အဆုတ်နဲ့ ရင်ခေါင်းကြား လေစိမ့်ဝင်ခြင်း (pneumothorax) ဆိုတာ ဘာလဲ
အဆုတ်ထဲ လေဝင်တယ်လို့ အလွယ်တကူ ပြောလေ့ရှှိကြပါတယ်။ အဆုတ်ထဲက လေမရှိလို့ ဘာရှိမလဲလို့ ထင်ကြတယ်ဟုတ်။
တကယ်ကတော့ အဆုတ်ပတ်လည်ရှိနေရာလပ်တွင် လေများဝင်ရောက်ခြင်းဖြစ်ပြီး ဘေးကဖိထားတဲ့ လေကြောင့် အဆုတ်ထဲ လေမဝင်နိုင်ဖြစ်ကာ အသက်ရှူမဝခြင်း၊ အမောဖောက်ခြင်း ရောဂါလက္ခဏာများကို ခံစားရပါတယ်။ ဝင်ရောက်သော လေပမာဏ အနည်းအများပေါ် မူတည်ပြီး ရောဂါပြင်းထန်မှု ကွာခြားနိုင်ပါတယ်။
>> ဘာကြောင့်ဖြစ်ပေါ်သလဲ?
၁။ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်သော လေဝင်ခြင်း
ရင်ဘတ်တွင် ဒဏ်ရာရခြင်း၊ နံရိုးကျိုးခြင်း၊ ရင်ဘတ်ကို ဘောလုံးမှန်ခြင်း၊ ဓားဒဏ်ရာရခြင်း၊ အဆုတ်တွင်းမှ အသားစယူခြင်း စသော အခြေအနေများကြောင့်လည်း လေဝင်ခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
၂။ ထိခိုက်ဒဏ်ရာကြောင့်မဟုတ်ဘဲ သူ့အလိုလို လေဝင်ရောက်ခြင်းလည်း ရှိတတ်ပြီး ပိန်ပိန်ရှည်ရှည် လူငယ်များတွင် အဖြစ်များတတ်ပါတယ်။
>> ရောဂါလက္ခဏာများ
● ရုတ်တရက် ရင်ဘတ်အောင့်ခြင်း (ငြိမ်သက်စဉ်တွင် အောင့်ခြင်း)
● အသက်ရှူမဝခြင်း၊ မောခြင်း
● ချွေးစေးများပြန်ခြင်း
● ရင်ကျပ်ခြင်း
● နှုတ်ခမ်းနဲ့ အသားများပြာခြင်း
● နှလုံးခုန်မြန်ခြင်း
>> ဘယ်လိုလူတွေမှာ ဖြစ်နိုင်ချေများလဲ?
● ဘောလုံးကစားသူများ
● စတန့်သမားများ
● မကြာမီက အမြင့်မှပြုတ်ကျထားသူ၊ကားတိုက်မှုဖြစ်ထားသူများ
● ရင်ခေါင်းတွင်းသို့ ထိုးဖောက်လုပ်ဆောင်ရသော စမ်းသပ်စစ်ဆေးမှု လုပ်ထားသူများ
ထို့ပြင် အသက် ၁ဝ နှစ်မှ ၃ဝ အတွင်း ပိန်ပါးသောအမျိုးသားများတွင် အလိုအလျောက် လေဝင်ခြင်းဖြစ်နိုင်ချေ များပါတယ်။ ဆေးလိပ်သောက်သူများတွင်လည်း အဖြစ်များပါတယ်။
>> ဘယ်လိုစမ်းသပ်သိရှိနိုင်မလဲ?
● အဆုတ်ဓာတ်မှန်ရိုက်ခြင်း
● အဆုတ် စီတီစကင်ရိုက်ခြင်း
● ရင်ခေါင်း အာထရာဆောင်းရို်က်ခြင်း
>> ကုသနည်းများ
ရောဂါပြင်းထန်မှုအနည်းအများပေါ် မူတည်ပြီး ကုသနည်းများလည်း ကွဲပြားနိုင်ပါတယ်။
၁။ အလိုအလျောက် လေဝင်ခြင်းဖြစ်စဉ်များတွင် လူနာအနေဖြင့် အသက်ရှူမဝခြင်းနဲ့ အခြားလက္ခဏာများ မရှိပါက စောင့်ကြည့်ခြင်း သက်သက်သာ ပြုလုပ်ပါတယ်။
၂။ အဆုတ်နဲ့ ရင်ခေါင်းကြားရှိလေများကို အပ်ဖြင့် စုပ်ထုတ်ခြင်း
၃။ မကြာခဏ ဖြစ်လေ့ရှိသူများတွင် အဆုတ်အမှေးပါးအတွင်းဆေးသွင်းကုသခြင်း
၄။ ဝင်ရောက်သည့် လေပမာဏများပြားပါက ခွဲစိတ်ကုသခြင်းကို အသုံးပြုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























