သင့်လက်တွဲဖော်နဲ့ ရန်ဖြစ်မယ့်အစား လေ့ကျင့်ခန်းတူတူလုပ်ရင်း ကျန်းမာပျော်ရွှင်သောဆက်ဆံရေးကို တည်ဆောက်ကြပါစို့
သင်ဟာ တစ်ကိုယ်တည်းသမားဆိုပါက သင့်ကျန်းမာရေးအတွက်သာ အာရုံစိုက်ဖို့လိုပေမယ့် ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်ရှိသူဖြစ်ပါက လက်တွဲဖော်ရဲ့ ကျန်းမာကြံ့ခိုင်မှုကိုပါ အာရုံစိုက်ဖို့ လိုလာပါပြီ။ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသောချစ်သူကို သင်နဲ့တူတူ gym သွားဖို့ ခေါ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အားမလျှော့ပါနဲ့။ အောက်ပါနည်းလေးများက အသုံးဝင်ပါလိမ့်မယ်။
(၁) မျှော်လင့်ချက် နည်းပါစေ
အိမ်ထောင်ရေးတစ်ခုတွင် အဆင်မပြေဖြစ်ရသော အကြောင်းရင်းများအနက် ကိုယ့်လက်တွဲဖော်ရဲ့ အပြုအမူတွေကို လိုက်ပြီးထိန်းချုပ်နေခြင်းကလည်း အပါအဝင်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတူတူပြုလုပ်ကြတဲ့ စုံတွဲတွေအနေနဲ့လည်း ကိုယ့်နည်းအတိုင်း လိုက်ကစားစေမယ့်အစား သူ့အတွက် ပိုအဆင်ပြေတဲ့ ကစားနည်းတွေကို ပေးကစားသင့်ပါတယ်။
(၂) သင့်လက်တွဲဖော်ကို လေးစားဖို့ မမေ့ပါနဲ့
သင့်လက်တွဲဖော်အတွက် အနာဂတ် အစီအစဉ်များ ချမှတ်ရာတွင်ကူညီပေးခြင်း၊ အောင်မြင်မှုရစေအောင် ထောက်ပံ့ပေးခြင်းဟာလည်း ပျော်ရွှင်တဲ့ဆက်ဆံရေးကို ရရှိစေမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ရမှာ ပျင်းသောလက်တွဲဖော်ကို အပြစ်တင်မယ့်အစား လေ့ကျင့်ခန်း အတူပြုလုပ်ခြင်း၊ ကျန်းမာသော စားသောက်မှုပုံစံကို ပြောင်းလဲစားခြင်းဖြင့် စိတ်ရောကိုယ်ပါ ပျော်ရွှင်ကျန်းမာစေမယ့်အကြောင်းကို ဆွေးနွေးပြောပြသင့်ပါတယ်။
(၃) အကျိုးကျေးဇူးများအပေါ်တွင် အာရုံစိုက်ပါ
ပိန်သွယ်လှပစေဖို့ တစ်ခုတည်းအတွက် လေ့ကျင့်ခန်းပြုလုပ်တာထက်စာရင် ကျန်းမာဖို့၊ စိတ်ဖိစီးမှုများ ဖြေပျောက်ဖို့၊ ကိုယ့်လက်တွဲဖော်နဲ့ အတူတူ ကျန်းမာအသက်ရှည်စွာ ကြီးပြင်းနိုင်ဖို့စသော အကျိုးတရားများကို ပိုမိုအာရုံစိုက်သင့်ပါတယ်။
(၄) အကောင်းမြင်စိတ်ကို မွေးမြူပါ
သင့်လက်တွဲဖော်ဟာ လေ့ကျင့်ခန်း မပြုလုပ်ချင်သူဖြစ်နေရင်တောင်မှ အဆိုးမမြင်ဘဲ အဝလွန်စေသောအစာများကို ရှောင်ခိုင်းခြင်း၊ လှုပ်ရှားတက်ကြွစွာ နေထိုင်စေခြင်း၊ နှစ်ယောက်အတူ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းစသော သူနှစ်သက်ရာ အားကစားများကို တူတူလုပ်ခြင်းဖြင့် နှစ်ယောက်အတူတူ ကျန်းမာပျော်ရွှင်နိုင်အောင် ကြိုးစားကြည့်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























