သွေးပေါင်ကျခြင်းအကြောင်း ဘာတွေသိထားသင့်သလဲ
ကျွန်မတို့တွေဟာ သွေးတိုးရောဂါဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ သွေးပေါင်ကျခြင်းကြောင့်လည်း ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသေးတယ်။ တော်သင့်ရုံ သွေးပေါင်ကျခြင်းကြောင့် ဆိုးရွားသောပြဿနာများ မဖြစ်ပေါ်နိုင်ပေမယ့်လည်း သွေးပေါင် အလွန်ကျပါက မူးဝေခြင်း၊ သတိလစ်ခြင်း စသည်တို့ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
>> သွေးပေါင်ကျခြင်း၏လက္ခဏာများ
● မူးဝေခြင်း
● ဖျော့တော့ခြင်း
● သတိလစ်ခြင်း
● ရေဓာတ်နည်းပါးခြင်း
● အာရုံစိုက်မရခြင်း
● မျက်စိဝေခြင်း
● ပျို့အန်ခြင်း
● အသားအရေ ဖြူဖပ်ဖြူလျှော်ဖြစ်ပြီး ခြေဖျားလက်ဖျား အေးခြင်း
● အသက်ရှူမြန်ခြင်း
● နုံးခြင်းနှင့် စိတ်ကျခြင်းတို့ ဖြစ်ပါတယ်။
သွေးပေါင်ကျခြင်းဟာ နှလုံးရောဂါ၊ ဟိုမုန်းရောဂါနှင့် အာရုံကြောရောဂါများရဲ့ အချက်ပြခြင်းလည်း ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။ သွေးပေါင်ကျခြင်းကို မကုသပါက ဦးနှောက်နှင့် အခြားသော ကိုယ်အစိတ်အပိုင်းများဟာ အောက်ဆီဂျင် အပြည့်အဝရရှိခြင်း မရှိနိုင်တော့လို့ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်လာနိုင်ပါတယ်။
အလွန်အမင်းဆိုးဝါးပါက ရှော့ခ်ရသည်အထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။
>> သွေးပေါင်ကျစေသော အကြောင်းရင်းများ
(၁) နာတာရှည် အိပ်ရာထဲလဲခြင်း
(လှုပ်ရှားမှု နည်းပါးသောကြောင့် သွေးလှည့်ပတ်မှု မကောင်းရာမှ သွေးပေါင် ကျစေပါတယ်)
(၂) နှလုံးရောဂါ
(၃) သိုင်းရွိုက်ဟိုမုန်းနည်းခြင်း
(၄) ကိုယ်ဝန်ဆောင်ကာလဖြစ်ခြင်း
(၅) ဒဏ်ရာရခြင်း၊ ရေဓာတ်နည်းခြင်း၊ ကိုယ်တွင်းသွေးယိုစိမ့်ခြင်းကြောင့် သွေးပမာဏနည်းပါးခြင်း
(၆) သွေးပေါင်ကျဆေး၊ နှလုံးဆေးများ၊ ပါကင်ဆန်ရောဂါအတွက်ဆေးများ၊ စိတ်ကျန်းမာရေးဆေးများနှင့် အမျိုးသား ကာမဆေးများ မှီဝဲခြင်း
(၇) ဗီတာမင် ဘီ၁၂ နှင့် ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း
(၈) ပြင်းထန်သော ပိုးဝင်ခြင်း
(၉) ရုတ်တရက် မတ်တပ်ရပ်သောအခါ သွေးပေါင်ကျခြင်း
(၁၀) အကြာကြီး မတ်တပ်ရပ်သောအခါ သွေးပေါင်ကျခြင်း
သင်ဟာ မကြာခဏ သွေးပေါင်ကျတတ်သူတစ်ဦးဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ထို့ပြင် အိပ်ရေးဝအောင်အိပ်ခြင်း၊ အာဟာရပြည့်ဝအောင် စားခြင်းနှင့် ဗီတာမင်အားဆေးများ မှီဝဲခြင်းတို့ကို ပြုလုပ်ပေးပါ။ ရုတ်တရပ် မတ်တပ်ရပ်သောအခါ သွေးကျတတ်သူများ အနေနဲ့ကတော့ အထိုင်အထကို ဖြည်းညင်းစွာ ပြုလုပ်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















