သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းနေပြီလို့ သေချာပေါက် ပြောနိုင်တဲ့ လက္ခဏာတွေ
လစဉ်ဓမ္မတာလာတဲ့ အမျိုးသမီးတွေ အစာအာဟာရ ပြည့်ပြည့်ဝဝ မစားတဲ့ အမျိုးသား အမျိုးသမီးတွေ၊ လိပ်ခေါင်းသွေးကျတာမျိုး ကြုံနေရတဲ့ အမျိုးသားတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ သွေးအားနည်းနေပြီလို့ သေချာပေါက် ပြောနိုင်တဲ့ လက္ခဏာလေးတွေ ရှိပါတယ်။
● အကြောင်းရင်းမရှိဘဲ နုံးချိနေခြင်း၊ အလကားနေရင်း နုံးနေချိနဲ့နေရင်တော့ သွေးအားမကောင်းတာ သေချာသလောက်ပါပဲ။
● ရင်တလှပ်လှပ် တုန်မယ်။ မကြာခဏ ရင်ထဲမှာဟာပြီး ရင်တုန်နေတတ်ရင် သွေးအားနည်းနေလို့ပါပဲ။
● လှုပ်ရှားမှုနည်းနည်းလေးနဲ့ မောနေတတ်မယ်။ သက်လုံမကောင်းတာအပြင် နောက်ကွယ်မှာ သွေးအားနည်းတာ ပါနေတတ်မလား စစ်ဆေးကြည့်သင့်ပါတယ်။
● ခြေသည်း၊ လက်သည်းတွေ မတောက်ပတော့ဘူး။ ခြောက်သွေ့ ကြွပ်ဆတ်လာမယ်။
● အသားအရေတွေ ဖျော့တော့နေမယ်၊ ပါးလေးတွေ သွေးရောင်အပြည့်နဲ့ ချစ်စရာကောင်းအောင် ရဲမနေတော့ဘူး။ အသားအရေတွေ မစိုပြေဘဲ မွဲခြောက်နေမယ်။
● မကြာခဏ မူးတတ်မယ်။ စိတ်ဖိစီးမှုများတဲ့အခါ မူးဝေလာတတ်တာ၊ ပင်ပန်းတဲ့အခါ မူးသွားတာတွေထက် ဘာအကြောင်းမှမရှိဘဲ ခေါင်းထဲမှာ တရိပ်ရိပ် မူးနေတတ်ပါတယ်။
● မကြာခဏ ညောင်းနေမယ်။ ညောင်းကိုက်တာက အအေးမိလို့လား လိုတာထက် ပင်ပန်းခံခဲ့မိလို့လား ဆိုတာတွေထက် ကာလရှည်ကြာ ကိုက်နေ၊ ညောင်းနေ ခြေတွေ လက်တွေ မသယ်ချင်၊ မလှုပ်ချင် ဖြစ်နေတတ်သူတွေအဖို့ သွေးအားနည်းနေတတ်သလား စဉ်းစားဖို့ပါ။
>> သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်သူတွေကတော့ ...
● အစာအာဟာရ ပြည့်ပြည့်ဝဝ မစားသူတွေ
● ဗီတာမင်စီဓာတ် ချို့တဲ့သူတွေ
● သက်သတ်လွတ် စားသူတွေ
● ပိန်ပါးသူတွေ
● ရာသီသွေးဆင်းများသူ အမျိုးသမီးတွေ
● ကလေးမွေးပြီးကာစ မိခင်တွေ
● လိပ်ခေါင်းရောဂါ ခံစားနေရသူတွေ
● အစာအိမ်ရောဂါ၊ အူရောဂါတစ်ခုခုကြောင့် ခွဲစိတ်ကုသမှု ခံယူထားသူတွေ ဖြစ်ပါတယ်။
ဒီလိုလူတွေ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်ပွားနိုင်တာကြောင့် ဖော်ပြပါ လက္ခဏာတွေပါ တစ်ပါတည်း ခံစားနေခဲ့ရမယ်ဆိုရင် သွေးအား စစ်ဆေးပြီး အာဟာရ ပြည့်ပြည့်ဝဝ စားသုံးပေးပြီး သွေးအား ဖြည့်စွက်စာ၊ သံဓာတ်အားဆေးတွေ မှီဝဲဖို့ လိုအပ်ပါကြောင်း အသိပေးလိုက်တယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















