/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်စိ-စမ်းသပ်ဖို့-လိုနေပြီလား

မျက်စိ စမ်းသပ်ဖို့ လိုနေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မျက်စိဆိုတာ လျစ်လျူရှုသင့်တဲ့အရာ မဟုတ်ဘူးနော်။ မျက်စိကို ပုံမှန်စစ်ဆေးသင့်တ အမှန်ပါပဲ။ ဒါပေမဲ့ အတော်များများက မျက်စိ ပုံမှန်မစစ်ဆေးတတ်ကြတာ သဘာဝပါပဲ။ ဒီတော့ မျက်စိစမ်းသပ်မှုကို ဘယ်အချိန်မှာ စစ်ဆေးဖို့ လိုမလဲဆိုတာ သိထားသင့်ပါတယ်။

 

၁။     မျက်စိ အလွန်အမင်း ခြောက်ကပ်ခြင်း

          မျက်စိကနေ မျက်ရည်ကောင်းကောင်း မထုတ်ပေးနိုင်တော့တဲ့အခါ အစိုဓာတ်တွေ အကုန်ဆုံးရှုံးပြီးတော့ မျက်လုံး ခြောက်လာတော့တာပါပဲ။ မျက်လုံး ခြောက်တဲ့အခါ မျက်လုံး ပူတာ၊ စပ်တာ၊ နီတာ၊ မျက်ဝတ်တွေထွက်တာ၊ နာတာ ကျင်တာတွေ ဖြစ်လာတတ်ပါတယ်။

          မျက်လုံး ခြောက်တာကို မကုဘဲထားမယ်ဆိုရင် မျက်စိ ပိုးဝင်တာတွေ ဖြစ်လာတတ်ပါတယ်။ လေပူ၊ အငွေ့ပူတွေနဲ့ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်တွေ၊ ရာသီဓာတ်မတည့်မှုတွေ၊ နှာစီးပျောက်ဆေးလိုမျိုး ဆေးတွေနဲ့ ဖုန်း၊တီဗီ၊ ကွန်ပျူတာမျက်နှာပြင်တွေကို အကြည့်များတဲ့အခါမျိုးတွေကြောင့် မျက်လုံး ခြောက်တတ်ပါတယ်။

 

၂။     အမြင်အာရုံ မပြတ်သားခြင်း

          အမြင်အာရုံ ဝေဝါးနေပြီ ဆိုရင်တော့ မျက်လုံးဆရာဝန်နဲ့ မဖြစ်မနေပြဖို့ လိုအပ်နေပါပြီ။ မျက်လုံးဝေဝါးခြင်းဟာ မျက်စိမှုန်တာ၊ မျက်စိပါဝါတိုးတာကနေ မျက်လုံးခြောက်တာ၊ ရေတိမ်လိုမျိုး မျက်စိအမြင်အာရုံ ထိခိုက်နိုင်တဲ့ အခြေအနေတွေအထိ ဖြစ်နိုင်ပါတယ်။

          ရေတိမ်ဆိုတာ အင်မတန် ကြောက်စရာပါ။ မျက်စိထဲ ဘာအကြောင်းကြောင့်မှန်း သေချာမသိဘဲ အရည်တွေ စုပုံလာပြီး အာရုံကြောကို ဖိမိကာ အမြင်အာရုံ ထိခိုက်မိတတ်ပါတယ်။

          သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတယ် ဆိုပေမယ့် အရွယ်မရွေး ဖြစ်နိုင်ပါတယ်နော်။ အမြင်အာရုံ ဝေဝါးတဲ့အပြင် ရှေ့တည့်တည့်အမြင်ပဲဖြစ်ဖြစ်၊ ဘေးအမြင်ပဲဖြစ်ဖြစ် အမည်းကွက်တွေ ပေါ်လာတာ၊ ခေါင်းအရမ်းကိုက်တာ၊ မျက်စိအောင့်တာ၊ အမြင်ဝေဝါးတာ၊ အလင်းစူးတာ၊ မျက်လုံးရဲတာတွေ ဖြစ်လာတတ်ပါတယ်။ အမြင်အာရုံ လုံးဝဆုံးရှုံးသည်အထိ ဖြစ်တတ်လို့ ကြောက်ရပါတယ်နော်။

          ကြည့်ရတာ ခဏတစ်ဖြုတ် မပြတ်မသားဖြစ်ပြီး ပြန်ကောင်းသွားတယ် ဆိုရင်တောင် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်ဖို့ အင်မတန် အရေးကြီးပါတယ်။

 

၃။     နှစ်ထပ်မြင်နေခြင်း

          နှစ်ထပ်မြင်နေရပြီဆိုတာနဲ့ ကြောက်လန့်သွားကြမှာ အမှန်ပဲနော်။ ဒါပေမဲ့ တကယ်တော့ ပါဝါလိုနေတာကြောင့် ဖြစ်တာများပါတယ်။

          ဒါ့အပြင် မျက်လုံးလှုပ်ရှားမှုကို ထိန်းချုပ်နေတဲ့ ကြွက်သားတွေမကောင်းတာ၊ မျက်ကြည်လွှာပုံသဏ္ဌာန် မမှန်တာ၊ အတွင်းတိမ်တွေကြောင့် ဖြစ်တတ်ပါတယ်။ တစ်ခြားလက္ခဏာတွေဘာမှမရှိဘဲ နှစ်ထပ်မြင်တာ တစ်ခုတည်းဆိုရင် မျက်စိဆရာဝန်နဲ့သာ စစ်ဆေးကြည့်ပါ။ ဒီလိုမဟုတ်ဘဲ နှစ်ထပ်မြင်တဲ့အပြင် စကားပြောတာ မမှန်တာ၊ ကိုယ်တစ်ခြမ်းသေတာ၊ ကိုယ်တစ်ခြမ်း ထုံနေတာ၊ လမ်းလျှောက်လို့မရတာ စတာတွေပါ တွဲဖြစ်နေပြီ ဆိုရင်တော့ အရေးပေါ်ကိုသာ ပြေးပါတော့။ ဒီလိုလက္ခဏာတွေနဲ့သာ တွဲလာမယ်ဆိုရင် လေဖြတ်တာ ဖြစ်နိုင်လို့ပါ။

 

၎။     ဘေးမြင်ကွင်းကို မမြင်ရခြင်း

          ဘေးမြင်ကွင်းမှာ အကွက်တွေ မြင်နေရတာ၊ ခဏတစ်ဖြုတ် ပျောက်ပျောက်သွားတာ၊ ဒါမှမဟုတ် လုံးဝမမြင်ရတော့တာမျိုးဆိုရင် ခေါင်းထဲ အချက်ပေးခေါင်းလောင်းလေးတွေ မြည်သင့်ပါပြီ။ ချက်ချင်း မျက်စိဆရာဝန်နဲ့ ပြပါနော်။

          ရေတိမ်ကြောင့်သော်လည်းကောင်း၊ မြင်လွှာကွာသွားလို့သော်လည်းကောင်း၊ ဒါမှမဟုတ် အသက်ကြီးလာလို့ဖြစ်စေ၊ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ မြင်လွှာကို သွေးနဲ့ လိုအပ်တဲ့အောက်စီဂျင်တွေ ပေးစွမ်းနေတဲ့ သွေးကြောလွှာ ကွာကျသွားလို့သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

          ဒီလိုမြင်လွှာကွာတာကို အချိန်မီသာ မကုသဘဲထားရင် မျက်စိအမြင်အာရုံ ပျက်စီးသွားမှာ အမှန်ပါပဲနော်။ မြင်လွှာကွာတဲ့ နောက်ထပ်လက္ခဏာတွေကတော့ အမြင်အာရုံထဲ အဖတ်တွေ လှုပ်နေတာကို မြင်ရတာ၊ အလင်းတန်းတွေ မြင်နေရတာ၊ အမြင်အာရုံဝေဝါးတာ၊ မျက်စိရှေ့ လိုက်ကာကြီး ချလိုက်သလို ခံစားရတာ စတဲ့ လက္ခဏာတွေကလည်း မြင်လွှာကွာတဲ့လက္ခဏာတွေပဲမို့ သတိထားဖို့ လိုပါတယ်နော်။

 

၅။     မျက်စိအောင့်ခြင်းနာခြင်း

          အခန့်မသင့် မျက်စိ နာတာ၊ ကျင်တာ အနည်းအပါး ရှိတတ်တယ်ဆိုပေမယ့် ၂၄ နာရီထက် ပိုပြီး မျက်စိအောင့်နေ၊ နာနေပြီ ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုကိုလိုနေပါပြီနော်။

          မျက်လုံးခြောက်တာ၊ မျက်နက်ဝန်းရောင်ရမ်းတာ၊ မျက်ကြည်လွှာပြဲတာ၊ ပိုးဝင်တာ၊ အမှုန်အမွှားအစတွေ မျက်စိထဲဝင်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို သေချာသိနိုင်ဖို့ မျက်စိဆရာဝန်နဲ့ ပြကြည့်ဖို့ အရေးကြီးပါတယ်။

 

၆။     မျက်စိနီရဲနေခြင်း

          အိပ်ရေးမဝလို့ မျက်စိနီရဲနေတာမျိုးကတော့ အကြောင်းရင်း ရှာရလွယ်တာပေါ့။ ဒီလိုမဟုတ်ဘဲ အကြောင်းမဲ့သက်သက် နီနေပြီဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ၂၄ နာရီထက် ပိုကြာလာရင်ပေါ့။

          များသောအားဖြင့် မျက်လုံးခြောက်တာ၊ မျက်နက်ဝန်းရောင်တာ၊ မျက်စိအမြှေးပါး ရောင်ရမ်းတာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။

          မျက်စိအမြှေးပါးရောင်တာဟာ အဖြစ်များပြီိးတော့ ဓာတ်မတည့်တာ၊ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုး ဝင်တာ၊ အမှုန်အမွားအမှိုက်စတွေဝင်တာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်လုံးနီတာအပြင် ယားယံတာ၊ ခိုးလိုးခုလုဖြစ်တာ၊ မျက်ဝတ်ထွက်တာ၊ မျက်ရည်ကျတာတွေပါ ဖြစ်တတ်ပါသေးတယ်။

 

၇။     မျက်ရည်ကျနေခြင်း

          ထူးဆန်းတာတစ်ခုက မျက်ရည်တွေ ကျကျနေတဲ့ အကြောင်းရင်းတစ်ခုဟာ မျက်လုံးခြောက်ခြင်းကြောင့် ဖြစ်နိုင်ပါသတဲ့။ မျက်လုံးခြောက်နေတဲ့အခါ မျက်ရည်ဂလင်းတွေက အရည်တွေ ပိုထုတ်ပေးနေတဲ့သဘောပေါ့။

          ဒါမှမဟုတ် မျက်ကြည်လွှာ ပြဲတာ၊ မျက်ရည်လမ်းကြောင်း ပိတ်တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာဝန်နဲ့ပြကြည့်ပြီး အကြောင်းရင်းကိုရှာဖို့ အရေးကြီးတယ်နော်။

 

၈။     မျက်စိ မစမ်းသပ်ရတာကြာခြင်း

          မျက်စိ ဘာမှမဖြစ်ရင်တောင် မှန်မှန် မျက်စိအစမ်းသပ်ခံနေသင့်ပါတယ်။ ဒါမှသာ ရေတိမ်လိုရောဂါမျိုးတွေကို စောစောသိ စောစောကုနိုင်မှာပါ။

          ကလေးငယ်လေးတွေမှာ ၆လ ကနေ ၁၂ လခြားတစ်ခါ၊ အသက် ၃ နှစ်နဲ့ ၅ နှစ်ကြားမှာတစ်ကြိမ်၊ ၆ နှစ်ကနေ ၁၈ နှစ်ကြားကလေးတွေမှာ တစ်နှစ်တစ်ကြိမ် စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။ ၁၈ နှစ်ကနေ ၆၄ နှစ်အတွင်းမှာတော့ အနည်းဆုံး ၂ နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ ၆၅ နှစ်ပြည့်ပြီးနောက်မှာတော့ တစ်နှစ်တစ်ကြိမ် အနည်းဆုံး စစ်ဆေးဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)