တဆင့်ခံဆေးလိပ်ငွေ့ရှူခြင်းရဲ့အန္တရာယ်
ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူတိုင်းသိပေ မယ့် ရှောင်ကြဉ်ဖို့အတွက် ခက်ခဲပါတယ်။ ကိုယ်ကိုယ်တိုင် ဆေးလိပ်မသောက်ဘူးဆိုရင်တောင်မှ ပတ်၀န်းကျင်က ပျံ့ လွင့်လာတဲ့ လေထုထဲမှ ဆေးလိပ်ငွေ့ရှိနေပါက ဆေးလိပ်ငွေ့မှာပါတဲ့ အဆိပ်အတောက်တွေက အသက်ရှူလမ်း ကြောင်းမှတဆင့် အဆုတ်ထဲကို ရောက်ရှိလာမှာ အသေအချာပါပဲ။ မလွဲသာ မရှောင်သာ ရှူ ရှိုက်ရတဲ့ ဆေးလိပ်ငွေ့တွေကြောင့် ဆေးလိပ်သောက်သူတွေနည်းတူ တဆင့်ခံဆေးလိပ်ငွေ့ ရှိုက်ရသူတွေရဲ့ အဆုတ်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။ နောက်ဆုံး အဆုတ်ကင်ဆာဖြစ်သည်အထိ အန္တရာယ်ကြီးမားပါတယ်။ သွေးများပျစ်ခဲလာခြင်း၊ မကောင်းတဲ့ကိုလက်စထရော ပမာဏမြင့်တက်လာခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောများ မာဆတ်လာခြင်း၊ ခြေ ထောက်ဆီသို့ သွေး မရောက်သောရောဂါ Buerger's Disease စတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ အဓိကတရားခံကလည်း ဆေးလိပ်ငွေ့ပါဘဲ။
ကိုယ်၀န်ဆောင်မိခင်များ အနေဖြင့်လည်း ကိုယ်တိုင်ပဲသောက်သောက်၊ သူများသောက်လိုက်တဲ့ ဆေးလိပ်ငွေ့ကိုပဲရှူ ရှူဆေးလိပ်ငွေ့တွေဟာ ရင်သွေးငယ်ဆီသို့ ရောက်ရှိတာကြောင့် လမစေ့၊ ပေါင်မပြည့်ပဲ ကလေးမွေးဖွားခြင်း၊ ကိုယ်၀န်ပျက်ကျခြင်း၊ မွေးဖွားလာသော ကလေးငယ်ဟာ အသက်ရှူရခက်ခဲတဲ့ရောဂါ ခံစား ရခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ရုတ်တရက် သေဆုံးခြင်းစတဲ့ အန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဆေးလိပ်သောက်သူတွေနဲ့ တအိမ်တည်းနေတဲ့ ကလေးငယ်တွေဟာ အခြားသော ကလေးငယ်တွေထက် အဆုတ်ပျက်စီးမှုပိုများပါတယ်။ ကြီးထွားဖွ့ံဖြိုးမှုဆိုင်ရာ နှောင့်နှေးမှုတွေ ရှိတာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် အဆိပ်အတောက်ကြီးလွန်းလှတဲ့ ဆေးလိပ်အန္တရာယ်မှ ရှောင်ရှားနိုင်အောင် ကိုယ်တိုင်လည်း ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့တွေနဲ့လည်း ေ၀းေ၀းနေပါ။ ဆေးလိပ်သောက်တတ်ပါ က ဖြတ်နိုင်အောင် ကြိုးစားပါ။
Dr. Htet Htet Aung
















