သွေးပေါင်တက်နေချိန်မှာ ရှောင်ရန်များ
အမေရိကန်လေ့လာမှုတစ်ခုအရ အမေရိကန်လူမျိုး ၃၀% လောက်ဟာ သွေးတိုးရောဂါရှိနေတယ်လို့ သိရပါတယ်။ သွေးတိုးရောဂါဟာ ဘာလက္ခဏာ၊ ဘာအသိပေးသံမှမရှိဘဲ လာတတ်ပါတယ်။ ဒါကြောင့် သွေးပေါင်ပုံမှန်ပမာဏအတွင်း ရှိ၊ မရှိကို စမ်းသပ်နေဖို့ လိုပါတယ်။ ဒါကြောင့်လည်း သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ ခေါ်ဆိုကြတာပေါ့။ သွေးတိုးနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့ နည်းလမ်းလေးတွေကို ပြောပြပါ့မယ်နော်။
သွေးတိုးစေတတ်တဲ့ အကြောင်းရင်းတွေအနေနဲ့ ကလေးတွေအပါအဝင် လူတိုင်း သွေးတိုးနိုင်ပါတယ်။ မျိုးရိုးဗီဇ၊ လူနေမှုပုံစံတွေပေါ်မူတည်ပြီး တချို့တွေကတော့ သာမန်ထက် ပိုဆိုးတာမျိုး ရှိတာပေါ့။ အောက်မှာပြောမယ့်အချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် သွေးပေါင်ကို သေချာတိုင်းတာပြီး ထိန်းဖို့ လိုပါတယ်။
● အသက် : လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ သွေးပေါင်တက်လာလေ့ ရှိပါတယ်။ အသက် ၆၀ ကျော်တဲ့ လူတစ်ဝက်လောက်မှာ သွေးတိုးနေလေ့ရှိတယ်လို့ သိရပါတယ်။
● လူမျိုး : အာဖရိကန်-အမေရိကန်မျိုးနွယ်စုတွေဟာ လူဖြူတွေ၊ စပိန်မျိုးနွယ်တွေထက်စာရင် ပိုပြီးသွေးတိုးလေ့ရှိတယ်လို့ သိရပါတယ်။
● လိင် : အသက် ၄၅ နှစ်အထိကို အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် သွေးပိုတိုးလေ့ရှိပေမယ့် အသက် ၆၅ နှစ်နောက်ပိုင်းမှာတော့ အမျိုးသမီးတွေက ပိုတိုးလေ့ရှိပါတယ်။
● မိသားစုရာဇဝင် : မိသားစုထဲ သွေးတိုးရောဂါရှိနေရင် ကိုယ်ကိုယ်တိုင်မှာလည်း သွေးတိုးနိုင်ခြေ ပိုများပါတယ်။
● လူနေမှုပုံစံ : အစားအသောက်၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု စတဲ့အကြောင်းရင်းတွေက သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။ အရက်တွေအများကြီးသောက်တာ၊ ဆိုဒီယမ်ဆားတွေ အများကြီးစားတာ၊ ပိုတက်ဆီယမ်နည်းတာတွေကလည်း သွေးတိုးစေတဲ့ အကြောင်းရင်းထဲ ပါပါတယ်။ လေ့ကျင့်ခန်း မှန်မှန်မလုပ်ဘူး၊ စိတ်ဖိစီးမှုတွေ များတယ်ဆိုရင် သွေးတိုးနိုင်ခြေ ပိုများပါတယ်။
● ကိုယ်အလေးချိန် : အဝလွန်ခြင်းကလည်း သွေးပေါင်ကို တက်စေနိုင်ပါတယ်။
>> သွေးတိုးနိုင်ခြေများသူတွေမှာ ရှောင်ရမယ့်အရာတွေကတော့ -
ဆေးမပါဘဲနဲ့ သွေးတိုးကို ထိန်းနိုင်ပါတယ်။ မျိုးရိုးဗီဇတို့၊ အသက်တို့၊ မျိုးန်ွယ်စုတို့၊ လိင်တို့ကိုတော့ မပြောင်းလဲနိုင်ပေမယ့် လူနေမှုပုံစံတွေကို ပြောင်းလဲပစ်တာက သွေးတိုးခြင်းကို ကာကွယ်တားဆီးဖို့အတွက် အရေးပါပါတယ်။ ဥပမာအားဖြင့် -
● သရေစာတွေ၊ အပြင်စာတွေ မစားပါနဲ့။ ဆိုဒီယမ်ဆား အစားလျှော့တာအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ပုံကို လေ့ကျင့်ဖို့ လိုပါတယ်။ အသီးအရွက်တွေ၊ ဆန်လုံးညို၊ ပေါင်မုန့်ညိုတွေ၊ အဆီနည်းတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အဆီမပါတဲ့အသားတွေ၊ အိုမီဂါ ၃ ပါတဲ့ အသားတွေ စသဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးဖို့ လိုပါတယ်။ ပြည့်ဝဆီတွေ၊ သကြားတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးစေလိုပါတယ်။ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးဖို့အတွက် ပိုတက်ဆီယမ်ဓာတ်ကိုလည်း လုံလောက်အောင် စားပေးဖို့ လိုပါတယ်။
● လေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းက သွေးပေါင်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးက ကိုယ်နဲ့ သင့်တော်တယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
● ကိုယ်အလေးချိန်ကို ထိန်းမရအောင် မတက်ပါစေနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားမယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်မှာပါ။ အဝလွန်ပြီးသားသူတွေမှာ ကိုယ်အလေးချိန်ကို နည်းမှန်လမ်းမှန် ဘယ်လိုချရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
● ဆေးလိပ်ဖြတ်ပါ။ အရက်ကို အများကြီးမသောက်ပါနဲ့။ ဆေးလိပ်နဲ့အရက်တွေက သွေးပေါင်တက်နိုင်ခြေကို များစေနိုင်တာကြောင့် ဆေးလိပ်ကိုဖြတ်ပြီး အရက်ကို လျော့လျော့ပေါ့ပေါ့ သောက်ပေးပါ။ အရက်ကို အသက် ၆၅ နှစ်အထက် အမျိုးသားတွေအတွက် တစ်နေ့ကို ၂ ခွက်၊ အသက် ၆၅ နှစ်အောက် အမျိုးသားတွေနဲ့ အမျိုးသမီးတွေအားလုံးအတွက် တစ်နေ့ကို ၁ ခွက်လောက်သာ သောက်သင့်ပါတယ်။
● ဆီးချိုဖြစ်စေတဲ့ အကြောင်းရင်းတွေကိုလည်း ရှောင်ပါ။ ဆီးချိုရှိတယ်ဆိုရင် ဆီးချိုကို သေချာထိန်းပါ။ ဒီနာတာရှည်အခြေအနေဟာ သွေးပေါင်တက်နိုင်ခြေကို များစေနိုင်ပါတယ်။
● သွေးပေါင်ကို မှန်မှန်တိုင်းတာပါ။ အပေါ်သွေး၊ အောက်သွေးဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာကို သေချာနားလည်အောင် လုပ်ထားပါ။ ဒါမှလည်း သွေးတိုးကို သေချာထိန်းချုပ်နိုင်မှာပေါ့။
>> သွေးတိုးရဲ့ နောက်ဆက်တွဲတွေက -
သွေး အတန်ကြာ တိုးနေတယ်ဆိုရင်
● သွေးကြောကျယ်ခြင်း
● ကျောက်ကပ်ရောဂါများ
● အမြင်အာရုံ ထိခိုက်ခြင်း အစရှိတဲ့ မျက်စိရောဂါများ
● နှလုံးသွေးကြောကျဉ်းခြင်း
● နှလုံးညှစ်အားနည်းခြင်း
● လေဖြတ်ခြင်း
● မှတ်ဉာဏ်ဆုံးရှုံးခြင်း
● ခြေထောက်တွေ၊ တင်ပါးတွေ နာကျင်၊ ထုံကျဉ်ခြင်း စတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာတတ်ပါတယ်။
ဒါကြောင့် သွေးတိုးရောဂါ ဖြစ်နိုင်ခြေများသူတွေမှာ ဆရာဝန်နဲ့ ပြသပြီးတော့ လိုအပ်တဲ့ ကုသမှုတွေခံယူဖို့ လိုပါတယ်။ သွေးတိုးလုဆဲဆဲအခြေအနေ ဒါမှမဟုတ် သွေးတိုးရောဂါကို လူနေမှုပုံစံ ပြောင်းလဲလိုက်ရုံနဲ့တင် ကာကွယ်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























