သွေးချိုရောဂါရှိကြောင်းညွှန်ပြသည့်လက္ခဏာများ
တစ်ခါတရံမှာ အမျိုးအစား (2) သွေးချိုရောဂါဟာ ရောဂါလက္ခဏာတွေကြိုတင်မပြဘဲ ဖြစ်ပေါ်နိုင်ပါတယ်။ အမှန်တကယ်လည်း အမျိုးအစား (2) သွေးချိုရောဂါရှင် သုံးပုံတစ်ပုံဟာ သူတို့မှာ ရောဂါ ရှိနေတာကို မသိကြပါဘူး။ ထို့ကြောင့် သွေးချိုရောဂါဖြစ်နိုင်ခြေရှိနေလျှင် ဆရာဝန်ကိုပြောကြားပြီး တော့ ရောဂါရှိမရှိကို စမ်းသပ်စစ်ဆေးဖို့လိုမလို တိုင်ပင်သင့်ပါတယ်။
သွေးချိုရောဂါရဲ့အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့-
1. မကြာခဏရေငတ်ခြင်း
2. မကြာခဏဗိုက်ဆာတတ်ခြင်း (အထူးသဖြင့် အစာစားပြီးချိန်မှာပါ ဗိုက်ဆာနေတတ်ပါတယ်)
3. အာခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်း
4. မကြာခဏဆီးသွားတတ်ခြင်း (သို့မဟုတ်) ဆီးလမ်းကြောင်းပိုးဝင်ခြင်း
5. အစားတွေစားနေပြီး ဗိုက်ဆာနေပေမယ့် အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်လျော့ကျသွားခြင်း
6. မလုပ်နိုင်မကိုင်နိုင်နုန်းချည့်ခြင်း (အားအင်ကုန်ခန်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း)
7. အမြင်အာရုံဝေဝါးခြင်း
8. ခေါင်းကိုက်တတ်ခြင်း
တကယ်လို့ အထက်ဖော်ပြပါလက္ခဏာများထဲက တစ်ခုခုဖြစ်နေတယ်ဆိုလျှင် ဆရာဝန်နှင့် ပြသပြီး သွေးချိုရောဂါရှိမရှိ စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။ သွေးချိုရောဂါအတွက် မှန်ကန်တဲ့ အစား အသောက်တွေ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်း၊ လိုအပ်လျှင် သွေးချိုရောဂါ အ တွက် ဆေးပုံမှန်သောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အမျိုးအစား (2) သွေးချိုရောဂါကို ကုသထိန်း သိမ်းနိုင်ပြီး ပုံမှန် ကောင်းမွန်တက်ကြွတဲ့လူနေမှုဘဝကို ရရှိနိုင်ပါတယ်။
အမျိုးအစား (2) သွေးချိုရောဂါရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများရဲ့ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာ လျှင်လည်း ဆရာဝန်နဲ့ ချက်ချင်းပြသကုသမှုခံယူဖို့လိုပါတယ်။ လက္ခဏာ တစ်ခုချင်းစီကို အသေးစိတ်ပြောပြဆွေးနွေးဖို့လိုပါတယ်။
အမျိုးအစား (2) သွေးချိုရောဂါရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများဖြစ်နေနိုင်ခြေရှိတဲ့ လက္ခဏာတွေကတော့-
1. အနာအကျက်နှေးတဲ့ ထိခိုက်ဒဏ်ရာများ၊ အနာများ ဖြစ်ခြင်း
2. အရေပြားယားယံခြင်း (အများအားဖြင့် မိန်းမကိုယ်နဲ့ပေါင်ခြံတဝိုက် ယားယံတတ်ပါတယ်)
3. မကြာခဏမှိုရောဂါများဖြစ်ပွားခြင်း
4. ရုတ်တရက် ကိုယ်အလေးချိန်တိုးလာခြင်း
5. Acanthosis Nigricans လို့ခေါ်တဲ့ လည်ပင်း၊ ချိုင်းနဲ့ပေါင်ခြံအရေပြားများမည်းလာခြင်း
6. လက်များ၊ ခြေများ ထုံခြင်း၊ ကျဉ်ခြင်း
7. အမြင်အာရုံလျော့ကျလာခြင်း
8. အမျိုးသားများတွင် လိင်တံမတောင့်တင်းခြင်း၊ မစွမ်းဆောင်နိုင်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။
Dr. Thanda Lin






























