/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူတွေကို-ခြောက်လှန့်နေသော-ဆင်တုပ်ကွေးရောဂါ

လူတွေကို ခြောက်လှန့်နေသော ဆင်တုပ်ကွေးရောဂါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ယခုတလော ရပ်ကွက်အတွင်းရှိ အိမ်တိုင်းလိုလိုတွင် အိမ်သားတစ်ဦးမဟုတ် တစ်ဦး တုပ်ကွေးကွေးနေကြသည်။ ရိုးရိုး တုပ်ကွေးတောင်မဟုတ် ... ဆင်တုပ်ကွေးဆိုလား။ အိမ်မှာလည်း အရင်တစ်ပတ်က ညီမလေး ဆင်တုပ်ကွေးဖြစ်သည်။ နာတယ်ဆိုပြီး ညည်းညူလိုက်တာ ပြောမနေပါနဲ့။ လမ်းတောင် မလျှောက်နိုင်လို့ ကူတွဲခိုင်းရတာနဲ့။ ခုတင်ပေါ်ကကို မဆင်းနိုင်တာနဲ့။ ဘေးကနေကြည့်ပြီး မာယာများနေတယ်လို့တောင် ထင်လာတယ်။ ဟော ... မကြာပါဘူး။ အဖျား ၅ ရက်မြောက်လောက်မှာ အနီစက်တွေ ထွက်လာတော့မှ တကယ်ကို ဆင်တုပ်ကွေးဖြစ်နေပါလားဆိုပြီး ဆေးခန်းပြေးရလေရဲ့။

          ကိုယ့်အိမ်တွင်သာမက အိမ်တိုင်းလိုလိုရှိ မိသားစုတိုင်းကို ဆင်တုပ်ကွေးကြီးက ကောင်းကောင်း နိုင်စားနေလေရဲ့။ ဒါဆိုရင် ဆင်တုပ်ကွေးဆိုတာ ဘာလဲ? ၊ ဘယ်လိုကာကွယ်နိုင်သလဲ? ၊ ဆင်တုပ်ကွေးဖြစ်ရင် ဘယ်လိုဆောင်ရန် ရှောင်ရန်တွေ ပြုလုပ်သင့်လဲဆိုတာတွေက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

          ဆင်တုပ်ကွေး (Chikungunya) ဆိုတာဟာ ခြင်ကနေတစ်ဆင့် ကူးစက်သောရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ရောဂါဖြစ်စေသော ခြင်များအကိုက်ခံရပြီး ၂ ရက်မှ ၁၂ ရက်အတွင်း စတင်ဖြစ်ပေါ်ပါတယ်။

 

>>    ရောဂါလက္ခဏာများကတော့ -

●        ဆက်တိုက်အဖျားကြီးခြင်း (38.5 ဒီဂရီအထက်)

●        အရိုးအဆစ်များတစ်ဝိုက် အလွန်နာကျင် ကိုက်ခဲခြင်း၊ နီမြန်းခြင်း

●        အရေပြား အနီစက်များ ထွက်ခြင်း

●        ပျို့အန်ခြင်း

●        လည်ချောင်းနာခြင်း

●        လည်ပင်းရှိ အကြိတ်များ ရောင်ခြင်း

●        ဗိုက်နာခြင်း

●        ခြေဖျား၊ လက်ဖျားအေးခြင်း

●        မူးဝေခြင်း

●        အလင်းရောင် မခံနိုင်ခြင်း

●        ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်ပါတယ်။

          ဆင်တုပ်ကွေးရဲ့ လက္ခဏာတွေဟာ သွေးလွန်တုပ်ကွေးနဲ့ အလွန်ဆင်တူတာမို့ မှားတတ်ကြပါတယ်။ ဒါပေမဲ့ ဆင်တုပ်ကွေးရဲ့ထူးခြားချက်က သွေးလွန်တုပ်ကွေးထက်စာရင် အရိုးအဆစ်များ မခံမရပ်နိုင်အောင် နာကျင်တာပဲ ဖြစ်ပါတယ်။

          ဆင်တုပ်ကွေးရောဂါ ခံစားနေရသူများအနေဖြင့် ကောင်းမွန်စွာ မကုသပါက အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

●        အာရုံကြောဝေဒနာများ

●        အတက်ရောဂါ

●        နှလုံးကြွက်သားရောင်ရောဂါ

●        အသည်းကို ထိပါက အသည်းပျက်စီးခြင်းကြောင့်ဖြစ်သော အသားဝါရောဂါ

●        ကျောက်ကပ်ကို ထိပါက ကျောက်ကပ်ရောဂါ

●        ဦးနှောက်ကို ထိပါက ဦးနှောက်ရောင်ခြင်းအပြင် ဦးနှောက်အာရုံကြော ပျက်စီးခြင်းများအထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

>>    ဒီလိုဆိုးရွားလှတဲ့ ဆင်တုပ်ကွေးရောဂါ ကူးစက်ခံရပါက ဘယ်လိုကုသမလဲ?

          ဆင်တုပ်ကွေး ဖြစ်ပေါ်ပါက အထူးတလည် ဆေးကုသရန်မလိုဘဲ လူနာရဲ့ ကိုယ်ခံအားပေါ် မူတည်ပြီး သူ့အလိုလို ပျောက်ကင်းနိုင်ပါတယ်။

          သို့သော် ကြွက်သားနဲ့ အရိုးများ နာကျင်ခြင်းအတွက် ဆရာဝန် ညွန်ကြားချက်ဖြင့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးသင့်ပါတယ်။

          အစာအာဟာရ ပြည့်ဝအောင်စားခြင်း၊ ဓာတ်ဆားရည် နေ့စဉ်သောက်ခြင်း၊ လုံလောက်စွာ အနားယူခြင်းတို့ကို ပြုလုပ်ဖို့ မမေ့သင့်ပါဘူး။

          လောလောဆယ် ရောဂါကူးစက်ခံနေရသူများ အနေဖြင့် ကို်ယ်ခန္ဓာမှ antibodies များ ထုတ်လွှတ်ပေးမှာဖြစ်လို့ နောက်တစ်ကြိမ် ဆင်တုပ်ကွေးရောဂါ ထပ်မံဖြစ်ပေါ်နိုင်တော့မှာ မဟုတ်ပါဘူး။       ရောဂါကူးစက်မခံရစေဖို့ ခြင်ကိုက်မခံရအောင် သတိပြုခြင်း၊ မိမိအိမ်ဝန်းကျင်တွင် အမှိုက်နဲ့ ချုံများ ရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်းတို့ကို ပြုလုပ်သင့်ပြီး ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင်စီဆေးများ မှီဝဲသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)