/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နွေပူပူမှာ-အပူလွန်ကဲရောဂါကြောင့်-အသက်မဆုံးစေဖို့

နွေပူပူမှာ အပူလွန်ကဲရောဂါကြောင့် အသက်မဆုံးစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင်္ကြန်လည်း လွန်ခဲ့ပြီ၊ အပူလည်း ဖြည်းဖြည်းချင်း တက်လာပါပေါ့။ နွေပီပီ နွေဇာတိ နွေအလှကိုပြနေတဲ့ အချိန်မှာ နွေအပူကြောင့် အပူလွန်ရောဂါတွေမရစေဖို့ ဒါလေးတွေ သတိထားကြရအောင်လား။

          ပထမဆုံးအနေနဲ့ အပူလွန်ကဲရောဂါက အခန့်မသင့်ရင် သေဆုံးသည်ထိ ဖြစ်နိုင်တယ်ဆိုတာလေး သတိချပ်ကြရအောင်။

          အိမ်ထဲမှာ နေတာတောင် တရှိန်ရှိန် တက်နေရင် မြန်မာပြည်က သာမန်လူတန်းစား အဲယားကွန်း မသုံးနိုင်သူတွေအတွက်ကတော့ အတော်ခံရခက်တဲ့ အခြေအနေပါပဲ။ သစ်ရွက်စိပ်စိပ်လေးတွေနဲ့ နေပြောက်မထိုးတဲ့ မန်ကျည်းရိပ်သစ်ရိပ်တွေကလည်း ကောင်းပါတယ်။ အရပ်ထဲက တရားပွဲလုပ်တဲ့ ဓမ္မာရုံတွေမှာလည်း လေဝင်လေထွက်ကောင်းပြီး ကျယ်ဝန်းသန့်ရှင်းရင် သင်ဖျာလေးတွေခင်းပြီး သွားနားလို့ရပါတယ်။ အခြေခံလူတန်းစားတွေမှာ  သွပ်မိုးအိမ်တွေက ပိုပူတာကြောင့် အိမ်ထဲမှာနေမယ့်အစား အပူလာရှောင်ဖို့ ရပ်ကွက်ဓမ္မာရုံတွေကို ဖွင့်လှစ်ထားသင့်ပါတယ်။

          အဘိုးအဘွားတွေကို မျက်စိရှေ့မှာထားပါ။ ငှက်ပျောရွက်လေးတွေ ခင်းသိပ်လို့ရတယ်နော်။ ပိုက်ဖျာထက် သင်ဖြူးဖျာလေးတွေ သုံးပါ။ လိုအပ်ရင် ရေပတ်တိုက်ပေးပါ။ ပြဒါးတိုင်နဲ့ အပူချိန်တိုင်းပါ။ ကိုယ်ပူ ၁၀၀ ကျော်တာနဲ့ ချက်ချင်း ရေပတ်တိုက်၊ ဓာတ်ဆားတိုက်ပြီး စောင့်ကြည့်အနားယူပါစေ။

          ကလေးငယ်တွေကို နေပူထဲ ပြေးလွှားမဆော့ပါစေနဲ့။ အရိပ်ရအေးမြတဲ့နေရာမှာ နေပါစေ။

          မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က အမြင့်ဆုံးထိ တက်နေတဲ့အချိန် ဖြစ်တဲ့အပြင် အပူလွန်ရောဂါတွေရဖို့ အခြေအနေ အလွန်များပါတယ်နော်။

          ကားမောင်းတဲ့ တက်စီဆရာတွေအဖို့ကတော့ ဓာတ်ဆားရည် ဆောင်ထားပါ၊ အဲယားကွန်းမရှိရင် ကားတံခါးတွေ အရင်ဖွင့်လှစ်ထားပြီးမှ တက်မောင်းပါ။ ကားကို နေပူထဲမှာ ရပ်ထားရင် ချက်ချင်းဖွင့်ဝင်ပြီး မမောင်းပါနဲ့။ အပူ ဆောင့်တက်တတ်ပါတယ်။ ရင်သွေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေကို ကားထဲမှာ ပိတ်မထားခဲ့ပါနဲ့။

          ပြင်ပအပူချိန် ၃၂ ဒီဂရီဆဲဆီးယပ်  ထက်များရင် တစ်နာရီခြားတစ်ခါ ရေနှစ်ဖန်ခွက် သောက်ပါ။ ချွေးများများထွက်တာက သဘာဝအတိုင်း အေးမြစေတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။

          ပြင်ပအပူချိန် ၃၆ ဒီဂရီဆဲဆီးယပ်ထက် များနေပြီဆိုရင် လုံးဝအပြင်မှာ လေ့ကျင့်ခန်း မပြုလုပ်ပါနဲ့တော့။ အားကစားသမားတွေ သတိထားကြဖို့ပါ။

 

>>    အပူလွန်ကဲရောဂါဖြစ်ပြီဆိုရင် -

●        ချွေးထွက် ရပ်သွားမယ်။

●        ကိုယ်ပူ ဆက်တိုက်တက်လာမယ်။

●        အရေပြားတွေ ပူခြစ်နေမယ်။

●        ခေါင်းတဆစ်ဆစ် ကိုက်မယ်။

●        တရိပ်ရိပ် မူးဝေမယ်။

●        မျက်လုံးတွေ ဝါးမယ်။

●        ဆီးသွားနည်းလာမယ်၊ ဆီးဝါမယ်။

 

>>    အပူလွန်ကဲလက္ခဏာတွေ ပြတဲ့အခါ ...

●        အရိပ်ရ အေးမြတဲ့နေရာကို သွားပါ။

●        ပန်ကာဖွင့်ပါ၊ အဲယားကွန်းရှိရင် ပိုကောင်းပါတယ်။

●        ရေပတ် နိုင်နိုင်တိုက်ပါ။

●        ဓာတ်ဆားရည ်ဖျော်စပ်တိုက်ပါ။

●        စောင် လုံးဝမခြုံပါနဲ့။

●        အဝတ်အစားအထူတွေ အကုန်ဖယ်ရှားပစ်ပါ။

●        ဆေးရုံ၊ ဆေးခန်း အမြန်ပြသပါ။

          ကိုယ်ပူချိန်ကျမှ အသက်အန္တရာယ် မစိုးရိမ်ရမှာမို့ အမြန် ဆေးရုံ၊ ဆေးခန်း ပြသကြပါနော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)