နှလုံးခုန် မမှန်ခြင်းအကြောင်း သိကောင်းစရာ အထွေထွေ
မောင်ကျော်ဇောသည် ယခုတလော မကြာခဏဆိုသလို ရင်တလှပ်လှပ် တုန်ခြင်းနှင့်အတူ မောပန်းနုံးချိခြင်းကိုပါ ခံစားနေရသည်။ အလုပ်ကအပြန် ဘတ်စ်ကားပေါ်သို့ ပြေးအတက်တွင် သော်လည်းကောင်း၊ GYM ရှိပြေးစက်ပေါ်တွင် ပြေးနေစဉ် သော်လည်းကောင်း၊ အချိန်မှီ အပြီးပေးရမယ့် အလုပ်များကို စဉ်းစားမိသည့်အခါတွင် လည်းကောင်း ရင်တုန်ခြင်း မောပန်းခြင်းများကို ယခင်ကထက် သိသိသာသာ ခံစားလာရသည်ကို ကိုယ်တိုင် သတိထားမိလာသည်။ သူသည် အသက် ၃၀ ပင် မပြည့်သေးသော လူငယ်တစ်ဦးဖြစ်ပြီး ဘာလို့ ထိုေ၀ဒနာများကို ခံစားနေရပါလိမ့်။
မောင်ကျော်ဇော်နည်းတူ နှလုံးခုန်မမှန်သောပြဿနာများကို ယနေ့ခေတ် လူငယ်လူကြီး အများစုတွင် ဖြစ်ပေါ်နေကြတာ တွေ့မြင်ရပါတယ်။ ယခုဆောင်းပါးမှာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်းကို ဖြစ်စေသော ရောဂါများအကြောင်းကို ဖော်ပြပေးမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးကြပါဦးနော်။
● နှလုံးခုန်နှုန်း ပုံမှန်မဟုတ်သော ေ၀ဒနာ ဆိုသည်မှာ ပုံမှန်ရှိသင့်သော နှလုံးခုန်နှုန်းထက် မြန်နေခြင်း သို့မဟုတ် နှေးနေခြင်းကြောင့် ဖြစ်ပေါ်စေသော နှလုံးရောဂါတစ်မျိုး ဖြစ်ပါတယ်။
● နှလုံးခုန်နှုန်းမြန်နေခြင်းကို ဆေးပညာအရ arrthymia လို့ခေါ်တွင်ပြီး တစ်ခါတစ်ရံတွင် မူလနှလုံးရောဂါ မရှိပေမယ့်လည်း နှလုံးခုန်မြန်ခြင်း (arrthymia) ကို ခံစားရတတ်ပါတယ်။
● နှလုံးခုန်မြန်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ အချို့သောလူများတွင် ယာယီသာ ဖြစ်ပေါ်ပြီး အန္တရာယ် မရှိနိုင်သော်လည်း အချို့အတွက်မူ မကုသပဲထားပါက ရေရှည်တွင် အသက်အန္တရာယ်ပေးနိုင်သည်အထိ ဆိုးကျိုးများစေပါတယ်။
>> သင့်တွင် အောက်ပါလက္ခဏာများ ရှိပါသလား?
● နှလုံးခုန်သံ ပျောက်ပျောက်သွားခြင်း
● ရင်တုန်ခြင်း
● ရင်တလှပ်လှပ်ဖြစ်ခြင်း
● နှလုံးခုန်နှေးခြင်း
● နှလုံးခုန်မြန်ခြင်း
● မျက်စိဖြင့်ပင် တွေ့နိုင်လောက်အောင် နှလုံးခုန်မြန်ခြင်း
● မူးေ၀ခြင်း
● ခေါင်းထဲတွင် ဟာနေခြင်း
● သတိလစ်သလိုဖြစ်ခြင်း၊ သတိလစ်ခြင်း
● မောပန်းနုံးချိခြင်း
● အသက်ရှူမ၀ခြင်း
● ရင်ဘတ်အောင့်ခြင်း
အဆိုပါလက္ခဏာများ ဖြစ်ပေါ်ပါက သင့်တွင် နှလုံးခုန် မူမမှန်သောေ၀ဒနာ ခံစားနေရပြီဖြစ်လို့ မပေ့ါဆသင့်ကြောင်း သတိချပ်သင့်ပါတယ်။
>> ဖြစ်ပေါ်စေသောအကြောင်းရင်းများ
(၁) နှလုံးတွင်း သွေးလှည့်ပတ်စီးဆင်းမှု ပုံမမှန်ဖြစ်စေသောရောဂါများ
(သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါများ)
(၂) နှလုံးတွင်း လျှပ်စစ်စီးမှု ပုံမမှန်ခြင်း
(နှလုံးခုန်နှုန်းပုံမှန်ဖြစ်အောင် ထိန်းညှိပေးသော လျှပ်စစ်စီးဆင်းမှုစနစ်ကို နှောင့်ယှက်သောရောဂါများ)
(၃) နှလုံးကြွက်သား တည်ဆောက်ပုံကို ပျက်ပျားစေသောရောဂါများ
(နှလုံးကြွက်သားနှင့် ဆိုင်သည့်ရောဂါများ၊ မွေးရာပါနှလုံးရောဂါများ)
>> ကုသနည်းများ
နှလုံးခုန်နှုန်း ပုံမမှန်သောရောဂါကို -
(၁) နှလုံးတွင်း လျှပ်စစ်စီးဆင်းခြင်း
(၂) ခွဲစိတ်ကုသခြင်း
(၃) ဆေးဝါးများ သောက်သုံးခြင်း စသည့်နည်းလမ်းသုံးသွယ်ဖြင့် ကုသနိုင်ပါတယ်။
>> လူနေမှုပုံစံကို ပြောင်းလဲခြင်း
● အဆီအဆိမ့်များကို လျှော့စားခြင်း၊
● အထိုင်များနေသူများ အနေဖြင့် တစ်နာရီ တစ်ခါလောက် လမ်းထလျှောက်ခြင်း။
● တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ ၃၀ မိနစ်အထိ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊
● ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ပုံကို ပြောင်းလဲခြင်း
● ဆေးလိပ်ဖြတ်ခြင်း
● အရက်နှင့်ဘီယာ လျှော့သောက်ခြင်း
● အ၀လွန်နေပါက ၀ိတ်ချခြင်း
● စိတ်ဖိစီးမှုများကို လျှော့ချခြင်း
● တရားထိုင်ခြင်း စသည်ဖြင့် လူနေမှုပုံစံကို ပြောင်းလဲပေးဖို့ကလည်း အရေးကြီးသော ကဏ္႑အဖြစ် ပါ၀င်နေပါတယ်။
နှလုံးအထူးကုသမားတော်နှင့် တိုင်ပင်ပြီးသည့်နောက်မှာတော့ မောင်ကျော်ဇောဟာ ယနေ့ကစပြီး ဆေးလိပ်နှင့် အဆီအဆိမ့်များ လွန်ကဲစွာ စားသုံးနေသော မိမိအဖြစ်ကို ဆင်ခြင်မိခဲ့ပါတယ်။ ရုံးမှာ အထိုင်များခြင်းကိုလည်း ပြုပြင်ပြီး လိုအပ်သည့်ဆေးဝါးများကို ပုံမှန်မှီ၀ဲဖို့လည်း ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။
နှလုံးရောဂါဟာ အသက်ကြီးမှသာဖြစ်သော ရောဂါမဟုတ်ဘဲ လူငယ်ပိုင်းတွင်ပါ ဖြစ်ပေါ်တတ်ကြောင်း သတိချပ်သင့်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတဲ့အတွက် စားသောက်နေထိုင်မှုပုံစံ မှားယွင်းနေပါက ချက်ချင်းပြုပြင်ဖို့ ကြိုးစားရင်း အသက်ရှည်ကျန်းမာသော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
လေပြေနုသွေး (ဆေး - ၂) (www.drmyanmar.com)















