ပူပြင်းလှတဲ့ နွေရာသီမှာ ရေဓာတ်ပြည့်ဝအောင် နေကြမယ်
ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ ပူပြင်းမှုဒဏ်တွေကို အလူးအလဲ ခံစားနေကြရပါတယ်။ ဒီလိုပူပြင်းလှတဲ့ရာသီမှာ ရေဓာတ်ခမ်းခြောက်မသွားဖို့ အရေးကြီးတဲ့အတွက် ဒီအချက်လေးတွေကို လိုက်နာကြဖို့ လိုပါတယ်။
● နေ့သစ်ကို ရေတစ်ခွက်နဲ့ စတင်လိုက်ပါ။ အိပ်ရာဘေးမှာ ရေတစ်ဖန်ခွက်အပြည့် ထားအိပ်ပြီးတော့ မနက်နိုးလာနဲ့ ရေတစ်ခွက် မော့သောက်လိုက်ပါ။
● ရေဘူး အသစ်လဲပါ။ ကိုယ့်ရဲ့သောက်နေကျ ရေဘူးအဟောင်းကြီးက ဆေးရတာခက်၊ ရုပ်ကလည်း ဆိုးလာပြီး အနံ့မကောင်းတော့ဘူးဆိုရင် နှောင့်နှေးမနေပါနဲ့။ ရေဘူး အသစ်လဲသောက်ပါ။
● ကိုယ်က ရေထည့်ရလွယ်တဲ့ အဝကျယ်ကျယ်ရေဘူးတွေကို ကြိုက်တယ်ဆိုရင် လှုပ်ရှားနေတုန်းမှာလည်း သောက်ဖို့လွယ်အောင် ပါးစပ်နဲ့ အနေတော်ဖြစ်မယ့် စုပ်သောက်လို့ရမယ့် အဖုံးတစ်ခု ထည့်ထားပါ။
● ကိုယ် ရေ ဘယ်လောက်သောက်ထားလဲဆိုတာကို သိဖို့နဲ့ ရေထပ်ဖြည့်ပြီး သောက်ချင်စိတ် ပေါ်လာအောင် ပုလင်းအကြည်ကို ဝယ်သုံးပါ။
● ကိုယ့်ရဲ့ရေဘူးက လီတာဝက်ဆံ့တယ်ဆိုရင် တစ်နေ့ကို ရေဘူးအပြည့် ၃ ဘူးသောက်ပါ။
● ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ ဖရဲသီး၊ သံပုရာသီး၊ စတော်ဘယ်ရီ စတဲ့ ရေဓာတ်ပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ စားပေးပါ။
● ကိုယ် တစ်နေ့ ရေ ဘယ်လောက်သောက်ဖြစ်လဲဆိုတာကို မှတ်ထားပြီးတော့ သောက်သင့်တဲ့ ပမာဏရောက်အောင် ဂရုစိုက် သောက်ပါ။
● လေ့ကျင့်ခန်းလုပ်နေတုန်း အထူးသဖြင့် အိမ်အပြင် (သို့) ပူတဲ့ရာသီဥတုမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ရေသောက်ပေးပါ။ ရေဓာတ် အလွန်အကျွံ ဖြစ်မနေဖို့လည်း လိုပါတယ်။ ဆီးရောင်က အဝါရောင်ဖျော့ဖျော့လေး ဖြစ်နေရင်ရပါပြီ။
● ခရီးသွားတိုင်း ရေဘူးဆောင်သွားပါ။ လေယာဉ်နဲ့သွားရင်လည်း ရေဘူးအလွတ်လေး ဆောင်သွားပြီး ထည့်လို့ရတဲ့နေရာမှာ ထည့်သောက်တာက အချိန်ရော ေေွရောပါ ချွေတာရာ ရောက်ပါတယ်။
● ရေသောက်ရမယ်ဆိုပြီး ရေပဲသောက်နေရတာ ငြီးငွေ့လာပြီဆိုရင်တော့ အရသာရှိအောင်လို့ ရေထဲကို စတော်ဘယ်ရီ၊ သခွားသီး၊ သံပုရာသီး၊ ပူရှိန်းတွေ ထည့်သောက်လို့ရပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























