ဆီးချိုရောဂါရှိရင် နာနတ်သီး စားလို့ရလား
တကယ်လို့ သင့်မှာ ဆီးချိုရောဂါရှိရင်တောင် လုံးဝစားလို့မရတဲ့အစာဆိုတာ မရှိပါဘူး။ နာနတ်သီးအပြင် တခြားအသီးတွေကိုလည်း စားလို့ရပါတယ်။ ဒါပေမဲ့ ဘယ်လိုစားမလဲ ဆိုတာက အရေးကြီးပါတယ်။
>> ဆီးချိုရောဂါ ရှိတဲ့လူတွေကို ဆရာဝန်တွေက ဒီလိုစားဖို့ အကြံပေးတတ်ပါတယ်။
● ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ညီညီမျှမျှ စားဖို့
● ကိုယ်စားတာကို ကာဗိုဟိုက်ဒရိတ် တွက်စားဖို့
● ကိုယ်စားတဲ့၊ ကိုယ်သောက်တဲ့ဆေးတွေနဲ့ ကိုက်ညီတဲ့ လေ့ကျင့်ခန်းလုပ်ဖို့
အသီးအနှံတွေမှာ ကာဗိုဟိုက်ဒရိတ် အထူးသဖြင့် သကြားဓာတ်ပါတဲ့အတွက် သတိထား စားသုံးရပါမယ်။
>> ဆီးချိုရှိတဲ့လူတွေဟာ အစားအသောက်ကို ဒီလိုနည်းလမ်းနဲ့ စားသုံးရပါမယ်။
● ကာဗိုဟိုက်ဒရိတ်ကို တွက်စားတဲ့နည်း
● ပန်းကန်ပြားနည်း
● သကြားဓာတ်နဲ့ ချိန်ပြီးစားတဲ့ နည်း
>> ကာဗိုဟိုက်ဒရိတ်ကို တွက်စားတဲ့နည်း
နေ့တိုင်း ကိုယ်စားနေတာတွေက ကာဗိုဟိုက်ဒရိတ် ဘယ်လောက်ရှိလဲဆိုတာကို မှတ်ပြီး စားပါ။ ကာဗိုဟိုက်ဒရိတ်တွေက သွေးထဲက သကြားဓာတ်ကို တက်စေပါတယ်။
တော်တော်များများက ထမင်းတစ်ခါစားရင် ကာဗိုဟိုက်ဒရိတ်ကို ၄၅-၆၀ grams ၊ မုန့်တစ်ခါစား ၁၅-၂၀ grams လောက် စားကြပါတယ်။
ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သောက်နေတဲ့ဆေးတွေ၊ လေ့ကျင့်ခန်းတွေ မတူညီတာကြောင့် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးစားတာတော့ အကောင်းဆုံးပါပဲ။
ဒီလိုတွက်စားတာက ဘာကောင်းလဲဆိုရင် ကြိုက်တာကို စားလို့ရတယ်၊ ကာဗိုဟိုက်ဒရိတ် များတာကို စားမိရင် နောက်တစ်မျိုးကို လျှော့စားပြီး တစ်နေ့တာစားရတဲ့ ပမာဏမှန်ရင် ရပြီပေါ့။
နာနတ်သီးဆိုရင် ၂ အောင်စဆို ၇.၄ g၊ ၃ အောင်စဆို ၁၁ g၊ ၄ အောင်စဆို ၁၅ g လောက်ရှိတာမို့ ချိန်ပြီးစားလို့ ရပါတယ်။
>> ပန်းကန်ပြားနည်း
ဒါကတော့ ၉ လက်မ ပန်းကန်ပြားတစ်ချက်ယူပြီး တစ်ဝက်ကို ကစီဓာတ်မပါတဲ့ အစိမ်းရောင်အသီးအရွက်တွေ ဥပမာ - ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥ ထည့်ပါ။ ၄ ပုံ ၁ ပုံကို အသားဓာတ်ပါအောင် ဥပမာ - ကြက်သား၊ တို့ဖူး၊ ဥတွေ ထည့်ပါ၊ ကျန်တဲ့အပိုင်းမှာ ကစီဓာတ်ဖြစ်တဲ့ ထမင်းတွေ၊ ပါစတာနဲ့ အာလူးတွေ ထည့်လို့ရပါတယ်။
>> သကြားဓာတ်နဲ့ ချိန်ပြီးစားနည်း
ဒါကတော့ အစားအသောက်တွေမှာ သကြားဓာတ် ဘယ်လောက်ပါလဲဆိုတာ သတ်မှတ်ပြီးသား ရှိပါတယ်။ Glucose က သကြားဓာတ်က ၁၀၀ ဖြစ်ပြီး ရေကတော့ ၀ ပါ။
ဆိုတော့ သကြားဓာတ်များတာ စားပြီးရင် နည်းတာလေးနဲ့ ပြန်ချိန်ပါ။ အသီးတွေက သကြားဓာတ်ပါတယ်ဆိုပေမယ့် အမျှင်ဓာတ်တွေလည်းပါလို့ ဆီးချိုတွေ အရမ်းတက်သွားတာမျိုးလည်း မဖြစ်စေပါဘူး။
နာနတ်သီးဆို ၅၁ နဲ့ ၇၃ ကြား၊ သဘော်သီးဆို ၅၆ နဲ့ ၆၀ ကြား၊ ဖရဲသီးဆို ၇၂ လောက်ပါ။
>> နာနတ်သီးရဲ့ ကောင်းကျိုးတွေ
● အချိုလေးစားချင်နေရင် အာသာပြေပါတယ်။
● ဗီတာမင်စီတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
>> ဆိုးကျိုးတွေ
● သကြားဓာတ်တွေ များများပါဝင်ပါတယ်။
နာနတ်သီးတစ်စိတ်မှာ ဗီတာမင်စီ ၂၆.၈mg ပါဝင်ပါတယ်။ တစ်နေ့ကို ဗီတာမင်စီဟာ မိန်းမတစ်ယောက်အဖို့ ၇၅ mg နဲ့ ယောကျ်ားတစ်ယောက်ဖို့ ၉၀ mg လိုအပ်ပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံအားကို ကောင်းစေပါတယ်။ ဒါအပြင် နာနတ်သီးမှာ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် ၊ ဖောလိပ် နဲ့ ဗီတာမင်အေ တွေ ပါဝင်ပါတယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင် နာနတ်သီးကို စားမယ်ဆိုရင် သင့်တင်မျှတအောင် စားပါ။ လတ်ဆတ်တဲ့ အသီး၊ ဒါမှမဟုတ် သကြားမပါတဲ့ ရည်သောက်လို့ ရပါတယ်။
ဒါပေမဲ့ သွေးတွင်းသကြားဓာတ်ကိုတော့ အမြဲစစ်ဆေးနေရပါမယ်။
တကယ်လို့ နာနတ်သီးစားပြီးနောက်မှ သွေးတွင်းသကြားဓာတ်တွေ တက်လာပြီဆိုရင် သတိထားပြီး စားသင့်ပါတယ်။ နည်းနည်းပဲ စားတာမျိုး တခြားအစားအစာတွေနဲ့ ထိန်းပြီးစားတာမျိုး လုပ်သင့်ပါတယ်။
Dr. Htar (www.drmyanmar.com)






























