ခွဲစိတ်အပြီး ဖြစ်လေ့ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးများ
လူအများစုဟာ ခွဲစိတ်မှု အောင်မြင်ဖို့ကိုသာ စိတ်သန်နေလေ့ရှိကြတာမို့ ခွဲစိတ်အပြီး အနာပြန်ကျက်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မေ့နေတတ်ကြတယ်။ ခွဲစိတ်အပြီး နာလန်ပြန်ထဖို့ဟာ အခက်ခဲဆုံးပါပဲ။ တချို့တလေအတွက်ဆိုရင် အင်မတန်မှ နာတတ်ကျင်တတ်ကြတယ်။ အကောင်းဆုံးရလဒ်ကိုရဖို့အတွက် စိတ်ရှည်သည်းခံဖို့ လိုတယ်။
ခွဲစိတ်အပြီးမှာ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့တာ၊ ဆရာဝန် ဆရာမတွေရဲ့ ညွှန်ကြားမှုကို နားမလည်တာမျိုးတွေ ဖြစ်တတ်ကြတယ်။
>> ခွဲစိတ်အပြီးမှာ ဘာကပုံမှန်၊ ဘာကပုံမမှန်တာလဲ?
တချို့အရာတွေဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ပျောက်သွားတတ်ကြတယ်။ (ဥပမာ - လည်ချောင်းနာတာလိုမျိုးပေါ့။) တကယ်လို့ အရေးပေါ်လို့ထင်ရင် ခွဲစိတ်ဆရာဝန်နဲ့ ချက်ချင်း ပြန်ပြတာလိုမျိုး၊ အရေးပေါ်သွားပြတာလိုမျိုး လုပ်သင့်တယ်။
>> ဘယ်နောက်ဆက်တွဲဆိုးကျိုးတွေက စိုးရိမ်ရသလဲ?
အသက်ရှူရခက်ရတာ၊ သွေးအများကြီးထွက်တာ၊ ရုတ်တရက်ကြီး တအားနာလာတာ၊ နာတာ ကျင်တာကို ဘယ်လိုမှထိန်းမရတာမျိုးတွေ ဖြစ်လာခဲ့ရင် ချက်ချင်း ဆရာဝန်နဲ့ပြပါ။ ဆီးပိုးဝင်တာမျိုးက အရမ်းအဖြစ်များပြီး လျစ်လျူ မရှုသင့်ဘဲ ဆရာဝန်နဲ့ ဆက်သွယ်သင့်တယ်။
ABC Airway-Breathing-Circulation လို့ ခေါ်တဲ့ လေလမ်းကြောင်းပိတ်နေတာ၊ အသက်ရှူမရတာ၊ သွေးလည်ပတ်မှု နည်းသွားတာတွေ ဖြစ်လာခဲ့ရင် ချက်ချင်း ဆရာဝန်နဲ့ ပြဖို့လိုတယ်။
>> ဘာလု့ိ ဆီးသွားမရတာလဲ?
တချို့လူနာတွေမှာ ခွဲစိတ်အပြီး ဆီးသွားရခက်တာ၊ ဆီးပူတာတွေကို ခံစားရတတ်တယ်။ အနည်းစုမှာ ဆီး လုံးလုံး မသွားနိုင်တာမျိုးတွေတောင် ဖြစ်နိုင်တယ်။ မေ့ဆေးအရှိန်ကြောင့်သော်လည်းကောင်း၊ ဆီးပိုက်ထည့်ထားတာကြောင့်သော်လည်းကောင်း၊ နှစ်ခုလုံးကြောင့်သော်လည်းကောင်း ဖြစ်နိုင်တယ်။ ဆီးပိုက် ထည့်ထားသူတွေမှာ ဆီးပိုး ပိုဝင်နိုင်ပြီး ဆီးပူနိုင်တယ်။
ခွဲစိတ်အပြီး ဆီးသွားတဲ့ပြဿနာ တစ်စုံတစ်ရာဖြစ်နေရင် ခွဲစိတ်ဆရာဝန်ကိုဖြစ်ဖြစ်၊ ဆေးခန်းမှာပဲဖြစ်ဖြစ် ပြောပြဖို့လိုတယ်။ ဆီး လုံးလုံးမသွားနိုင်တာ၊ အနည်းအကျဉ်းလေးပဲ သွားနိုင်တာမျိုးကတော့ အရေးပေါ်ကိုပြေးဖို့လိုတယ်။
>> ခွဲကြောင်းကို ဘယ်လိုဂရုစိုက်ကြမလဲ?
ခွဲကြောင်းကို ဂရုစိုက်တာဟာ ထင်သလောက် မခက်ခဲဘူးနော်။ အဓိကက လက်ကို သေချာဆေးပေးဖို့ပဲ။ ဒီ့နောက်တော့ ပတ်တီး လဲပေးဖို့ပဲ ကျန်တော့တာပါ။ ကံကောင်းထောက်မတာက ခွဲကြောင်း တော်တော်များများဟာ ပတ်တီးစည်းဖို့တော့ မလိုပါဘူး။ ဒီအတိုင်း လေသလပ်ထားလိုက်ပါ။
>> ပိုးဝင်နေပြီလား?
ပုံမှန်ခွဲကြောင်းနဲ့ ပိုးဝင်နေတဲ့ခွဲကြောင်း ဘာကွာလဲ? နှစ်ခုလုံးက နီရဲပြီး နာနေတာမို့ ခွဲရခက်တတ်တယ်။ တကယ်ပိုးဝင်မဝင်ကတော့ ဆရာဝန်ပဲ သိမှာပေါ့။ ဒီလက္ခဏာတွေကတော့ နီရဲလာတာ၊ နာလာတာ၊ ရောင်ရမ်းလာတာ၊ ပြည်တွေ ထွက်လာတာအပြင် အဖျားဝင်လာတာတွေ ဖြစ်နိုင်တယ်။
ခွဲစိတ်ပြီးနောက် ပိုးဝင်တာကို လျစ်လျူရှုလို့ မဖြစ်ပါဘူး။ ပိုးဝင်တာကတော့ ဘယ်တော့မှ ပုံမှန်မဟုတ်ဘူး။ ချက်ချင်းကုမှ ဆိုးဆိုးရွားရွား နောက်ဆက်တွဲတွေကို ကာကွယ်နိုင်မှာပါ။
>> ဘာလို့ဝမ်းချုပ်နေတာလဲ?
မခွဲခင် ဘာမှမစားရဘဲနဲ့ ခွဲစိတ်မှုကြောင့် ဝမ်း ဘယ်လိုချုပ်သွားလဲဆိုပြီး တွေးမိနေတတ်ကြမှာပေါ့။ ခွဲအပြီး ဝမ်းချုပ်တာဟာ အကိုက်အခဲပျောက်ဆေးတွေ၊ မေ့ဆေးတွေ၊ ခွဲစိတ်မှုရဲ့ဖိစီးမှုတွေ၊ မလှုပ်မရှားမှုတွေ၊ ရေဓာတ် ခမ်းခြောက်ခြင်းတွေကြောင့် ဖြစ်လေ့ရှိတယ်။ ဒါကြောင့် ဝမ်းမချုပ်အောင် ကိုယ်ကိုယ်တိုင် အရည်များများသောက်၊ အမျှင်များတဲ့ အစားအသောက်တွေ စားတာမျိုးတွေ လုပ်ပေးပါနော်။
ဝမ်းချုပ်တာကို ကုသတာထက်စာရင် ကာကွယ်တာက ပိုကောင်းတယ်။ ဝမ်းညှစ်ရတာက နာတာကို ပိုဆိုးစေနိုင်ပြီး ခွဲကြောင်းပေါ် ဖိအားများစေတာကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်။
>> ဘာလု့ိလည်ချောင်းနာရတာလဲ?
ခွဲစိတ်အပြီးမှာ လူနာအများစု လည်ချောင်းနာတတ်တယ်။ ဘာကြောင့်ဖြစ်မှန်းတော့ မသိကြဘူး။ တင်ပါးဆုံ ခွဲတာ ဘာလို့လည်ချောင်းက တက်နာရတာလဲ စသဖြင့် မေးတတ်ကြတယ်။ အဖြစ်များတဲ့ အကြောင်းရင်း တစ်ခုဖြစ်ပြီးတော့ ခွဲစိတ်တုန်းမှာ ထည့်ထားတဲ့ အသက်ရှူပိုက်ကြောင့် ဖြစ်တာပါ။
>> ခွဲကြောင်းက နာလိုက်တာ ...
နာတာ ကျင်တာဟာ ခွဲအပြီး ကြောက်ရတဲ့နောက်ဆက်တွဲ တစ်ခုပါပဲ။ ဒါပေမဲ့ ဆရာဝန်ပေးတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်တာနဲ့ အနားယူ၊ ဖြည်းဖြည်းချင်း လှုပ်လှုပ်ရှားရှား လုပ်စသဖြင့် နည်းလမ်းတွေက နာတာ ကျင်တာကို သက်သာစေပြီး ဒီခက်ခဲတဲ့အချိန်လေးကို ကောင်းကောင်း ကျော်လွှားနိုင်ပါလိမ့်မယ်။ အကောင်းဆုံးက နာတာက ကိုယ့်ကို အနိုင်မယူခင် ကိုယ်က အနာကို အရင်အနိုင်ယူဖို့ပါ။
အနာကို ကောင်းကောင်း ထိန်းချုပ်နိုင်ရင်လည်း အနာကျက်တာ ပိုမြန်ပြီးတော့ ပုံမှန်အတိုင်း ပြန်လှုပ်ရှားနိုင်လာလိမ့်မယ်။
>> ခွဲစိတ်အပြီး စိတ်ဓာတ်ကျခြင်း
ခွဲစိတ်တဲ့လူနာတွေကြာမှာ စိတ်ဓာတ်ကျတာကလည်း မနည်းဘူးနော်။ မခွဲခင်ကတည်းက စိတ်ဓာတ်ကျနေတာသော်လည်းကောင်း၊ ခွဲအပြီး နာတာကျင်တာ၊ မလှုပ်ရှားနိုင်တာတွေကြောင့်သော်လည်းကောင်း တွေ့ရတတ်တယ်။
ကောင်းကောင်း ကုသနိုင်ဖို့အတွက် စိတ်ဓာတ်ကျနေကြောင်း အရင်သိဖို့ို လိုတယ်။ ရောဂါလက္ခဏာတွေကတော့ နည်းနည်းစိတ်ဓာတ်ကျရုံလေးကနေ သတ်သေချင်စိတ် ပေါက်တဲ့အထိကို ဖြစ်နိုင်တယ်။ ဒါ့အပြင် စိတ်တိုစိတ်ဆတ်နေတာ၊ အအိပ်အနေ၊ အစားအသောက်ပုံစံ ပြောင်းလဲတာတွေပါ ဖြစ်နိုင်တယ်။ ဒီလက္ခဏာတွေကတော့ ဖြစ်လေ့ရှိတဲ့လက္ခဏာတွေနဲ့ ခွဲရခက်တတ်တယ်။ တကယ်လို့ ကိုယ်ကိုယ်တိုင်မှာဖြစ်ဖြစ်၊ ချစ်ရခင်ရသူတစ်ယောက်ယောက်မှာဖြစ်ဖြစ် ဒီလက္ခဏာတွေဖြစ်လာခဲ့ရင် သတိထားပေါ့။
>> ခွဲစိတ်အပြီး ဖျားနာခြင်း
ခွဲစိတ်အပြီး ဖျားတာနာတာဟာ ပုံမှန်ပဲလားလို့ တွေးထင်မိတတ်ကြလိမ့်မယ်။ ဖျားတိုင်း ပုံမှန်မဟုတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖျားနာတာက အရေးကြီးမကြီးကတော့ ဆရာဝန်ကသာ ဆုံးဖြတ်နိုင်လိမ့်မယ်။
ယေဘုယျ ပြောရမယ်ဆိုရင် အဖျား ၁၀၀° အောက်လောက် ငွေ့ငွေ့လေးပဲ ဖျားတာမျိုးဆိုရင် ibuprofen, acetaminophenစတဲ့ဆေးတွေ ပေးလိူ့ရတယ်။ ၁၀၀° ကျော်သွားပြီ ဆိုရင်တော့ ချက်ချင်း ဆရာဝန်နဲ့ ပြဖို့လိုတယ်။
>> ရေချိုးလို့ရလား? ရေကူးလို့ရလား?
ခွဲစိတ်အပြီးမှာ ရေချိုးချင်တာ၊ ရေကူးချင်တာ တစ်ပိုင်းသေနေမှာပေါ့။ ဒါပေမဲ့ ဘယ်အချိန်မှာ ရေစိုရမယ်၊ ဘယ်အချိန်အထိ စောင့်ဖို့ လိုတယ်ဆိုတာ သတ်မှတ်ထားတာရှိသလို ခွဲကြောင်း အခြေအနေကလည်း အဆုံးအဖြတ်ပေးတယ်။ ဒီအကြောင်းကို မခွဲခင်ကတည်းက ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုတယ်နော်။
ယေဘုယျပြောရမယ်ဆိုရင် ခွဲကြောင်း လုံးဝမစိသေးရင်၊ ခွဲကြောင်းချုပ်ရိုး မဖြေရသေးဘူးဆိုရင်၊ အလုပ် ပြန်မလုပ်ရသေးဘူးဆိုရင် ရေပန်းနဲ့ပဲ ချိုးပါဦး။
>> ခွဲကြောင်းကြီး ပွင့်နေတယ်!
ခွဲကြောင်းကြီး ပွင့်ထွက်နေတာကို မြင်ရတာထက် ကြောက်စရာကောင်းတာ မရှိတော့ဘူး။ နည်းနည်းလေး ဟရုံကနေ ချုပ်ရိုးအကြောင်းလိုက်ကြီး ပြုတ်ထွက်ပြီး အတွင်းကလီစာတွေ ထွက်နေတာအထိကို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုလိမ့်မယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























