/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရာသီဥတု-အပြောင်းအလဲကာလတွေမှာ-ကျန်းမာအောင်နေထိုင်နည်း

ရာသီဥတု အပြောင်းအလဲကာလတွေမှာ ကျန်းမာအောင်နေထိုင်နည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရုတ်တရက် ပြောင်းလဲသွားတဲ့ ရာသီဥတုက ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေတာ မုချပါပဲ။ ရာသီဥတုကြောင့် ဆံပင်ကျွတ်တာ၊ အသားအရေမစိုပြေတာ၊ ကိုယ်အလေးချိန် ပြောင်းလဲတာတွေ ဖြစ်ပေါ်တတ်ပါတယ်။

အောက်ပါအချက်လေးတွေကို လိုက်နာပြီး ရာသီအပြောင်းအလဲကြောင့် ကျန်းမာရေး မထိခိုက်ရစေအောင် ကာကွယ်လို့ရပါတယ်။
(၁)  ရေများများသောက်ပါ
တစ်နေ့ကို အနည်းဆုံး ရေ (၂) လီတာခန့် သောက်ခြင်းဟာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေ ကင်းဝေးစေပြီး အသားအရေကိုလည်း စိုပြေစေပါတယ်။ နှုတ်ခမ်းထောင့်လေးတွေနဲ့ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့အက်ကွဲခြင်း၊ ရေဆာခြင်းတို့ဟာ ရေဓာတ် လိုအပ်နေတဲ့လက္ခဏာရပ်တွေပါပဲ။

(၂)  အသားအရေကို ဂရုစိုက်ပါ
ပူပြင်းတဲ့နေရောင်ခြည်နဲ့ ဖုန်မှုန်တွေဟာ အသားအရေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိမိအသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေး၊ ကြေးချွတ်ဆေးနဲ့ အစိုဓာတ်ဖြည့်လိမ်းဆေးတို့ကို ပုံမှန်အသုံးပြုပေးသင့်ပါတယ်။

(၃)  ရာသီဥတုနဲ့ ကိုက်ညီမယ့် အဝတ်အစားကို ဝတ်ဆင်ပါ
ပူအိုက်တဲ့နွေရာသီအချိန်မှာ လုံလုံခြုံခြုံနဲ့ လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့အဝတ်အစားမျိုး ဝတ်ဆင်သင့်သလို အအေးပိုတဲ့ ဆောင်းတွင်းကာလမှာလည်း အအေးဒဏ်ကာကွယ်နိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်သင့်ပါတယ်။

(၄)  ရာသီပေါ်သီးနှံတွေကို စားပါ
ဓာတုဆေးဝါးကင်းစင်တဲ့ အသီးအနှံတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အမြောက်အမြား ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို များစွာအကျိုးရှိစေပါတယ်။

(၅)  ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
လတ်ဆတ်တဲ့ အစားအစာတွေကိုသာ စားပါ။ ဆီကြော်စာတွေ ရှောင်ပါ။ အဆာမခံပါနဲ့။ အချိန် ပုံမှန်စားပါ။ အစာကြေညက်ဖို့ သေချာဝါးပါ။

(၆)  ပိုးမွှားတွေရန်က ကာကွယ်ထားပါ
သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ပိုးမွှားတွေရော၊ မမြင်နိုင်တဲ့ပိုးမွှားတွေရောဟာ အိမ်ထဲမှာ ရာထောင်ချီပြီး ခိုအောင်းနေနိုင်ပါတယ်။ ဒါကြောင့် အမှိုက်ပုံးတွေကို ဖုံးအုပ်ထားပါ။ ရေစီးရေလာ ကောင်းမွန်အောင်ထားပါ။ ဖုန်တွေ မရှိပါစေနဲ့။ ချုံပုတ်တွေကို ရှင်းလင်းပေးပါ။ ပိုးမွှားကာကွယ်တဲ့ လိမ်းဆေးတွေ လိမ်းပေးပါ။

ဒေါက်တာနေလွင်ထူး (www.drmyanmar.com)