မီးစက်ကနေထွက်တဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကြောင့် မိသားစု ၈ ယောက် သေဆုံးခဲ့ရ
အလုံပိတ် အခန်း/တိုက်ခန်းထဲမှာ မီးစက်ဖွင့်တာ အန္တရာယ်ရှိပါတယ် ... မီးစက်ကြောင့် အန္တရာယ်မဖြစ်စေဖို့ လိုက်နာရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Eastern Maryland က အိမ်တစ်လုံးအတွင်းမှာ အဖေနဲ့ ကလေး ၇ ယောက် သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ မီးစက်ကနေထွက်တဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ် အဆိပ်သင့်ပြီး သေဆုံးရတယ်လို့ သုံးသပ်ထားပါတယ်။
သေဆုံးသူ ဖခင်ရဲ့အလုပ်ရှင်က လူပျောက်တိုင်ထားတော့မှပဲ ရဲတွေက သွားကြည့်တော့ သေဆုံးမှုကို တွေ့ခဲ့တာပါ။ အိမ်နီးချင်းတွေက ၃၆ နှစ်အရွယ် ဖခင်နဲ့ အသက် ၆ နှစ်ကနေ ၁၃ နှစ်အရွယ်ကြား အသီးသီးရှိကြတဲ့ ကလေး ၇ ယောက်ဖြစ်ကြောင်းကို သတ်မှတ်ပေးခဲ့ပါတယ်။
Todd လို့ခေါ်တဲ့ သေဆုံးတဲ့အထဲက ဖခင်ဖြစ်သူရဲ့အိမ်မှာ မီတာခ မဆောင်ထားတဲ့အတွက် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်သွားပါတယ်။ ရဲတွေက အိမ်ထဲမှာ ဓာတ်ဆီကုန်နေတဲ့ မီးစက်တစ်လုံးကို ရှာတွေ့ခဲ့ပါတယ်။
U.S Consumer Product Safety Commission ရဲ့ အဆိုအရ မီးလောင်မှုကြောင့် မဟုတ်တဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ အဆိပ်သင့်ခြင်းမှာ မီးစက်တွေက အဓိကဖြစ်နေတာကို တွေ့ရပါသတဲ့။
အိမ်သုံး မီးစက်လေးတွေက ကားအင်ဂျင်တွေလိုပဲ အဆိပ်ရှိတဲ့ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပါတယ်။ မီးစက်ကိုအိမ်ထဲမှာ နှိုးတာက ပြတင်းပေါက်တွေ တံခါးတွေ ဖွင့်ထားရင်တောင်မှ အန္တရာယ် များပါတယ်။ အိမ်ထဲမှာ နှိုးမယ်ဆိုရင်လည်း ဓာတ်ငွေ့ထွက်ဖို့ကို စနစ်တကျ လုပ်ထားဖို့ လိုပါတယ်။ ပြောရမယ်ဆိုရင်တော့ ကိုယ့်အိမ်အပြင်ဘက်မှာ နှိုးရင်တောင်မှ အထဲကို ဓာတ်ငွေ့တွေ ဝင်နိုင်တယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ အိမ်ထဲကို ဓာတ်ငွေ့တွေ ဝင်မယ်ဆိုရင် အိမ်အပြင် ဝရံတာမှာ ဖွင့်တာတောင်မှ အန္တရာယ်ရှိပါတယ်။
ဒီတော့ အိမ်သုံးမီးစက်လေးတေ သုံးတော့မယ်ဆိုရင် အန္တရာယ်ကင်းစေဖို့အတွက် လိုက်နာရမယ့်စည်းမျဉ်းတွေ ရှိပါတယ်။ ကားကို အိမ်ထဲမှာ စက်မနှိုးသလိုပဲ မီးစက်ကိုလည်း အိမ်ထဲမှာ မနှိုးသင့်ပါဘူး။
ပြီးတော့ မီးစက်ကအငွေ့တွေ အိမ်ထဲကို ဝင်နိုင်တဲ့နေရာမှာလည်း မနှိုးသင့်ပါဘူး။
နောက်ထပ်လိုက်နာရမယ့် စည်းမျဉ်းတစ်ခုကတော့ အိမ်သုံးမီးစက် တပ်ထားမယ်ဆိုရင် ကြီးကြီးငယ်ငယ်အိမ်ရဲ့ အိပ်ခန်းတိုင်း၊ အိပ်တဲ့နေရာတိုင်းမှာ ကာဗွန်မိုနောက်ဆိုက် သတိပေးစက်တွေ တပ်ထားဖို့ လိုပါတယ်။ အိမ်က တစ်ထပ်မကဘူးဆိုရင်လည်း အထပ်တိုင်းမှာ ကာဗွန်မိုနောက်ဆိုက် သတိပေးစက် တပ်ထားပါ။ ပြီးတော့ သတိပေးစက်က ဘက်ထရီကိုလည်း တစ်နှစ်တစ်ကြိမ် ပုံမှန်လဲပေးဖို့ မမေ့ပါနဲ့။ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့က အနံ့လည်းမရှိ၊ မြင်လည်းမမြင်ရလို့ သတိပေးစက် တပ်ထားဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














