/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိုးတွင်းမှာ-အဖြစ်များတဲ့ရောဂါများနှင့်အန္တရာယ်များ

မိုးတွင်းမှာ အဖြစ်များတဲ့ရောဂါများနှင့်အန္တရာယ်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         မိုးကြောင့် ဆန်ရေစပါးသီးနှံ ဖြစ်ထွန်းခြင်း၊ ခြောက်သွေ့နေတဲ့ ပတ်၀န်းကျင်စိမ်းလန်းစိုပြေလာခြင်းစတဲ့ အကျိုးကျေးဇူးတွေ ခံစားရသလို ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ မိုးရာသီဟာ ရောဂါပိုးမွှား၊ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက် အကောင်းဆုံးရာသီဖြစ်နေပြန်ပါတယ်။ ဒါ့ကြောင့် မိုးရာသီမှာဖြစ်တတ်တဲ့ ရောဂါတွေနဲ့ အန္တရာယ်တွေကို သတိထားနိုင်ရန် အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

1. ရေမှတဆင့်ကူးစက်တဲ့ရောဂါ - ၀မ်းပျက်၀မ်းလျောရောဂါ၊ ၀မ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျား၊ အသဲရောင်အသားဝါ A

2. ပိုးမွှား၊ တိရစၧာန်မှတဆင့် ကူးစက်သောရောဂါ - ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး

3. မသန့်ရှင်းသောရေနှင့် ထိတွေ့မိခြင်းကြောင့်ရသောရောဂါ - ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုး၀င်ခြင်း၊ Leptospirosis (ကြွက်များ၊ ခွေးများနှင့် နို့တိုက်သတ္တဝါများမှတဆင့် ကူးစက်သောရောဂါ)

4. ရာသီဥတုအေးခြင်းကြောင့်ပန်းနာရင်ကြပ်ရောဂါထခြင်း

5. ရေနစ်နိုင်ခြင်း

6. ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပေါ်နိုင်ခြင်း

 

၀မ်းပျက်၀မ်းလျောရောဂါ

    ဗိုင်းရပ်ပိုး (သို့) ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်စေ၊ ရောဂါဖြစ်စေသော ကပ်ပါးကောင်မှတဆင့် ကူးစက်ခံရခြင်းကြောင့်ဖြစ်စေ ၀မ်းပျက်၀မ်းလျောရောဂါဖြစ်နိုင်ပါတယ်။ ၀မ်းပျက်ရောဂါဖြစ်စေတဲ့ ရောဂါပိုးမွှားတွေဟာ အစားအစာ မသန့်ရှင်းတဲ့၊ လက်တွေမှတဆင့် အူလမ်းကြောင်းဆီသို့ရောက်ရှိသွားပြီး ၀မ်းလျောစေတာဖြစ်ပါတယ်။ ၀မ်းပျက်၀မ်းလျောဖြစ်တာ ပြင်းထန်ပါက ရှော့ခ်ရခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ၀မ်းပျက် ၀မ်းလျော ဖြစ်နေချိန်မှာ အရည်ဓာတ်ကို အချိန်မီဖြည့်တင်းဖို့လိုအပ်ပါတယ်။

 

ငှက်ဖျားရောဂါ

    ငှက်ဖျားရောဂါဟာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ငှက်ဖျားရောဂါပိုးရှိတဲ့သူတွေမှာ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ တုပ်ကွေးမိသကဲ့သို့ ရောဂါလက္ခဏာများခံစားရခြင်းစတဲ့ လက္ခဏာတွေဖြစ်ပေါ်လေ့ရှိပြီး အချိန်မီကုသမှုမခံယူပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးတွေခံစားရပြီး အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။

 

သွေးလွန်တုပ်ကွေးရောဂါ

    သွေးလွန်တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး ကိုယ်ပူကြီးခြင်း၊ အရေပြားအနီစက်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း စတာတွေလို ရောဂါလက္ခဏာအနေနဲ့ တွေ့ရတတ်ပါတယ်။ ကြွက်သားနှင့် အရိုးအဆစ်များ အလွန်အမင်းနာကျင်ကိုက်ခဲခြင်းကို ဖြစ်စေနိုင်တာကြောင့် "breakbone" (သို့) "dandy fever" လို့လည်းခေါ်ပါတယ်။

 

Chikungunya ရောဂါ

    ခြင်မှတဆင့်ကူးစက်သောရောဂါဖြစ်ပြီး အစပိုင်း နှစ်ရက်မှ ငါးရက် အထိ ကိုယ်ပူခြင်းကိုသာခံစားရပြီး နောက်ပိုင်းတွင်မှ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို ခံစားရတာဖြစ်ပါတယ်။ အချို့သောလူတွေမှာ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို နှစ်အတော်ကြာသည်အထိ ခံစားရတာကိုတွေ့ရပါတယ်။

 

ရေနစ်ခြင်း

    ရေကြီးရေလျှံမှုတွေကြောင့် ကမ်းရိုးတန်းနှင့် ရေလွှမ်းဒေသတွေမှာ ရေနစ်သေဆုံးမှုတွေနဲ့ကြုံနိုင်ပါတယ်။ ရေနဲ့အတူပါလာတဲ့ ဖန်ကွဲစ၊ စူးညှောင့်တွေကြောင့်လည်း ပြတ်ရှနာတွေဖြစ်နိုင်ပါတယ်။ မိုးတွင်းကာလမှာ ဓာတ်လိုက်တာတွေလည်းဖြစ်နိုင်တာကြောင့် ရေစိုနေသော အနေအထားနှင့် လျှပ်စစ်ပစ္စည်း၊ ဓာတ်ကြိုးတွေ ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်။

 

ယာဉ်မတော်တဆဖြစ်ခြင်း

    ရေကြီးရေလျှံခြင်း၊ လမ်းပေါ်တွင် ရွှံနွံများတင်ကျန်နေခြင်းကြောင့် ကားများဘီးချော်ခြင်း၊ ဆိုင်ကယ်တိမ်းမှောက်ခြင်း၊ မတော်တဆယာဉ် အန္တရာယ်ဖြစ်ခြင်းတို့ ကြုံတွေ့နိုင်တာကြောင့် မိုးရာသီအတွင်း ခရီးသွားမည်ဆိုပါက မိုးလေ၀သသတင်းကို အရင်နားစွင့်ပြီးမှ သွားဖို့စီစဉ်သင့်ပါတယ်။

 

ကြိုတင်ကာကွယ်ခြင်း

1. ရေမှတဆင့်ကူးစက်တဲ့ရောဂါပိုး အန္တရာယ်မှ ကာကွယ်နိုင်အောင် ရေကို ကြိုချက်သောက်သုံးခြင်း၊ ရေ စစ်ဖြင့် စစ်ခြင်းတို့ကို လုပ်ဆောင်ပါ။

2. ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။

3. ရေသိုလှောင်ကန်၊ ရေတွင်းစတာတွေကို အဖုံးအကာနှင့်ထားပါ။

4. ဘုရားပန်းအိုးအတွင်းမှရေကို ပုံမှန်လဲလှယ်ပေးပါ။

5. ရေ၀ပ်နိုင်တဲ့ အိုးအဟောင်း၊ တာယာအဟောင်း စတာတွေကို စွန့်ပစ်ပါ။

6. ဘယ်အချိန်ပဲအိပ်အိပ် ခြင်ထောင်ဖြင့် အိပ်စက်ပါ။

7. ခြင်ကိုက်မခံရအောင် ခြင်နိုင်ဆေးဖျန်းခြင်း၊ ခြင်နိုင်ဆေးလိမ်းခြင်းတို့ကို ပြုလုပ်ပေးပါ။

8. ဟင်းသီးဟင်းရွက်များ ဆေးကြောရာမှာလည်း ရောဂါပိုးမွှားတွေကပ်ညှိခြင်းမရှိစေရန် ဆားရည်မှာ 10 မိနစ်ခန့်စိမ်ထားပေးပါ။ 9. ယင်နားစာမစားမိအောင် လမ်းဘေးအစားအစာများကို ရှောင်ကြဉ်ပြီး အစားအစာများကို အိမ်တွင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ပါ။

10. စိုစွတ်ခြင်းက အရေပြားမှိုစွဲရန် အားပေးတာကြောင့် မိုးရေထဲမှပြန်လာချိန်တွင် ခြေ၊ လက် တွေကို ခြောက်သွေ့အောင် ထားပါ။

11. မခြောက်သေးတဲ့ အ၀တ်အစားများ၀တ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။

12. အစားအစာများကို ကိုင်တွယ်ချိန်၊ အစာစားပြီးချိန်နှင့် အိမ်သာ၀င်ပြီးချိန်မှာ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။

 

Dr. Htet Htet Aung

www.drmyanmar.com