သက်သတ်လွတ်သမားတွေမှာ ဖြည့်စွက်စားရမယ့် ဗီတာမင်တွေ
သက်သတ်လွတ်စားတဲ့သက်တမ်း ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်ချို့တဲ့မှု တွေရှိလာပါတယ်။ ဗီတာမင် ပြည့်ဝကျန်းမာနေမှ ကောင်းမွန်တဲ့ကျန်းမာခြင်းကို တည်ဆောက်နိုင်မှာမို့ ပိုကျန်းမာချင်သူ သက်သတ်လွတ်သမားများ ဒါလေးဖတ်ကြည့်ပါဦး။
ဗီတာမင်ချို့တဲ့ရောဂါဟာ နောက်ဆက်တွဲပြဿနာတွေ များတတ်ပြီး ခန္ဓာကိုယ်အရေပြား၊ အာရုံကြော၊ ကြွက်သားတွေပါ ထိခိုက်မှုကြီးမားစေတတ်ကြောင်း အသိနဲ့ သတိရှိစေဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။
● ဇင့်ဓာတ်၊ သွပ်ဓာတ်ကို အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ ရနိုင်ပြီး ပဲပိစပ်၊ ပဲအမျိုးမျိုးနဲ့ တခြားအစေ့အဆံတွေ ဖြည့်စွက်စားသုံးပေးမှ ကာမိမှာပါ။
● အသား၊ ငါး နဲ့ နို့က ရရှိတဲ့ ဗီတာမင်ဘီတွဲကို ပြောင်းဖူးကွေကာအုပ်ကနေ ရနိုင်ပေမယ့် ဗီတာမင်ဘီတွဲ 10 mcg လောက် ဖြည့်စွက်သောက်ပေးရင်တော့ အကောင်းဆုံးပေါ့။
● အသက် ၆၀ အထက် လူကြီးတွေမှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တင့်မျှတတဲ့ ဗီတာမင်ဒီ ပမာဏကို ဖြည့်စွက်စားကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ ဗီတာမင်ဒီ ချို့တဲ့တာဟာ မှတ်ဉာဏ်အာရုံ လျော့နည်းမှုတွေနဲ့ ဆက်စပ်နေတာကြောင့် ဗီတာမင်ဒီ ပြည့်ဝကျန်းမာနေအောင် အလေးထားပြီး ဂရုစိုက်ပေးကြရအောင်။
● အသား၊ ငါး၊ အသည်းအမြစ်တွေမှာပါတဲ့ သံဓာတ်ကို ဟင်းနုနွယ် အပါအဝင် စိမ်းရောင်ရင့်တဲ့အရွက်တွေကနေ ရနိုင်ပါတယ်။ သံဓာတ်စုပ်ယူမှု ပိုကောင်းစေဖို့ ဗီတာမင်စီ ပါဝင်တဲ့ အရည်ရွှမ်းတဲ့သစ်သီးတွေ နေ့စဉ်စားသုံးပါ။
● တိုဟူး၊ အယ်လမွန်စေ့၊ ပဲပင်ပေါက်၊ အခြောက်ခံထားတဲ့ အသီးအနှံတွေမှာ ကယ်လဆီယမ် ပါဝင်နေပြီး ပိုမိုစားသုံးပေးမှ အရိုး ခိုင်မာပါမယ်။
● ငါးကနေရတဲ့ ငါးကြီးဆီအတွက်ကတော့ အစေ့အဆံအမျိုးမျိုးအပြင် အိုမီဂါသရီးပါဝင်တဲ့ဆေး သောက်သုံးပေးရင် အဆင်ပြေပါတယ်။ မျက်စိတောက်ပ အမြင်ကြည်စေ အသားအရေ လှစေတဲ့အပြင် နှလုံး ကျန်းမာစေပါတယ်။
● နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ အိုင်အိုဒင်းဓာတ်အတွက်ကတော့ အိုင်အိုဒင်းဆားအပြင် ဗီတာမင်စုံအားဆေး တစ်မျိုးမျိုး သောက်ပါ။ ပင်လယ်ရေညှိမှာ အို်င်အိုဒင်းပါပေမယ့် အလွန်အကျွံ မစားသင့်ပါဘူး။ အိုင်အိုဒင်းဟာ ကြီးထွားဟော်မုန်းနဲ့ ဇီဝရုပ်ဖြစ်စဉ်တွေအတွက် အလွန်အရေးကြီးပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























