/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မြင့်တက်လာသော-ပိုးသတ်ဆေးပဋ္ဋိဇီဝဆေး-ယဉ်ပါးမှုအန္တရာယ်

မြင့်တက်လာသော ပိုးသတ်ဆေး(ပဋ္ဋိဇီဝဆေး) ယဉ်ပါးမှုအန္တရာယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ပိုးသတ်ဆေးတွေကို ရောဂါပိုးဝင်ရောက်မှုတွေကို ကုသမှုအတွက် အသုံးပြုပေမယ့် ဒါကအဖြေတော့ အမြဲမဟုတ်ပါဘူး။ သာမာန်အအေးမိခြင်းနဲ့ တုပ်ကွေးတွေအတွက် ပိုးသတ်ဆေးတွေကအသုံးမဝင်ပါဘူး။ လူတွေနဲ့ တိရိစၧာန်တွေမှာ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲမှုတွေ၊ မှားယွင်းစွားသုံးစွဲမှုတွေကြောင့် ဆေးယဉ်ပါးမှုတွေဖြစ်ပေါ်နေပြီး ဒါက လူတိုင်းမှာ ကုသလို့မရနိုင်တဲ့ ဆေးယဉ်ပါးပိုးတွေဝင်ရောက်မှုအန္တရာယ်ကို ဦးတည်နေပါတယ်။

          အဆုတ်ရောင်ရောဂါ၊ တီဘီ၊ ဂနိုဆီးပူညောင်းကျရောဂါ စတဲ့ ရောဂါတွေမှာ ကုနေကျဆေးတွေက အရင်ကလောက် ထိရောက်မှုမရှိတော့တဲ့အတွက် ကုသရာမှာ အခက်အခဲတွေဖြစ်လာပါတယ်။ ပိုးသတ်ဆေးယဉ်ပါးမှုကြောင့် ဆေးရုံတက်ချိန်ကြာလာခြင်း၊ ဆေးကုသစရိတ်များလာခြင်းနဲ့ သေနှုန်းများခြင်း စတဲ့ပြသနာတွေကိုမြင့်တက်လာစေပါတယ်။

          နိုဝင်ဘာလ ၁၃ရက်နေ့ကနေ ၁၉ ရက်နေ့အထိကို ကမ်ဘာ့ပိုးသတ်ဆေးသုံးစွဲမှုကိုသတိပြုရမယ့်ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ်သတ်မှတ်ထားပါတယ်။ 

>> ပိုးသတ်ဆေးယဉ်ပါးတယ်ဆိုတာဘာလဲ <<

          ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်တဲ့ရောဂါတွေကို ကာကွယ်ဖို့နဲ့ကုသဖို့ အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ ဒီဆေးတွေကို ဘက်တီးရီးယားပိုးတွေရဲ့တုန့်ပြန်မှုပြောင်းလဲသွားတာကို ဆေးယဉ်တယ်လို့ခေါ်ပါတယ်။ ဆေးယဉ်တဲ့ပိုး ကူးစက်ခံရပြီဆိုရင် ကူးစက်ခံရတဲ့သူတွေမှာ ဆေးမတိုးတော့တဲ့အတွက် ကုရခက်သွားပါတယ်။ ဒါကြောင့် ဆေးဖိုးတွေ၊ ဆေးရုံနေရတဲ့အချိန်တွေ၊ သေဆုံးနှုန်းတွေမြင့်တက်လာပါတယ်။ ဆေးအသစ်ပေါ်လာ တယ်ဆိုရင်တောင် လူတွေရဲ့အမူအကျင့်တွေမပြောင်းဘူးဆိုရင် ဆေးယဉ်ပါးမှုတွေက ဆက်ဖြစ်နေဦးမှာပါပဲ။

>> ပိုးသတ်ဆေးယဉ်ပါးမှုအန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ <<

          ပိုးသတ်ဆေးကို မှားယွင်းစွာအသုံးပြုမှု၊ အလွန်အကျွံအသုံးပြုမှုတွေကြောင့်သာမက ရောဂါပိုးကာကွယ်ထိန်းချုပ်ရာမှာ အားနည်းမှုတွေကြောင့် ဆေးယဉ်ပါးမှုတွေမြင့်တက်စေပါတယ်။

          ပိုးသတ်ဆေးက တုပ်ကွေးနဲ့ အအေးမိခြင်းကဲ့သို့သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါတွေကို မကုသနိုင်ပါဘူး။

ဒီဆေးယဉ်ပါးမှုရဲ့အကျိုးသက်ရောက်မှုတွေကိုလျော့ကျစေဖို့အတွက် လိုက်နာရမယ့်အချက်တွေကတော့-

  • ပိုးသတ်ဆေးကို ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်များညွှန်ကြားမှသာ သောက်ပါ။
  • ဆရာဝန်၊ကျန်းမာရေးဝန်ထမ်းတွေက မလိုလို့မပေးရင် လုံးဝမသောက်ပါနဲ့။
  • ဆေးသောက်တဲ့အခါမှာ ညွှန်ကြားတဲ့အတိုင်း အချိန်၊ သောက်ရမယ့်ရက် အတိအကျသေချာသောက်ပါ။
  • ကျန်နေတဲ့ပိုးသတ်ဆေးတွေကို ဘယ်တော့မှ မျှဝေမသုံးပါနဲ့။ ပြန်မသုံးပါနဲ့။
  • ပုံမှန်လက်ဆေးခြင်း၊ အစားအစာများကို သန့်ရှင်းစွာပြင်ဆင်ချက်ပြုတ်ခြင်း၊ နေမကောင်းသူများနှင့် နီးကပ်စွာနေခြင်းမှရှောင်ကြဉ်ခြငး်၊ အန္တရာယ်ကင်းသောလိင်ဆက်ဆံမှုများကျင့်သုံးခြင်း၊ ကာကွယ်ဆေးများကိုသေချာထိုးနှံခြင်းစသည့် နည်းလမ်းများကျင့်သုံးပြီး ရောဂါပိုးပျံ့နှံ့မှုကိုကာကွယ်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)