ကိုယ်၀န်ဆောင်များအတွက် အခြေခံလမ်းညွှန်ချက်များ
ကိုယ်၀န်ဆောင်ကာလဟာ မိခင်ရောကလေးအတွက်ပါ အရေးကြီးတဲ့ကာလဖြစ်ပါတယ်။ ၀မ်းဗိုက်ထဲရှိ ကလေးငယ်ကျန်းမာသန်စွမ်းစေဖို့အတွက် ကိုယ်၀န်ရှိစမှာပင် အနေအထိုင်၊ အစားအသောက်ဆင်ခြင်ရပါမယ်။ ကိုယ်၀န်ကာလမှာ ကျန်းမာရေးအသိနှင့်ယှဉ်ပြီး လုပ်စရာတွေအများကြီးရှိပါတယ်။ မွေးဖွားမယ်လို့ ရည်ရွယ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းမှာ ကိုယ်၀န်အပ်ပါ။ ANCare လို့ခေါ်တဲ့ ကိုယ်၀န်ဆောင်စောင့်ရှောက်မှု ခံယူပါ။
ကိုယ်၀န်ဆောင်စောင့်ရှောက်မှုအတွက် ပထမဆုံးကိုယ်၀န်လာအပ်ချိန်မှာ ကျန်းမာရေးဌာနမှ အောက်ပါတို့ကိုပြုလုပ်ပေးပါလိမ့်မယ်။
- ကိုယ်၀န်ရှိကြောင်း သေချာစေရန် ဆီးစစ်ဆေးခြင်း
- ဆီးထဲရှိသွေးဖြူဥ၊ သကြားဓာတ်နှင့် ပရိုတင်ဓာတ်တို့ကိုစစ်ဆေးခြင်း
- ကိုယ်အလေးချိန်၊ အရပ်၊ သွေးအုပ်စု၊ Hb% စတဲ့ အထွေထွေ စစ်ဆေးမှုပြုလုပ်ခြင်း
- ၀မ်းဗိုက်ကိုစမ်းသပ်ခြင်း
- အမျိုးသမီးအင်္ဂါနှင့် သားအိမ်ခေါင်းကိုစစ်ဆေးခြင်း
- အသားရောင် အသားဝါ B ပိုး၊ C ပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုးရှိ/မရှိစစ်ဆေးခြင်း
ကိုယ်၀န်ဆောင်မိခင်တိုင်း သာမန်အားဖြင့် ရက်သတ္တပတ် 4 ပတ် မှ 28 ပတ်အတွင်း တစ်လတစ်ကြိမ်၊ 28 ပတ်မှ 36 ပတ်အတွင်းတစ်လ 2 ကြိမ်၊ 36 ပတ်မှ မွေးသည်အထိ တစ်ပတ်တစ်ကြိမ် ကိုယ်၀န်ဆောင် စောင့်ရှောက်မှုခံယူသင့်ပါတယ်။ ကိုယ်၀န်ဆောင်စောင့်ရှောက်မှုခံယူတိုင်း ကျန်းမာရေးဌာနမှ အလေးချိန်ချိန်ခြင်း၊ သွေးဖိအားတိုင်းခြင်း၊ ဆီးစစ်ဆေးခြင်း၊ ကလေးနှလုံးခုန်သံစစ်ဆေးခြင်း၊ ၀မ်းဗိုက်တွင်းရှိ သနေ္ဓသားရဲ့အနေအထားနဲ့အရွယ်အစားကိုစစ်ဆေးခြင်းတို့ကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် သနေ္ဓသားကောင်းစွာဖွ့ံဖြိုးခြင်းရှိ/မရှိသေချာစေရန် အာထရောင်ဆောင်း (Ultrasound) ရိုက်ရပါမယ်။ အာထရာဆောင်း (Ultrasound) ကို ကိုယ်၀န်နုတုန်းတခါ၊ ကိုယ်၀န်ရင့်စဉ် တစ်ခါရိုက်သင့်ပါတယ်။
Dr. Htet Htet Aung















