သွေးတိုးရောဂါကြောင့် အသက်မဆုံးရလေအောင်...
ရေရှည် သွေးတိုးလာတဲ့ လူနာတွေမှာ ကျောက်ကပ်၊ နှလုံး၊ လေဖြန်းတာတွေ ကြုံရနိုင်ပြီး အရွယ်မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေ ရှိနေပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာတောင် သွေးတိုးရောဂါ ရှိနေတဲ့သူ ၈၅ မီလီယံ ရှိနေပါတယ်။
သွေးတိုးအကြောင်း ရှင်းသွားအောင် အောက်က အမေးအဖြေလေးတွေ ဖတ်ကြည့်နော်။
♦ သွေး ဘာလို့တိုးတာလဲ?
များသောအားဖြင့် အကြောင်းရင်း မသိရသေးပါဘူး။ သွေးကြောလေးတွေ မာလာလို့ ဖြစ်တတ်သလို နာတာရှည် ကျောက်ကပ်ရောဂါကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။
♦ သွေး တိုး၊ မတိုး တစ်ခါချိန်ရုံနဲ့ သိနိုင်လား?
အနည်းဆုံး နှစ်ကြိမ်ခန့် သက်သောင့်သက်သာ အနေအထားမှာ ချိန်ပြီးမှ သွေး တိုး၊ မတိုး ဆုံးဖြတ်လို့ပါတယ်။
♦ တစ်ခါတလေမှ တိုးတာပဲ ... သွေးကျဆေး လိုလို့လား?
သွေးတိုးရှိပြီလို့ သတ်မှတ်လိုက်ရင် တစ်ခါတလေပဲဖြစ်ဖြစ်၊ နေ့စဉ်တိုးတာပဲဖြစ်ဖြစ် သေချာထိန်းချုပ်ကုသဖို့ လိုအပ်လာပါပြီ။
♦ သွေးတိုးမှန်း သိလာရင် ဘာစလုပ်မလဲ?
ပထမဆုံးအနေနဲ့ ဆေးတစ်မျိုးတည်း သောက်ရုံနဲ့ သွေးတိုးကျဖို့ မဖြစ်နိုင်တာကို နားလည်ထားရပါမယ်။ နေ့စဉ် မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း လုပ်ပါ။
စိတ်တည်ငြိမ်ဖို့ တရားထိုင်ပါ။
အရက်ဖြတ် ဆေးလိပ်ဖြတ်ပါ။
♦ သွေးတိုးတဲ့အခါ အငန်မစားရင် လုံလောက်ပြီလား?
အငန်တစ်မျိုးတည်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ရှောင်ရုံနဲ့ မလုံလောက်ပါဘူး။ အဆီအအိမ့်၊ တညင်းသီး၊ ဝက်သား၊ ဆီပြန်ဟင်းတွေကိုပါ အထူးရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ သွေးကြောတွေကို ကျန်းမာစေတဲ့ အစားအသောက်ကတော့ အသီးအရွက်များများနဲ့ အသား အသင့်အတင့် စားတဲ့ပုံစံ ဖြစ်ပါတယ်။
♦ ဘာဆေးတွေ သောက်ဖို့ လိုမလဲ?
ဆေးကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ တစ်မျိုးတည်းထက် နှစ်မျိုးပေါင်း သောက်ဆေးတွေနဲ့ ထိရောက်စွာ ကုသနိုင်နေပါပြီ။ အနိမ့်ဆုံးပမာဏကနေ ဆေးစပေးပါတယ်။ ဆေးအမျိုးအစားတွေကတော့ အမျိုးမျိုးပါပဲ။ မိမိနဲ့ သင့်တော်ရာကို ရွေးချယ်သောက်သုံးရမှာပါ။
♦ ဘယ်လောက်ဆိုရင် သွေးတိုးတယ်လို့ ပြောလို့ရလဲ?
အပေါ်သွေး ၁၃၀ နှင့်အထက်၊ အောက်သွေး ၈၀ နှင့်အထက်ပါ။
♦ သွေးတိုးကို မကုဘဲထားရင် ဘာတွေဖြစ်လာမလဲ?
နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ၊ မျက်စိမှုန်တာနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
♦ ဆေးသောက်ပြီး သွေး ကျ၊ မကျ ဘယ်လိုသိမလဲ?
သွေးကျဆေး အာနိသင်ရဖို့ အနည်းဆုံး နှစ်ပတ်ခန့် စောင့်ရပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး နှစ်ပတ်တစ်ခါ သွေးပြန်ချိန်ကြည့်လို့ ရပါတယ်။
♦ စိတ်တိုတဲ့အခါ၊ ဒေါသထွက်တဲ့အခါ ခေါင်းတွေ မူးလာတာ သွေးတိုးလို့လား?
ယတိပြတ် ပြောလို့မရပါဘူး။ ရမ်းပြီး ဆေးသောက်မယ့်အစား နေ့စဉ် ပုံမှန်သောက်ပါ။ တစ်ခုခု ခေါင်းကိုက်တာ၊ မူးတာရှိခဲ့ရင် သွေးတိုးနေတတ်တာ ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ပြသ သွေးချိန်ပြီး သူတို့ ညွှန်ကြားသလို သွေးကျဆေး သောက်ရပါမယ်။
♦ သွေးပေါင် နှစ်ရာကျော်တယ် ... လူက ဘာမှမဖြစ်ဘူး ...?
ဖြစ်နိုင်ပါတယ်။ ဘာလက္ခဏာမှမပြဘဲ သွေးပေါင် အများကြီး တိုးနေသူတွေ ရှိပါတယ်။ ဓားသွားပေါ်မှာ လမ်းလျှောက်နေသလိုပါပဲ။ ဖြစ်မှကုသမယ် ဆိုရင်တော့ နောက်ကျသွားပြီ။ ဘာမှမခံစားရလည်း လူက နေကောင်းနေလည်း သွေးတိုးနေရင် ကုသပါ။
♦ ဘယ်လိုလူတွေ သွေးတိုး ပိုဖြစ်တတ်သလဲ?
○ အသက် ၄၀ ကနေ ၆၀ ကျော်
○ အဝလွန်သူတွေ
○ အရက်သောက်သူတွေ
○ ဆီးချိုရောဂါသည်တွေ
○ ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ
○ အသီးအနှံစား နည်းသူတွေ
○ အချိုနဲ့ အငန်နဲ့ အဆီအအိမ့်ကြိုက်သူတွေ
○ မိသားစုထဲမှာ သွေးတိုးရှိသူတွေ
♦ သွေးတိုးရင် ဘယ်လိုခံစားရလဲ?
ဘာမှမခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးတိုးကို တိတ်တဆိတ် လူသတ်သမားလို့ ခေါ်ကြတာပါ။
♦ ခေါင်းကိုက်တာရယ်၊ နှာခေါင်း သွေးယိုတာရယ်ဖြစ်ရင် ...?
အလွန်အကျွံ သွေးတိုးနေတာ ဖြစ်နိုင်ပါတယ်။
ချက်ချင်းပြသ ကုသမှုခံယူပါ။
♦ တခြားရောဂါတွေကြောင့် သွေးတိုး ဖြစ်လာတယ်ဆိုတာ ...?
○ ဆီးချိုရောဂါ
○ ကျောက်ကပ်ရောဂါ
○ ကျောက်ကပ်အကျိတ်ရောဂါ
○ ဟော်မုန်းအကျိတ်ရောဂါ
○ လည်ပင်းကြီးရောဂါ
○ အိပ်ပျော်နေစဉ် အသက်ရှူ ရပ်တန့်ရောဂါ
○ အဝလွန်ရောဂါ
○ နာတာရှည် ကျောက်ကပ်ရောင်ရောဂါတွေကြောင့် သွေးတိုး ဖြစ်လာနိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















