/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးပြန်ကြောများက-ဖော်ပြတဲ့-အန္တရာယ်ရှိတဲ့လက္ခဏာများအကြောင်း

သွေးပြန်ကြောများက ဖော်ပြတဲ့ အန္တရာယ်ရှိတဲ့လက္ခဏာများအကြောင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးပြန်ကြောတွေဆိုတာကတော့ ခန္ဓာကိုယ်မှာ စီးဆင်းနေတဲ့ သွေးတွေကို နှလုံးဆီသို့ ပို့ဆောင်ပေးနေတဲ့သွေးကြောတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ လုပ်ငန်းစဉ်တွေဟာ ကိုယ်တိုင်သတိမထားမိဘဲ ဖြစ်ပျက်နေတာဖြစ်ပြီး သွေးပြန်ကြောတွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
လူတစ်ယောက်ရဲ့အရေပြားအောက်မှာ သွေးကြောတွေဟာ ကွန်ရက်တွေအဖြစ်နဲ့ တည်ရှိနေကြပါတယ်။ ပြန်ကြောတွေဟာ ရှုပ်ထွေးပြီး ထိခိုက်လွယ်ပါတယ်။ ဒီလိုပါးလွှာပြီးတော့ ပြွန်ပုံသဏ္ဌာန်ရှိတဲ့သွေးကြောတွေဟာ သွေးလည်ပတ်မှုအဖွဲ့အစည်းရဲ့ အဓိကအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ သွေးပြန်ကြောတွေနဲ့ ပတ်သက်ပြီး လက္ခဏာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်မလား၊ မထိခိုက်စေနိုင်သလားဆိုတာကို ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။
သွေးပြန်ကြောတွေဟာ နှလုံးရဲ့အောက်ပိုင်းရောက်လေ ပိုကျယ်လာလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောတွေက ပိုပြီးထင်သာမြင်သာရှိတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ၊ မိသားစုထဲမှာ သွေးကြောထုံးရောဂါဖြစ်ဖူးသူတွေမှာ သွေးကြောထုံးရောဂါဖြစ်နိုင်ချေ ပုံမှန်လူထက် ပိုများနေတတ်ပါတယ်။ သွေးပြန်ကြောတွေကြောင့် ခန္ဓာကိုယ်ကိုထိခိုက်စေတယ့် အခြေအနေတွေကတော့ ရှားပါတယ်။ ဒါပေမဲ့ Deep Vein Thrombosis(DVT) လို့ခေါ်တဲ့ သွေးကြောပိတ်တဲ့အခြေအနေဖြစ်ခဲ့ရင် သွေးကြောပိတ်တဲ့နေရာတစ်ဝိုက်မှာ နီရဲရောင်ရမ်းပြီး နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ခြေထောက်တစ်ဖက်တည်း ရောင်ရမ်းနေပြီး နာကျင်တာကို ခံစားနေရတယ်ဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားရောက်ပြသသင့်ပါတယ်။
ဒါ့အပြင် အဝလွန်သူတွေ၊ သွေးတိုးရောဂါရှိသူတွေ၊ အချိန်အကြာကြီး ထိုင်ရသော၊ မတ်တတ်ရပ်ရသော အလုပ်လုပ်ရသူတွေ၊ ဆေးလိပ်သောက်သူတွေ စတဲ့သူတွေမှာ သွေးပြန်ကြောနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လေ့ရှိပါတယ်။ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး လေ့ကျင့်ခန်းလုပ်တာ၊ ခြေအိတ်စွပ်တာ၊ ဆေးထိုးတာ၊ ခွဲစိတ်တာ စတဲ့ ကုသမှုတွေ အမျိုးမျိုး ပြုလုပ်နိုင်ပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)