ပူပြင်းလှတဲ့နွေရာသီကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်စေဖို့
သင်္ကြန်ကျော်ပြီးတဲ့နောက်မှာ အပူဒဏ်က ပိုပိုပြင်းလာပါပြီ။ အပူဒဏ်ကြောင့် သေဆုံးမှုတွေတောင် ရှိနေကြောင်းကြားသိနေရပါတယ်။ ဒါကြောင့် ပေါ့ပေါ့လျော့လျော့မနေဘဲ အပူဒဏ်ကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြသနာတွေကို ကာကွယ်ဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သိပြီးသားအချက်တွေပေမယ့် သတိပိုထားပြီး မိမိကိုယ်တိုင်နဲ့ မိမိချစ်ရသောသူများကို ကာကွယ်ပါ။
1. ရေဓာတ် ပြည့်ဝအောင်နေပါ။
ရေဓာတ် ပြည့်ဝတာရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ တစ်နေ့ကို ရေ ၈-၁၀ ခွက်လောက် သောက်ပေးတာက နေမကောင်းမဖြစ်အောင် ကာကွယ်နိုင်သလို အရိုးတွေ၊ ကြွက်သားတွေကို ကျန်းမာစေတယ်၊ ကိုယ်အလေးချိန် ထိ်န်းရာမှာလည်း အထောက်အကူဖြစ်ပြီးတော့ ဦးနှောက် လုပ်ဆောင်မှုတွေကို အားကောင်းစေကာ တစ်နေ့တာလုံးလုပ်ဆောင်ချက်တွေအတွက် လောင်စာလည်း ဖြစ်ပါတယ်။ ဒီတော့ နွေရာသီမှာ ရေသောက်တာကို မလုပ်မဖြစ် အရေးကြီးတဲ့အချက်အနေနဲ့ မှတ်ထားပြီးတော့ အိမ်က ထွက်တိုင်းမှာရေသောက်ဖို့၊ ရေဘူးထည့်သွားဖို့ မမေ့ပါနဲ့။
2. လတ်ဆတ်တဲ့ အစားအစာတွေကို စားပါ။
လတ်ဆတ်ပြီးတော့ အရောင်စုံတဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ များများစားပေးပါ။
3. ပုံမှန်လုပ်နေကျအလုပ်တွေမှာ လေ့ကျင့်ခန်းဖြစ်အောင်လုပ်ပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက နှလုံး ကျန်းမာစေတယ်။ နာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေပြီးတော့ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ကိုယ်နေ့စဉ်လုပ်နေကျအလုပ်တွေမှာ လမ်းလျှောက်သွားတာ၊ လှေကားကနေ အတက်အဆင်းလုပ်တာ စသည်ဖြင့်လုပ်ပေးပြီးတော့ လမ်းလျှောက်သွားနေတုန်းမှာပဲ အကြောလျှော့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသွားပါ။ ဒါပေမဲ့ နေပြင်းတဲ့အချိန်မှာတော့ မလုပ်နဲ့နော်။
4. နာကျင်ကိုက်ခဲမှုတွေရှိရင် ဆရာဝန်သွားပြဖို့ မနှောင့်နှေးပါနဲ့။
5. အရိပ်ထဲမှာနေပါ။
ခရမ်းလွန်ရောင်ခြည်ဒဏ် အမြင့်ဆုံးဖြစ်တဲ့ မနက် ၁၀ နာရီနဲ့ညနေ ၄ နာရီကြားမှာ နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် တတ်နိုင်သမျှ ရှောင်ပါ။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် အပြင်မထွက်မီ မိနစ် ၃၀ အလိုမှာ နေကာခရင်မ် လိမ်းသွားပါ။ ဘေးအကာ ကြီးကြီးပါတဲ့ဦးထုပ်နဲ့ နေကာမျက်မှန်တပ်ပါ။
6. ခရီးထွက် အနားယူဖို့ စီစဉ်ပါ။
ပူပြင်းတဲ့နွေရာသီမှာ အလုပ်တွေကနေ ခဏနားပြီးတော့ အနားယူအပန်းဖြေကာ အားပြန်မွေးဖို့ လိုကိုလိုပါတယ်။ ကမ်းခြေမှာ အပန်းဖြေတာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ကော်ဖီလေးသောက်၊ စာအုပ်လေး ဖတ်ပြီးတော့ အနားယူတာပဲဖြစ်ဖြစ် လုပ်ပါ။
7. Social Media တွေနဲ့ ခဏအဆက်အသွယ်ဖြတ်ပါ။
အင်တာနက် အဆက်အသွယ်ဖြတ်ပါ။ ဖုန်းကိုချပြီးတော့ ကမ်ဘာကြီးကို သဘာဝအတိုင်း ခံစားပါ။ နည်းပညာတွေ မရှိတဲ့ဘဝမှာ အပြင်မှာပဲစကားပြော၊ လှုပ်ၤရှားမှုတွေလုပ်ပါ။
8. အိပ်ရေးဝဝအိပ်ပါ။
စိတ်ရောကိုယ်ရော ကျန်းမာစေဖို့ အိပ်စက်ခြင်းက အရေးပါ,ပါတယ်။ မှန်ကန်တဲ့အချိန်မှာ ပြည့်ပြည့်ဝဝ အိပ်စက်ခြင်းက စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ကျန်းမာစေရုံသာမကဘဲ ဘဝအရည်အသွေးကိုလည်း တက်စေပါတယ်။
9. အပူတွေကြားမှာ အေးအောင် ရှာကြံပြီးနေပါ။
ပူလာတဲ့အခါမှာ အေးဖို့အတွက် ရှာဖွေကြံဆပါ။ နွေရာသီမှာ oven ကို တတ်နိုင်သမျှ မသုံးဘဲနေပါ။ ရေကူးပါ။ အရိပ်ရတဲ့နေရာတွေမှာ နားနားနေနေ နေပါ။ အေးတဲ့နေရာတွေကိုသွားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























