ကမ္ဘာ့ကပ်ရောဂါ အဆုံးသတ်ဖို့ ခြေတစ်လှမ်း နီးလာပြီလား
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါဟာ နိုင်ငံတော်တော်များများမှာ ဒုတိယလှိုင်းအဖြစ် ရိုက်ခတ်နေတဲ့အချိန်မှာ ကာကွယ်ဆေး မြန်မြန်ထွက်ဖို့က အဓိကကျလာပါတယ်။ ယခုအခါ Pfizer နဲ့ BioNTech မှ ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သတင်းကောင်းတစ်ရပ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ကနဦးသတင်းအရ သူတို့ထုတ်ထားတဲ့ ဒီကာကွယ်ဆေးဟာ ကိုဗစ်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
ကာကွယ်ဆေးထွက်ရှိနိုင်ဖို့ မတူညီတဲ့နေရာဒေသတွေက လူပေါင်း ၄၃,၅၃၈ ယောက်ကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြရာ ကိုဗစ် ကူးစက်မှုမရှိသေးတဲ့သူတွေဟာ ဒီကာကွယ်ဆေးထိုးခြင်းဖြင့် ကူးစက်ခြင်းမှ ၉၀ ရာခိုင်နှုန်းနှင့်အထက် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
>> ဘယ်လိုမျိုး လုပ်ဆောင်ပေးခြင်းဖြင့် ကာကွယ်မှုပေးနိုင်တာလဲ?
ပိုးရဲ့မျိုးရိုးဗီဇပြုပြင်ထားတဲ့အစိတ်အပိုင်းကို ထိုးပေးပြီး ခန္ဓာကိုယ်ရဲ့ခုခံအားကို လှုံ့ဆော်ပေးခြင်းဖြင့် ကာကွယ်မှုရရှိစေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အန္တရာယ်ကင်းနိုင်မှုရလဒ်နဲ့ ပတ်သက်ပြီးတော့ မသိရသေးပါဘူး။
>> ကာကွယ်ဆေးထိုးပြီး ဘယ်လောက်ကြာရင် အာနိသင်စပြမှာလဲ?
ကာကွယ်ဆေးကို (၃) ပတ်ခြားပြီး နှစ်ကြိမ်ထိုးရပါမယ်။ နှစ်ကြိမ်ထိုးပြီးလို့ တစ်ပတ်ကြာတဲ့အခါမှာ ကိုယ်ခံအားရရှိမှာ ဖြစ်ပါတယ်။
>> ရောဂါကူးစက်ခံရဖူးသူတွေရော ထိုးလို့ရသလား?
ရပါတယ်။ ရောဂါကူးစက်ခံရဖူးသူတွေမှာ နောက်တစ်ကြိမ် မကူးစက်စေဖို့နဲ့ ရောဂါပြင်းထန်မှုကို ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုကာကွယ်မှု ရ၊ မရကို သိနိုင်ဖို့အတွက်လည်း ဒီကာကွယ်ဆေးကို ရောဂါကူးစက်ခံရဖူးတဲ့သူတွေမှာ ဆက်လက်စမ်းသပ်မှုတွေ ပြုလုပ်နေကြပါတယ်။
>> ဘယ်အချိန်လောက် စတင်အသုံးပြုနိုင်မှာလဲ?
အန္တရာယ်ကင်းနိုင်မှုရလဒ် ထွက်လာတာနှင့် တစ်ပြိုင်နက် အမေရိကန်ပြည်ထောင်စုရှိ Food and Drug Administration (FDA) ထံမှ အရေးပေါ်အသုံးပြုခွင့် တောင်းခံသွားမယ်လို့ သိရပါတယ်။ ဒီရလဒ်ကို ယခုလ တတိယအပတ်မှာ ရနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
>> တစ်ကမ္ဘာလုံးကို ကာကွယ်ဆေးဖြန့်ချိဖို့ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲ?
အဓိက အခက်အခဲရှိနိုင်တာကတော့ ကာကွယ်ဆေးထိန်းသိမ်းမှုအပိုင်းမှာပါ။ အလွန်နိမ့်တဲ့အအေးချိန်မှာ ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ နောက်ကြုံနိုင်တဲ့ပြဿနာတွေကတော့ ကာကွယ်ဆေးထုတ်ဖို့ သဘောတူညီချက် ရနိုင်ပါ့မလားဆိုတဲ့အချက်ပါ။ ဆေးတစ်မျိုးထုတ်ဖို့ဆို ကောင်းကျိုးက ဆိုးကျိုးထက် သာနေရပါမယ်။ ဒီကာကွယ်ဆေးမှာတော့ အန္တရာယ်ကင်းမှုရလဒ် မထွက်ရှိသေးတဲ့အတွက်ကြောင့် စောင့်ကြည့်ရဦးမှာပါ။ အကယ်၍ သဘောတူညီချက်ရခဲ့ရင်တောင် လိုအပ်မှုများနေတဲ့အချိန်မှာ တစ်ကမ္ဘာလုံးကို အချိန်မီ ဖြန့်ချိနိုင်ပါ့မလားဆိုတဲ့ အခက်အခဲရှိနိုင်ပါတယ်။
ဆေးကုမ္ပဏီအနေနှင့် ကာကွယ်ဆေးအသုံးပြု ခွင့်အတွက် သဘောတူညီမှု ရလာပါက ယခုနှစ်ကုန်တွင် သန်း ၅၀ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် သန်း ၁,၃၀၀ ထုတ်လုပ်သွားမယ်လို့ ရည်မှန်းထားကြပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးသူများတွင်လည်း ကာကွယ်ဆေးထိုးပြီး ၂ နှစ်အထိ ရေရှည်ကာကွယ်မှုပေးနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























