/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သတိမထားမိဘဲ-နေ့စဉ်လုပ်မိနေသော-ကိုယ်ခံအားကို-ကျဆင်းစေတဲ့အချက်များ

သတိမထားမိဘဲ နေ့စဉ်လုပ်မိနေသော ကိုယ်ခံအားကို ကျဆင်းစေတဲ့အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(၁)  အဆိုးမြင်စိတ်
ကိုယ်ခံအားစနစ်ရဲ့ အလုပ်လုပ်နိုင်သောစွမ်းရည်ဟာ စိတ်အခြေအနေအပေါ် မူတည်နေပါတယ်။ အဆိုးမြင်စိတ်များခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့နေခြင်းဟာ စိတ်ဖိစီးမှုနှင့်ရောဂါများ ဝင်ရောက်ခြင်းအပေါ် ခံနိုင်ရည် အားနည်းစေတတ်ပါတယ်။

(၂)  ဆေးတွေ အများကြီးသောက်ခြင်း
ဆေးတွေသောက်ခြင်းမှာလည်း ကောင်းကျိုးနှင့်ဆိုးကျိုး ဒွန်တွဲနေပါတယ်။ နာတာရှည်ရောဂါများအတွက် သောက်ရသောဆေးအချို့နှင့် ပိုးသတ်ဆေးများ အလွန်အကျွံသောက်ခြင်းကြောင့် သင့်ကိုယ်ခံအားကို ကျစေနိုင်ပါတယ်။

(၃)  ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်ခြင်း
လေ့ကျင့်ခန်းမပြုလုပ်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ စွမ်းဆောင်ရည်ကို ကျစေပြီး ရောဂါကူးစက်စေဖို့ ပိုမိုလွယ်ကူစေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်မယ့် ဆဲလ်တွေကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး အလွန်အကျွံလုပ်တာကို ရှောင်သင့်ပါတယ်။

(၄)  အအိပ်များခြင်း
တစ်နေ့ကို ၇ နာရီ - ၈ နာရီလောက် အိပ်စက်ခြင်းဟာ လုံလောက်တဲ့အိပ်စက်ခြင်း ဖြစ်ပါတယ်။ တစ်နေကုန် အိပ်နေမယ်ဆိုရင်တော့ ကိုယ်ခန္ဓာက လန်းဆန်းခြင်းမရှိဘဲ ကိုယ်ခံအားစနစ်ကိုပါ ကျဆင်းစေပါတယ်။

(၅)  အီလက်ထရောနစ်ပစ္စည်းများ အသုံးများခြင်း
ဒီနေ့ခေတ်မှာ လူတိုင်းလိုလိုဟာ social media စွဲလမ်းခြင်းရောဂါကို ခံစားနေရပြီး ဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာ အသုံးပြုမှုလည်း ပိုများလို့လာပါတယ်။ ဒီလို ဖုန်းနှင့်အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုမှု များခြင်းဟာ ကိုယ်ခံအားကျစေပြီး ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။

(၆)  အလုပ်ပိခြင်း
တစ်နေကုန် အနားတောင်မယူနိုင်ဘဲ အလုပ်တွေ ဆက်တိုက်လုပ်နေခြင်းကြောင့် ကိုယ်ခံအားကို ကျစေနိုင်ပါတယ်။ ထို့ပြင် စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် စိတ်ကျရောဂါကိုပါ ရစေနိုင်ပါတယ်။

(၇)  အရက် အလွန်အကျွံသောက်ခြင်း
အရက်စွဲနေသူတွေအနေနှင့် ကူးစက်ရောဂါများ အလွယ်တကူ ဝင်ရောက်စေနိုင်တဲ့အပြင် ရောဂါတွေကနေ ပြန်လည်သက်သာဖို့လည်း သာမန်ထက် အချိန်ပိုကြာတတ်ပါတယ်။ ထို့ပြင် ကိုယ်ခံအားကိုလည်း ကျစေနိုင်ပါတယ်။

(၈)  စိတ်ဖိစီးမှုများခြင်း
နာတာရှည် စိတ်ဖိစီးမှုများခြင်းက ကိုယ်ခံအားကိုကျစေပြီး ရောဂါတွေကို အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။
ကိုဗစ်ရောဂါ မကူးစက်စေဖို့ ကိုယ်ခံအားကောင်းမွန်ခြင်းက အဓိကအချက် ဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါအချက်တွေမှာ ပြုလုပ်နေကျအကျင့်တွေ ပါဝင်နေတယ်ဆိုပါက အမြန်ဆုံးပြင်ဆင်ပြီး ကိုယ်ခံအားကောင်းမွန်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)