သန့်ရှင်းရေးသုံးပစ္စည်းတွေက ကျန်းမာရေးအတွက် အန္တရာယ်ရှိသလား?
ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာဆိုရင် ဟိုဟာမှာလည်း ဓာတုပစ္စည်း၊ ဒီဟာကလည်း ဓာတုပစ္စည်းနဲ့ ဓာတုပစ္စည်းတွေပဲ ဝိုင်းဝိုင်းလည်နေပါတယ်။ ပါဝင်ပစ္စည်းတွေမှာ oxide, ethylene, chlorite စတာတွေနဲ့ အဆုံးသတ်တဲ့နာမည်တွေနဲ့ အနံ့စူးပြီး ပြင်းတဲ့အရာတွေက အဆိပ်ရှိတဲ့ပြင်းအားများ ဓာတုပစ္စည်းတွေပါပဲ။
ကံကောင်းတဲ့အချက်ကတော့ ကျွနု်ပ်တို့ နေ့စဉ်သုံးနေတဲ့ အိမ်သန့်ရှင်းရေးပစ္စည်းအများစုက လူတွေအတွက် အန္တရာယ်ကင်းပါတယ်။ ဒီပစ္စည်းတွေရဲ့နောက်မှာ သတိပေးချက်တွေကတော့ ပုံမှန်အားဖြင့် လက်အိတ်စွပ်ပြီး သုံးဖို့၊ အကာအကွယ်မျက်မှန်တပ်ပြီး သုံးဖို့၊ ထိမိရင်လည်း ဆပ်ပြာနဲ့လက်ကို သေချာပြန်ဆေးဖို့အတွက် သတိပေးထားတာပါ။
>> ဘယ်လိုဓာတုပစ္စည်းတွေက စိတ်ချရပြီး ဘာတွေကိုရှောင်ရမလဲ?
အများအားဖြင့်တော့ ပိုးသတ်ဆေးတွေမှာ ပါဝင်လေ့ရှိတဲ့ hypochlorite စတဲ့ အစွန်းချွတ်ဆေးတွေ ပါ၊ မပါ ကြည့်ရပါမယ်။ ဒီအစွန်းချွတ်ဆေးတွေ (bleaches) တွေက အရေပြားနဲ့ထိရင် အန္တရာယ်ရှိပါတယ်။ hypochlorite ပါတဲ့ပစ္စည်းတွေထဲမှာ costic soda ပါတဲ့အတွက် ဒီက အစက်တွေ အရေပြားပေါ်မှာ စင်ပြီးတော့ ချက်ချင်း ရေမဆေးချဘူးဆိုရင် အသားလောင်နိုင်ပါတယ်။
Detergents တွေကိုတော့ ခေါင်းလျှော်ရည်၊ လက်ဆေးဆပ်ပြာရည်တွေထဲမှာ တွေ့ရပြီးတော့ ယေဘုယျအားဖြင့်တော့ စိတ်ချရပါတယ်။
>> အိမ်သုံးသန့်ရှင်းရေးပစ္စည်းတွေကို ရှူမိရင် ဒါမှမဟုတ် အရေပြားကို ထိမိရင်ရော ဘာဖြစ်မှာလဲ?
ဒီအိမ်သုံးသန့်ရှင်းရေးပစ္စည်းတွေ ပါးစပ်ထဲဝင်ပြီး မျိုချမိတာ မဟုတ်ဘဲနဲ့ ထိရုံနဲ့တော့ ရေရှည်ပျက်စီးတာတွေ မဖြစ်နိုင်ပါဘူး။
ဒါတွေ လီတာဝက်လောက် သောက်မိရင်တော့ အတွင်းမှာ ပျက်စီးမှုတွေ အများကြီး ဖြစ်မှာပေါ့လေ။ ဒါကလည်း ရှားပါတယ်။ ဆပ်ပြာမှုန့်နည်းနည်း ယူပြီးတော့ တိုက်ချွတ်ဆေးကြောလို့ လက်ကိုထိရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး။ ဒါတွေက ရေမှာ ပျော်ဝင်နိုင်လို့ ရေဆေးချလိုက်ရင် ပြောင်သွားမှာပါ။
မတည့်ရင်တော့ အရေပြားယားတာ၊ မျက်လုံးနာတာတွေ အဖြစ်များပါတယ်။ ဒါကလည်း အရမ်းကို ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေမှပါပဲ။
အဖြစ်များတာကို ပြောရရင်တော့ တစ်ခုခုကိုဖြန်းပြီး ဆေးလိုက်တဲ့အခါမှာ ရှူမိသွားလို့ ချောင်းဆိုးမယ်။ ဒါကလည်း ခဏပါပဲ။
>> ပိုပြီးအန္တရာယ်ကင်းအောင် သုံးလို့ရလား?
ပထမဆုံးအနေနဲ့တော့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို တခြားဓာတုပစ္စည်းတွေနဲ့ မရောလိုက်ပါနဲ့။ ဒီထဲမှာ ပါဝင်ပစ္စည်းတွေ ရောနှောပါဝင်ပြီးသားဖြစ်လို့ ထပ်ရောလိုက်ရင် အန္တရာယ် ပိုဖြစ်လိမ့်မယ်။
ဒုတိယအနေနဲ့ကတော့ အလွန်အကျွံ မသုံးပါနဲ့။ အများအားဖြင့်တော့ ဘာလုပ်ရင် ပမာဏ ဘယ်လောက် သုံးရမယ်ဆိုတာကို ပြောထားတာ မရှိတဲ့အတွက် ကိုယ့်ဟာကိုယ်ပဲ ချင့်ချိန်သုံးပါ။ လိုတာထက် ပိုမသုံးမိဖို့ ဂရုစိုက်ပါ။
နောက်ဆုံးအနေနဲ့ ကိုယ်က ဒီပစ္စည်းတွေနဲ့ မတည့်ဘူး။ ကိုယ့်အသားအရေကလည်း ထိရှလွယ်တယ်ဆိုရင် လက်အိတ်ဝတ်၊ မရှူမိအောင် နှာခေါင်းစည်းတပ်ပြီး သုံးပါ။ ယေဘုယျ သဘောတရားကတော့ ဒီပစ္စည်းတွေနဲ့ ထိတွေ့မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ပါပဲ။
>> အခုခေတ်စားလာတဲ့ eco-friendly လို့ခေါ်တဲ့ ဂေဟစနစ်နဲ့ သဟဇာတဖြစ်တဲ့ ပစ္စည်းတွေကရော ဘယ်လိုအခြေအနေအတွက် ကောင်းလဲ?
ပုံမှန်သုံးနေကျ သန့်ရှင်းရေးပစ္စည်းတွေက ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူးဆိုတဲ့ သက်သေမပြနိုင်လို့ ပိုပြီးသတိထားချင်တယ် ဆိုရင်တော့ eco-friendly လို့ခေါ်တဲ့ သဘာဝထုတ်ကုန်တွေ သုံးနိုင်ပါတယ်။
ဒီထုတ်ကုန်တွေကတော့ ဓာတုပစ္စည်းတွေ၊ အစွန်းချွတ်ဆေးတွေ မပါဘဲနဲ့ အမွှေးနံ့အတွက် လိုအပ်တဲ့အဆီတွေပဲသုံးပြီး ထုတ်ထားတယ်လို့ ဆိုပါတယ်။ သဘာဝပစ္စည်းတွေနဲ့ပဲ လုပ်ထားတာပါ။
Eco-friendly လို့ တကယ်ပြောနိုင်ဖို့ဆိုရင် ဒီထဲမှာ ရေနေသတ္တဝါတွေကို အန္တရာယ်မပေးတာ သေချာဖို့ လိုပါတယ်။ တစ်ခါတလေမှာ ထုတ်ကုန်တွေက ရေနေသတ္တဝါတွေအတွက် အန္တရာယ် ဖြစ်နိုင်တယ်လို့ မပြောထားပေမယ့် ဒီထဲတွေမှာ အန္တရာယ်ဖြစ်စေမယ့်ပစ္စည်းတွေ ပါဝင်နေပါတယ်။
တချို့ကျတော့လည်း ဓာတုပစ္စည်းတွေ မပါဝင်ဘဲ သဘာဝပစ္စည်းတွေနဲ့ပဲ လုပ်ထားတယ်လို့ ပြောရောင်းရင် ပိုရောင်းရလို့ ဒီလိုပြောရောင်းတာလည်း ရှိတတ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















