ဗိုက်ခွဲမွေးပြီးနောက် ရှောင်ရန်၊ ဆောင်ရန်နှင့် အနာကျက်မြန်စေဖို့ လိုက်နာရမည့်အချက်များ
>> ဗိုက်ခွဲကလေးမွေးပြီးနောက်
၁။ ချုပ်ရိုးပတ်တီးနေရာမှ အရည်များထွက်နေပါက အနာနေရာကို ရေမထိပါစေနဲ့။ ကိုယ်ပတ်တိုက်ချိန်မှာ သတိထားပြီးတိုက်ပေးပါ။
၂။ ချုပ်ရိုးနေရာက ဗိုက်ခေါက်ကြားရောက်နေပြီး ချွေးထွက်သန်သူဖြစ်ပါက ချွေးဖြင့်အနာမနူးစေရန် ချုပ်ရိုးနေရာကို အဝတ်တစ်စဖြင့် ဖုံးထားသင့်ပါတယ်။ ခွဲစိတ်ပြီးနောက်ရက်အနည်းငယ် ချွေးထွက်များတဲ့ ပြင်းပြင်းထန်ထန် အလုပ်တွေမလုပ်ပဲ အနားယူသင့်ပါတယ်။
၃။ အိမ်သာသွားပြီးရေဆေးတဲ့အခါလည်း အနာကို မထိမိအောင် သတိပြုပါ။
၄။ ခွဲစိတ်ပြီး၁ပတ်ခန့်အကြာ ဆရာဝန်နဲ့ပြန်ပြတဲ့အခါ အနာကောင်းကောင်းကျက်ပြီဖြစ်တဲ့အတွက် ပတ်တီးခွာနိုင်ပြီ ဖြစ်ပါတယ်။ ချုပ်ရိုးတွေကတော့ သူ့အလိုလိုပျော်သွားနိုင်သလို၊ လိုအပ်ရင် ဆရာဝန်ကချုပ်ရိုးဖြေပေးပါလိမ့်မယ်။
၅။ ၁ပတ်ကြာတဲ့အခါ အနာကသိပ်မနာတော့ပဲ ပတ်တီးလည်းခွာပြီးပြီဖြစ်တဲ့အတွက် ရေချိုးနိုင်ပြီ ဖြစ်ပါတယ်။
၆။ ပတ်တီးခွာပြီးနောက် အနာပိုးမဝင်စေရန် သေသေချာချာ ဂရုစိုက်သင့်ပါတယ်။
Pregnacare 1
၇။ ချုပ်ရိုးနေရာကို ဆေးကြောရာမှာ ဆပ်ပြာအပျော့စားလေးကိုသုံးပြီး ရေနဲ့ အသာအယာသာ ဆေးပေးပါ။ ပွတ်တိုက်ခြင်း မပြုပါနဲ့။
၈။ သတ်သတ်ဆေးစရာတော့ မလိုအပ်ပါဘူး။ ရေချိုးရင်းနဲ့ တစ်ခါတည်းဆေးပြီး တဘတ်နဲ့ ဖွဖွသုတ်ပေးနိုင်ပါတယ်။
၉။ ဆရာဝန်ပေးထားတဲ့ ပိုးသတ်လိမ်းဆေးလေးကို ချုပ်ရိုးနေရာမှာ တစ်နေ့နှစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိမ်းပေးပါ။
၁၀။ အလေးအပင်မတာနဲ့ ဗိုက်အားသုံးလေ့ကျင့်ခန်းတွေစတဲ့အနာပေါ် ဒဏ်ပိစေပြီး အနာကျက်နှေးစေနိုင်တဲ့အလုပ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။
၁၁။ ဒီနညး်လမ်းလေးတွေကို လိုက်နာဆောင်ရွက်ပါက ချုပ်ရိုးလေးဟာ ကောင်းကောင်းမွန်မွန် လှလှပပ ကျက်သွားမှာဖြစ်ပါတယ်။ ဒါတွေလုပ်နေလျက်နဲ့မှ ချုပ်ရိုးက သွေးထွက်လာတာ၊ နီရဲပြီးရောင်လာတာ၊ ပြည်တွေထွက်လာတာမျိုးရှိလာပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Pregnacare 2
>> အနာကျက်မြန်စေဖို့ ဆောင်ရန်အချက်များ
ဗိုက်ခွဲမွေးပြီးနောက်မှာ ဆရာဝန်က ဆောင်ရန်ရှောင်ရန်များကို ညွှန်ကြားလိုက်မှာဖြစ်ပါတယ်။ ဗိုက်ခွဲထားသူတွေဟာ ပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။ သေချာဂရုမစိုက်ပါက အနာကျက်တာကို နှေးစေနိုင်ပြီး အန္တရာယ်ရှိစေနိုင်ပါတယ်။ သတိမထားမိလိုက်တဲ့အရာများက ရောဂါဘယတွေဖြစ်စေနိုင်ပြီး အနာကျက်ခြင်းကို အဟန့်အတားဖြစ်စေလာနိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ပြီး ရောဂါဘယတွေကင်းစင်နိုင်ဖို့ ဒီအချက်တွေကို ရှောင်ကြဉ်ရပါမယ်။
၁။ ဝမ်းမချုပ်ပါစေနဲ့။ ဝမ်းညှစ်နေရခြင်းဟာ ချုပ်ရိုးကိုနာစေပြီး အနာကျက်နှေးစေနိုင်ပါတယ်။
၂။ နှာချေချောင်းဆိုးကို သတိထားပါ။ နှာချေချောင်းဆိုးခြင်းက အနာအပေါ်ဖိအားဖြစ်စနေိုင်ပါတယ်။
၃။ အူလှိုက်သဲလှိုက်ရယ်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ရယ်မောခြင်းက စိတ်ကိုကြည်လင်ပျော်ရွှင်စေနိုင်ပေမယ့် အနာကိုတင်းပြီးနာစေပါတယ်။ ဒါကြောင့် စိတ်ကိုငြိမ်သက်စေပြီး မီးတွင်းစိတ်ဓာတ်ကျမှုကို လျော့နည်းစေဖို့ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
၄။ ဗိုက်လေ့ကျင့်ခန်းများကို ရှောင်ပါ။ ဗိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကြွက်သားတွေကိုသန်မာစေပြီး အနာကျက်ခြင်းကို မြန်စေနိုင်ပေမယ့် ချုပ်ရိုးနေရာကို နာကျင်ပြီး အနာမကျက်ဖြစ်စေနိုင်ပါတယ်။ ရိုးရိုးလေ့ကျင့်ခန်းတွေက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပြီး ခန္ဓာကိုယ်ကိုကျစ်လစ်စေနိုင်ပေမယ့် ဗိုက်လေ့ကျင့်ခန်းများကိုတော့ ၆ပတ်ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့အချိန်အထိ ရှောင်ကြဉ်သင့်ပါတယ်။















