ကမ်ဘာ့အသက်အရှည်ဆုံးအမျိုးသမီးရဲ့ အသက်ရှည်နည်းလျှို့၀ှက်ချက်
1899 ခုနှစ်၊ ဇူလိုင်လ (6)ရက်နေ့တွင် လူ့လောကကိုရောက်လာခဲ့သူ Susannah Mushatt Jones (116 နှစ်) ဟာ 19 ရာစုနှစ်တွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသူ/သားများအနက်မှ အသက်အရှည်ဆုံးနေထိုင်နိုင်သူတစ်ဦးဖြစ်သလို ကာလအားဖြင့်တွက်ဆကြည့်မယ်ဆိုရင် ရာစုနှစ်သုံးစုစာကိုဖြတ်သန်းနိုင်ခဲ့သူဖြစ်ပြီး သမ္မတအယောက် 20 ရဲ့ အုပ်ချုပ်မှုအောက်တွင်နေခဲ့သူ၊ ကမ်ဘာစစ်ကြီးနှစ်ခုလုံးနဲ့ကြုံခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာ 2016 ခုနှစ်၊ မေလ၊ 12 ရက်နေ့ က ကွယ်လွန်သွားခဲ့ပါတယ်။
Jones ရဲ့ မွေးရပ်မြေမှာ Alabama ပြည်နယ်၊ Lowndes County ဖြစ်ပြီး Jones ရဲ့ မိဘများဟာ လယ်ယာလုပ်ကိုင်သူများဖြစ်ကြတဲ့အတွက် သူမအနေဖြင့် သာမန်မျိုးရိုးမှ ဆင်းသက်လာသူ တစ်ယောက်ဖြစ်သော်လည်း ကမ်ဘာ့အသက်အရှည်ဆုံးနေထိုင်နိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရခြင်းကြောင့် သူမ၏အသက်ရှည်ရှည်နေထိုင်နည်း လျှို့၀ှက်ချက်ကို လေ့လာကြည့်ခဲ့ကြပါတယ်။
သူမအနေဖြင့်အိပ်စက်ချိန်ပြည့်ပြည့်၀၀ရှိရေးအပေါ် အင်မတန်အလေးအနက်ထားပြီး ဘယ်သောအခါမှ ဆေးလိပ်၊ အရက်သောက်ခြင်းမရှိခဲ့တာဟာလည်း အသက်ရှည်ရှည်နေနိုင်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်သလို လတ်လတ်ဆတ်ဆတ်အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်ခူးဆွတ်စားရမှ စိတ်ကျေနပ်မှုရှိတဲ့အကျင့်စရိုက်ရယ်၊ အစားအသောက်စာရင်းတွင် ပြောင်း(grits) ထည့်သွင်းစားတတ်တဲ့အလေ့အထရှိခြင်းရယ်၊ အစာစားတဲ့အခါ အာဟာရပြည့်၀ဖို့အတွက် အလေးထားသုံးခြင်းဟာလည်း သူမအတွက် အသက်ရှည်ဆေးတစ်ခုသဖွယ်လို့တောင် ဆိုလို့ရပါတယ်။ ဒါ့အပြင် ထူးခြားတာတစ်ခုက သူမဟာ အဆင့်အတန်းမြင့် အမျိုးသမီးအတွင်းခံပစ္စည်းတွေကိုသာ ၀ယ်၀တ်ရတာကို အင်မတန်မှနှစ်သက်သူဖြစ်ပါတယ်။ အတွင်းခံအကောင်းစားကို ၀တ်ရခြင်းရည်ရွယ်ချက်ဟာ ကြွားလုံးထုတ်ဖို့မဟုတ်ဘဲ သူမအတွက်သက်တောင့်သက်သာဖြစ်စေမှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေခြင်းကြောင်းမို့ ၀တ်ဆင်ခြင်းဖြစ်တယ်၊ အတွင်းခံဆိုတာဟာ ကိုယ်အသက်အရွယ်နဲ့ချိန်ညှိပြီး ရွေးချယ်နေစရာမလို၊ ကိုယ်စိတ်ကြိုက် ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်ရွေးပိုင်ခွင့်ရှိတယ်လို့ ခံယူထားသူဖြစ်ကြောင်း Jones ရဲ့တူမဖြစ်သူက Time Magazine မှ အင်တာဗျူးမှာဖြေကြားထားချက်အရ သိရပါတယ်။
အကောင်းမြင်စိတ်အမြဲမွေးပြီး သဘောထားကြီးကြီးထားတတ်တဲ့ စိတ်နေစိတ်ထားရှိတဲ့ သူမအတွက် အမြဲစိတ်အေးချမ်းမှုရှိနေတတ်ကာ မိသားစုကို ချစ်ခင်နှစ်သက်အလေးထားခြင်းစတဲ့ အေးချမ်းတဲ့ စိတ်ထားတွေကြောင့် စိတ်ပျိုကိုယ်နုဆိုတဲ့စကားအတိုင်း ဘ၀တစ်လျှောက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း လာနိုင်ခဲ့ခြင်းဟာ သူမအသက်ရှည်ရှည်နေထိုင်နိုင်ခဲ့တဲ့ အကြောင်းတရားများပင်ဖြစ်လို့နေပါတယ်။
CMS















