သားအိမ်ညှစ်တာဟာ မသက်သာဘဲ ပိုမိုပြင်းထန်လာခြင်း

●          ကိုယ်နေဟန်ထား ပြောင်းလဲလိုက်ရုံဖြင့် မသက်သာသွားခြင်း

●          နာကျင်မှုေ၀ဒနာ ခါးမှစတင်ကာ ၀မ်းဗိုက်အောက်ပိုင်းနဲ့ ခြေထောက်များဆီသို့ပါ ရောက်ရှိနိုင်ခြင်း

●          သားအိမ်ညှစ်တဲ့အကြိမ်ရေ ပိုမိုစိတ်လာခြင်း၊ ပိုမိုနာကျင်လာခြင်း

 

10.     ရေမြွှာပေါက်ခြင်း

            ရေမြွှာပေါက်မှသာ ကလေးမွေးနိုင်မည်ဟု အထင်ရှိကြပေမယ့်လည်း လက်တွေ့မှာတော့ ရေမြွှာပေါက်ခြင်းဟာ မွေးဖွားဖို့အတွက် နောက်ဆုံးလက္ခဏာတစ်ရပ်သာ ဖြစ်ပါတယ်။ ထို့ပြင် မိခင်လောင်း 15% ခန့်မှာသာ ကြုံတွေ့နိုင်တာကြောင့် ရေမြွှာပေါက်တာကို တစ်ခုတည်းသော မွေးခါနီးလက္ခဏာတစ်ခုအဖြစ် မမှတ်ယူသင့်ပါဘူး

 

Dr. Thinzar Wynn (www.drmyanmar.com)